သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု (Suicide)


A police officer (top) grabs a man who tries to jump off the seventh floor of a hotel, in Chengdu, Sichuan province, China.
A police officer (top) grabs a man who tries to jump off the seventh floor of a hotel, in Chengdu, Sichuan province, China.

ကိုဗစ်-19 နောက်ပိုင်း ကမ္ဘာတဝှမ်း အဖြစ်များလာခဲ့တဲ့ ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုဟာ မြန်မာနိုင်ငံမှာလည်း အလားတူ အဖြစ်များလာခဲ့ပုံရပြီး၊ အခုနောက်ပိုင်းမှာ ပိုဖြစ်လာနေပုံရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။

အခုလို ကိုဗစ်နောက်ပိုင်းကာလမှာ ကမ္ဘာတဝှမ်း ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုတွေ အဖြစ်များလာတာကို WHO - ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လေ့လာတွေ့ရှိခဲ့ပြီး၊ မြန်မာနိုင်ငံမှာလည်း အဖြစ်များလာနေတာကို သတင်းမီဒီယာတွေမှာ ဖော်ပြနေပါတယ်။ မကြာသေးခင် လပိုင်းရက်ပိုင်းတွေအတွင်းမှာလည်း ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာနေခဲ့တာကို သတင်းတွေမှာ ပြန်တွေ့လာရပါတယ်။ လူသားတွေ တန်ဖိုးအထားဆုံး မိမိအသက်ကိုပင် တန်ဖိုးမထားနိုင်တော့ဘဲ၊ ဒီလိုအဆုံးစီရင်မှုတွေ ဖြစ်လာရတာက ယေဘူယျအားဖြင့်တော့၊ ကိုယ်ခန္ဓာပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာအပြင် လူမှုပေါင်းသင်းဆက်ဆံရေးနဲ့လည်း ရောယှက်ပတ်သက်နေတတ်ပြီး၊ တစ်ဦးချင်းဖြစ်တာနဲ့ ဘေးပတ်ဝန်းကျင် ဖြစ်တာတွေနဲ့ ပေါင်းစပ်ဖြစ်လေ့ ရှိတတ်ပါတယ်။

လူမှုပေါင်းသင်းဆက်ဆံရေးနဲ့ ဘေးပတ်ဝန်းကျင်ဆိုင်ရာမှာ လက်ရှိ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနောက်ပိုင်း သာမန်မဟုတ်တဲ့ အခြေအနေ (အကြောက်တရားနဲ့ နေထိုင်လာရတာ၊ အခြေခံစားကုန် ရှားပါးလာတာ၊ ပြောင်းရွှေ့ထွက်ပြေးရတာ၊ တချို့အိမ်တွေ မီးရှို့ခံရတာမျိုးစတဲ့ အထွေထွေဘေးဒုက္ခ) တွေကလည်း၊ လူမှုအဆောက်အအုံ ပေါင်းစည်းမှု (Social Cohesion) ကို ထိခိုက်စေပြီး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတွေအတွက်ပါ ကစဉ့်ကလျား ဖြစ်စေနိုင်တယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက ထောက်ပြပါတယ်။ အခုလို အဘက်ဘက်မှာ လူအများ စိတ်ဒဏ်ရာကြီး (Collective Trauma) အထိ ဖြစ်လာနိုင်တဲ့ အခြေအနေမျိုးကြောင့်၊ ဒီလို ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုတွေ ဆက်အဖြစ်များလာနေပုံရတယ်လို့လည်း စိတ်ကျန်းမာရေးပညာရှင်တွေက သုံးသပ်ထားပါတယ်။

ဒါကြောင့် အဆုံးမစီရင်ခင်မှာ ကြိုတင်ဖြစ်လာနိုင်တဲ့ လူအမျိုးအစားနဲ လက္ခဏာတွေကို သိထားသင့်ပြီး၊ တတ်နိုင်တဲ့ဘက်က အားလုံးဝိုင်းကူညီ ကာကွယ်ပေးသင့်ပါတယ်။ ကမ္ဘာတဝှမ်းမှာ တွေ့ရှိထားချက်တွေအရ အဆုံးစီရင်ဖို့ စိတ်အခံရှိနိုင်သူတွေထဲ စိတ်ကျရောဂါကြီး (Major Depression) ခံစားရပြီးသူအများစု ပါဝင်နေပြီး၊ အရက်အလွန်အကျွံသောက်ကာ စိတ်မထိန်းနိုင်သူတွေလည်း တချို့ပါကာ၊ တခြားစိတ်ရောဂါ ခံစားထားသူလည်း အနည်းငယ် ပါတတ်ပါတယ်။ ဒီလိုလူတွေမှာ အဆုံးမစီရင်ခင် စိတ်ဝေဒနာ အနည်းနဲ့အများ တစ်ခု (သို့မဟုတ်) နှစ်ခု ခံစားနေရတတ်ပါတယ်။ ဥပမာ သာမန် စိတ်ဓာတ်ကျမှု (Reactive Depression) ဖြစ်လာတာကို ဆက်ခံနိုင်ရည် မရှိနိုင်တော့ဘဲ၊ စိတ်ကျရောဂါကြီး (Major Depression) အဆင့်အထိ ရောက်သွားတာမျိုးပါ။

