သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြွက်နို့ အရေပြားရောဂါ


ကြွက်နို့ အရေးပြားရောဂါ
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ အရေးပြားပေါ်မှာ ဖြစ်လေ့ရှိတဲ့ ကြွက်နို့ရောဂါ အဖြစ်များနေတာမို့ စနစ်တကျ ဆေးရုံ ဆေးခန်းတွေမှာ အမြှစ်ပြတ်အောင် ကုသသင့်တယ်လို့ အရေပြားကျန်းမာရေး ပညာရှင်တွေက အကြံပြုတိုက်တွန်းပြောဆိုပါတယ်။

Human Papillomavirus (HPV) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ကြွက်နို့ရောဂါက အရေပြားနေရာအားလုံးမှာဖြစ်နိုင်ပေမယ့် လက်နဲ့ခြေထောက်မှာ အများဆုံးဖြစ်ပြီး၊ ခေါင်း၊ ပါးစပ်၊ နှာခေါင်းကြားနဲ့ လိင်အင်္ဂါတဝိုက် စအိုတဝိုက်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ကြွက်နို့လက္ခဏာတွေကတော့ အရေပြားပေါ်မှာ ကြမ်းကြမ်းမာမာအဖုလေး ဖြစ်လာပြီး၊ ပင်အပ်ခေါင်း အရွယ်ကနေ တစ်စင်တီမီတာခန့် အထိ ရှိနိုင်ပါတယ်။ လက်မှာဖြစ်လျှင် လက်ဖမိုး၊ လက်ချောင်းနဲ့ လက်သည်းဝန်းကျင်တွေမှာ ဖြစ်တတ်ပါတယ်။ ခြေထောက်မှာတော့ ခြေဖုဝါးမှာဖြစ်လျှင် အသားမာတက်တာနဲ့ မှားတတ်ပေမဲ့ ကြွက်နို့ဖြစ်ပါက လမ်းလျှောက်လို့ ခြေထောက်ဖိလိုက်ရင် နာတတ်ပါတယ်။ ကလေးတွေမှာ မျက်နှာမှာလည်း ပင်အပ်ခေါင်းအရွယ်လေးတွေ ထွက်တတ်ပြီး မပြင်းထန်တဲ့ ကြွက်နို့အပါးစားသာဖြစ်တတ်ပါတယ်။ လိင်အင်္ဂါနဲ့ စအိုတဝိုက်ဖြစ်လျှင်တော့ အဖုသေးသေးလေးတွေ အခြားနေရာတွေထက် အများကြီး ပွားထွက်လာတတ်ပါတယ်။

ကြွက်နို့က လူတိုင်းဖြစ်နိုင်ပေမဲ့ ဒီဗိုင်းရပ်စ်ပိုးက အလွယ်တကူတော့လည်း မကူးစက်ပါဘူး။ ကူးနိုင်တဲ့နည်းတွေကတော့ ကြွက်နို့ရှိထားသူနဲ့ တိုက်ရိုက် အသားချင်း ထိတွေ့မိတာ၊ ကြွက်နို့ရှိထားသူ ထိမိကိုင်မိတဲ့ပစ္စည်းတွေကို တဆင့်ကိုင်တွယ်ထိတွေ့မိတာ (ဥပမာ - လက်ကိုင်ပုဝါ၊ အားကစား အသုံးအဆောင်၊ ရေကူးကန်တစ်ခုထဲသုံးတာ စသည်ဖြင့်)၊ အရေပြားပွန်းပဲတဲ့နေရာကနေ တစ်ဆင့် ပိုးဝင်ကူးစက်တာအပြင်၊ လိင်အင်္ဂါကြွက်နို့အမျိုးအစားကတော့ ကြွက်နို့ရှိထားသူနဲ့ လိင်ဆက်ဆံမှုကြောင့် ကူးစက်တာပါ။ အမျိုးသမီးတွေမှာ ကူးစက်ခံရလျှင် ကြွက်နို့ပိုး မွေးလမ်းကြောင်းနဲ့ လိင်အင်္ဂါထဲရောက်ပြီး တချိန်မှာ နောက်ဆက်တွဲ သားအိမ်ခေါင်းကင်ဆာဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင် မွေးလမ်းကြောင်းမှာ ကြွက်နို့ရှိလာလျှင်လည်း ကလေးကို ဆက်ကူးသွားနိုင်ပါတယ်။

