သွေးလေးဘက်နာရောဂါကို သေသေချာချာ မကုသလျှင် ပြင်းထန်တဲ့ နောက်ဆက်တွဲတွေ ခံစားရနိုင်ပြီး၊ ကာကွယ်နိုင်တာတချို့တော့ ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
ဒီရောဂါကို စောစောမကုလျှင် အရိုးအဆစ်ရောင်ပြီး လမ်းမလျှောက်နိုင်တာအပြင်၊ ခန္ဓာကိုယ်အတွင်းအင်္ဂါတွေပါ ရောင်ရမ်းပြီး ဥပမာ အဆုပ်ခဲသွားတာ၊ နှလုံးနဲ့သွေးကြောထိခိုက်ပြီး လေဖြတ်၊ သေဆုံးရတာ၊ သွေးကြောငယ်တွေရောင်ပြီး လက်ထိပ်ခြေထိပ်ပုပ်တာ စတာတွေအထိ ပြင်းပြင်းထန်ထန် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ခြေလက်တွေ ကောက်ကွေးသွားတာကြောင့် စာမရေးနိုင်တော့တာ၊ ကိုယ်တိုင် ထမင်းယူမစားနိုင်တော့တာ၊ ထိုင်လို့ ထလို့ မရတော့တာ၊ အလုပ်မလုပ်နိုင်၊ ဝင်ငွေလည်းမရှိ၊ ဘဝနေမပျော်တော့ဘဲ၊ နောက်ဆုံး အိပ်ယာပေါ် အကြာကြီးလှဲနေရာက အနာတွေပေါက် ပိုးတွေပျံ့ကာ အသက်ဆုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။
အထက်ပါ တိုက်ရိုက်နောက်ဆက်တွဲတွေအပြင်၊ သွယ်ဝိုက်ဖြစ်နိုင်တဲ့ နောက်ဆက်တွဲတွေလည်း ရှိပါတယ်။ ဒါတွေကတော့ ဒီရောဂါကုသဆေးဖြစ်တဲ့ Steroid တွေကို စနစ်တကျမသောက်လျှင် ဆီးချို၊ သွေးတိုးဖြစ်လာပြီး နောက်ဆက်တွဲတွေ ထပ်ဝင်လာတာ၊ အရိုးပါး၊ အရိုးပွလာပြီး အရိုးတွေ ကျိုးကုန်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် ခုခံဓာတ် လွဲမှားနေတာကြောင့် အပြင်က ရောဂါပိုးတွေ အလွယ်တကူဝင်ပြီး၊ ဥပမာ တီဘီရာဂါပိုး၊ အဆုပ်ရောင်ရောဂါပိုးတွေ ဝင်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ကာကွယ်နိုင်တဲ့ အပြင်ရောဂါပိုးတွေ မဝင်နိုင်အောင်၊ ကာကွယ်ဆေးတွေဖြစ်တဲ့ အဆုပ်ရောင်ကာကွယ်ဆေး၊ တုပ်ကွေးကာကွယ်ဆေး၊ B ပိုး ကာကွယ်ဆေး စတာတွေကို တစ်နှစ်တစ်ကြိမ် ကြိုထိုးထားသင့်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ခုခံဓာတ် ထိန်းပေးတဲ့ အရိုး၊အကြော၊ အဆစ်ဆေးတွေက မူးစေတယ်၊ဗိုက်နာစေတယ်လို့ လူနာတွေကအကြောင်းပြပြီး၊ မသောက်ဘဲထားကာ၊ နာတာရောင်တာ သက်သာစေဖို့ အကိုက်အခဲနဲ့ အရောင်ပျောက်ဆေး (ဥပမာ၊ Prednisolone၊ Diclofenac) တွေသာ သောက်နေတာကြောင့်၊ နောက်ဆက်တွဲ ထိခိုက်နိုင်တာတွေလည်း ရှိပါတယ်။
သွေးလေးဘက်နာရောဂါက ပိုးကြောင့်မဟုတ်ဘဲ၊ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ကြောင့် ဖြစ်ရတာမို့ အစထဲက မဖြစ်အောင် ကာကွယ်ဖို့ အနည်းငယ် ခက်ပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ချေများတဲ့ မျိုးရိုးရှိသူတွေမှာ ဆေးကြိုစစ်ပြီး၊ ဖြစ်မဖြစ် ကြိုသိနိုင်ကာ၊ ရောဂါရှိကြောင်း သွေးထဲတွေ့လျှင်လည်း ပတ်ဝန်းကျင်ဒဏ် မခံရအောင်၊ ဥပမာအားဖြင့် အရက်၊ ဆေးလိပ်မသောက်တာ၊ နေပူထဲမသွားတာ၊ ထိခိုက်နိုင်တဲ့ အစားအသောက်တွေရှောင်တာ စတာတွေနဲ့ ကြိုတင်ကာကွယ်နိုင်ပါတယ်။ များသောအားဖြင့် ဒီရောဂါက စဖြစ်လာမှာကို ကာကွယ်ရခက်ပေမယ့်၊ ဖြစ်လာပြီးလျှင် အရမ်းဆိုးတဲ့ အဆစ်တွေ ကောက်ကွေးသွားတဲ့အဆင့် မရောက်ခင်၊ ကုလို့မရတဲ့အဆင့် မရောက်ခင်၊ အချိန်မီ စောစောကုသခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အခုလို အချိန်မီ စောစောကုသနိုင်ဖို့ ရောဂါဖြစ်လာပြီး တစ်လအတွင်း ကုသနိုင်လျှင် အကောင်းဆုံး ပျောက်အောင်ကုသနိုင်ပါတယ်။ တကယ်လို့ (၆) လကျော်မှ ကုသလျှင်တော့ နောက်ကျသွားပြီး၊ ရောဂါမပျောက်တော့ဘဲ၊ တသက်လုံးကုသမူခံယူဖို့ လိုသွားနိုင်ပါတယ်။ အချိန်မီ စောစော ကုသနိုင်ဖို့ အရိုးအဆစ်တွေမှာ နာတာ၊ ရောင်တာ၊ ဖောင်းတာ၊ ဖိလျှင်နာတာ၊ ဒီ နာကျင်ရောင်ရမ်းတာက တစ်လကျော်လာတွေ ဖြစ်လာလျှင်တော့၊ ကိုယ့်ဟာကိုယ် (သို့) ကိုယ်ပိုင်ဆရာဝန်နဲ့သာ အချိန်ကုန်ခံ ဆက်မကုသေတော့ဘဲ၊ အရိုး၊အကြော၊အဆစ် အထူးကု ဆရာဝန်တွေနဲ့ ချက်ချင်းပြဖို့ အရေးကြီးပါတယ်။
ဒီရောဂါအတွက် နောက်ဆုံးပေါ် ဇီဝကုသဆေးတွေ မြန်မာနိုင်ငံကိုလည်း တင်ပို့တာရှိလာပြီး၊ သိန်းနဲ့ချီ ဈေးကြီးလွန်းတာကြောင့် ငွေကြေးချို့တဲ့တယ်လို့ ဆရာဝန်ဖက်က ယူဆထားသူတွေကို ရှင်းပြလေ့မရှိပေမယ့် လူနာတွေဘက်က တတ်နိုင်လျှင်တော့ ဆရာဝန်တွေကို ရှင်းပြပေးဖို့ တောင်းဆိုနိုင်ပါတယ်။ ဒါ့အပြင် သွေးလေးဘက်နာမဟုတ်တဲ့ ပိုးလေးဖက်နာကို Penicillin ဆေးနဲ့ လွယ်လွယ်ကုသနိုင်လျှက်နဲ့၊ ပြင်းထန်ပြီး နောက်ဆက်တွဲဆိုးကျိုးရှိတဲ့ သွေးလေးဘက်နာဆေးတွေနဲ့ မှားယွင်းစွာ ရောကုတာမျိုးလည်း မဖြစ်အောင် ကာကွယ်သင့်ပါတယ်။
ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အရိုး၊အကြော၊အဆစ် အထူးကု နဲ့ ဆေးတက္ကသိုလ် (၁) အရိုး၊အကြော၊အဆစ် ဆေးပညာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာချစ်စိုးကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။