အဆုံးမစီရင်ခင် ကြိုသိနိုင်တဲ့ လက္ခဏာတွေ (Symptoms) ကတော့ ဆုတ်ယုတ်တဲ့ (Negative) အတွေးတွေ ကြီးစိုးလာပြီး မိမိကိုယ်ကိုယ် မနှစ်မြို့တော့တာ၊ မိမိကိုယ်ကိုယ် အပြစ်နဲ့ထိုက်တန်တယ်လို့ ယုံကြည်လာကာ ကိုယ့်ကိုကိုယ် ပြန်အပြစ်တင် (Blame) လုပ်လာတာ၊ ပျော်ရွှင်မှု ဆိတ်သုန်းလာတာ၊ အခုလို လက်ရှိ တွင်းနက်ထဲကနေ ရုန်းမထွက်နိုင်လောက်အောင် ပိတ်မိသလို ခံစားနေရပြီး ပြန်ကျန်းမာ သက်သာလာဖို့ တခြားနည်းလမ်း ရှာမတွေ့တော့ဘဲ မျှော်လင့်ချက် ကုန်ဆုံးသွားကာ မိမိချစ်ခင်အတွယ်တာဆုံး ကိုယ့်အသက်ကိုပင် အဆုံးစီရင်ဖို့ အတွေးတွေနဲ အမြဲလို နစ်မျောလာတာ၊ တစ်ဦးတစ်ယောက်ထဲ သီးသန့်ခွဲနေ အထီးကျန် ရုန်းကန်လာရတာတွေပါ။ အထက်ပါ လူမျိုးတွေနဲ့ လက္ခဏာမျိုးတွေ တွေ့မြင်လာလျှင်တော့၊ အနီးပတ်ဝန်းကျင်က ချစ်ခင်သူမိတ်ဆွေ ဆွေမျိုးတွေရဲ့ စာနာ၊ ဖေးမ ကူညီမှုက၊ ရုတ်တရက် စိတ်အလိုလိုက် အဆုံးစီရင်တဲ့အဆင့် ရောက်မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

အဲဒီလို ကူညီကာကွယ်ပေးရာမှာ အဓိကကျတာကတော့ စိတ်ကျခံစားမှုမျိုးက လူတိုင်းဖြစ်နိုင်တဲ့ စိတ်အနေအထားဖြစ်ပြီး၊ ကုသမှု ခံယူလိုက်တာနဲ့ စိတ်ပြေပျောက်ကာ၊ ဒီအခြေအနေကနေ ရုန်းထွက်နိုင်ပြီး၊ ပြန်သက်သာ ကောင်းမွန်လာနိုင်တဲ့ နည်းလမ်းရှိနေတာကို နားလည်အောင် ရှင်းပြပေးဖို့ပါ။ မိတ်ဆွေအပေါင်းအသင်း ဆွေမျိုးနီးစပ်သူတွေထဲ အခုလို စိတ်ဝေဒနာ ခံစားရပြီး၊ မကျေမချမ်း ဒေါသအလွယ်ထွက်ကာ၊ မနေချင်တော့တဲ့အထိ ဖြစ်နေတာကို သိလျှင်၊ တွေ့မြင်လျှင်၊ ချက်ချင်း မျှဝေခံစား နားလည်သဘောပေါက်ပေးပြီး၊ အဆုံးစီရင်ဖို့စိတ် ရှိလာလားလို့ ရဲရဲတင်းတင်း မေးကြည့်ဖို့ အရေးကြီးပါတယ်။ အခုလို မေးမြန်းလိုက်လျှင် ပိုဆိုးသွားမလားလို့လည်း တချို့ စိုးရိမ်တတ်ကြပေမဲ့၊ တကယ်တမ်းက အခုလိုအထီးကျန် ခံစားနေရသူအတွက် ဒီလိုမေးတာကို ကြားလိုက်ရတာနဲ့ နားလည်မူပေးသူ ရှိလာတာတွေ့ပြီး၊ စိတ်သက်သာရာ ပြန်ရကာ ဖြည်းဖြည်းချင်း အကျိုးအကြောင်း ထုတ်ပြောလာတတ်ပါတယ်။ အခုလို ပြောလာတာကြောင့် အဆုံးစီရင်ဖို့ စိတ်ဖြစ်ပေါ်လာတဲ့အဆင့်ကနေ၊ တကယ်လုပ်ဖို့ အစီအစဉ်ဆွဲတဲ့အဆင့် မရောက်အောင် ကူညီပေးနိုင်ပြီး၊ တခြားသက်သာစေနိုင်တဲ့ နည်းတွေကိုလည်း ဆက်အကြံပြု ကူညီပေးသွားနိုင်ပါတယ်။ အထူးသဖြင့် ပြောင်းရွှေ့ရုန်းကန်နေရပြီး အကြီးအကျယ် ဆုံးရှုံးမှုတွေ ခံစားနေရသူတွေရဲ့ အခက်အခဲ၊ ဝေဒနာခံစားရမှုတွေကို အလေးထားနားထောင် ကူညီကာကွယ်ပေးသင့်ပါတယ်။

ဒီအကြောင်းပိုမိုသိရှိ နားလည်နိုင်စေဖို့ ကိုဝင်းမင်းက သြစတြေးလျအခြေစိုက် စိတ်ကျန်းမာရေး အထူးကုသမားတော်ကြီး၊ မြန်မာနိုင်ငံ ဆေးတက္ကသိုလ်တွေရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာ Raymond တင့်ဝေ ကို ဆက်သွယ်မေးမြန်းထားပါတယ်။

=== Unicode ===








XS
SM
MD
LG