တားမြစ်ကာကွယ်ဖို့ကတော့ ဒီကြွက်နို့ ဗိုင်းရပ်စ်ပိုးလေးတွေက သေးလွန်းပြီး မမြင်နိုင်တာကြောင့် ကာကွယ်ရခက်ပါတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးလုပ်နိုင်တာက အများသုံးနေရာ (ဥပမာ - အားကစားရုံ၊ ရေကူးကန်၊ Gym ဆော့တဲ့နေရာတွေမှာ စသည်ဖြင့်) တကိုယ်ရေသန့်ရှင်းရေး အထူးဂရုစိုက်တာ၊ ကြွက်နို့ရှိထားသူကို သိထား၊ မြင်ထားလျှင် တိုက်ရိုက် အရေပြားချင်း မထိတွေ့အောင်နဲ့ တဆင့်သုံးပစ္စည်းတွေကနေလည်း မကူးမိအောင် ဂရုစိုက်တာ၊ လိင်အင်္ဂါကြွက်နို့မကူးစက်အောင်လည်း အပြင်မှာ လိင်မဆက်ဆံဘဲ ရှောင်ကျဉ်တာတွေ လုပ်ပေးနိုင်ပါတယ်။

ကုသမှုအပိုင်းမှာတော့ တချို့တွေက ဆေးမကုဘဲ ဒီအတိုင်းထားတာကနေ လအတော်ကြာမှာ သူ့အလိုလို ပြန်ပျောက်သွားတတ်တာလဲရှိပါတယ်။ ကိုယ်ခံအားခုခံမှု စနစ်ပြန်ကောင်းလာပြီး ဒီဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ကာ ရောဂါပျောက်ကင်းသွားနိုင်တာကြောင့်ပါ။ တချို့တွေအတွက်လည်း ပထမဆုံးစဖြစ်တဲ့ ကြွက်နို့မကြီးကို သတ်ပစ်လိုက်တာနဲ့ တခြားကြွက်နို့တွေလည်း သေသွားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီ ကြွက်နို့မကြီးကို သတ်အပြီး ရောဂါခုခံမှုစနစ်ပြောင်းလာကာ ပဋိလှုံဆော်ပစ္စည်းတွေထွက်လာပြီး၊ ကျန်တဲကြွက်နို့တွေကို တိုက်ထုတ်နိုင်လို့ အခုလို ပျောက်သွားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ဆေးရုံဆေးခန်းတွေမှာ စနစ်တကျ ကုသမှုခံယူတာကတော့ အကောင်းဆုံးဖြစ်ပါတယ်။ အထူးသဖြင့် လမ်းဘေးတွေမှာ ဒါးနဲ့ခွဲ၊ အက်ဆစ်နဲ့တို့ ကုပေးတာမျိုး မခံယူသင့်ပါဘူး။ ရောဂါ အမြှစ်မပြတ်တာအပြင် မသန့်တာတွေကနေ အခြားရောဂါတွေ ကူးလာနိုင်လို့ပါ။ ဆေးရုံဆေးခန်းတွေမှာတော့ စနစ်တကျကုသနည်းမျိုးစုံရှိရာမှာ လိမ်းဆေးတို့တာ၊ အေးခဲထားတဲ့ နိုက်ထရိုဂျင်ဆေးဖြန်းတာ၊ လျှပ်စစ်နဲ့တို့တာ၊ ကင်ဆာဆေးတမျိုးထိုးတာ၊ လေဆာပစ်တာတွေ ပါပါတယ်။ တချို.ဆရာဝန်တွေအနေနဲ့ အထက်ပါပစ္စည်းတွေ မရှိတာကြောင့် ထုံဆေးပေးခွဲတဲ့နည်းနဲ့ကုပေးတာကလည်း ထိရောက်လေ့မရှိဘဲ ပြန်ဖြစ်တတ်ပါတယ်။

ဒါ့အပြင် ကိုယ့်ဟာကိုယ် အိမ်မှာကုနိုင်တဲ့ လွယ်ကူတဲ့ နည်းတစ်ခုလည်းရှိပါတယ်။ လက်ညှိုး လက်သည်းနားနဲ့ လက်ထိပ်တွေမှာလို ဖြစ်တဲ့ကြွက်နို့တွေအတွက် လျှပ်စစ်ဝါယာကြိုးတွေကိုပတ်တဲ့ ရေစိုခံတိပ်နဲ့ ကြွက်နို့ကို လေလုံအောင်ပိတ်ကပ်ထားပြီး အောက်ဆီဂျင်ဖြတ် သေစေတာပါ။ ဒီ တိပ်ကို (၆) ရက်ခွဲ ကပ်ထားပြီး၊ နောက် (၁၂) နာရီကြာအောင် ပြန်ဖွင့်ပေးထားပါ။ ခုလို (၄) ကြိမ်ကနေ (၆) ကြိမ်လုပ်ပေးခြင်းဖြင့် ကြွက်နို့ ခြောက်ပြီး သေသွားနိုင်ပါတယ်။ တကယ်လို့ ဒီနည်းနဲ့ မသက်သာလျှင်တော့ ဆေးရုံ၊ဆေးခန်းပြ ကုသမှုခံယူသင့်ပါတယ်။

သိသင့်သိထိုက်တဲ့ ဒီအရေးပြားရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG