သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ အပူဒဏ်ကြောင့် မွေးမြူရေးလုပ်ငန်းတွေထိခိုက်


ကြက်မွေးမြူရေးခြံ
ကြက်မွေးမြူရေးခြံ

မြန်မာနိုင်ငံမှာ စံချိန်တင်အောင် အပူဒဏ်ခံခဲ့ရတာကြောင့် မွေးမြူရေး လုပ်ငန်းတွေမှာပါ ထိခိုက်မှုတွေ ကြုံနေရပါတယ်။ ကမ္ဘာမှာအပူဆုံး စာရင်းဝင် ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက မွေးမြူရေးလုပ်ငန်းတွေမှာဆိုရင်လည်း အပူဒဏ်ကြောင့် မွေးမြူရေး တိရစ္ဆာန်တွေ ထိခိုက်သေဆုံးမှုတွေ ကြုံနေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ အပူဒဏ်ကြောင့် နောက်ဆက်တွဲ ကြုံနေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ဆက်ထားပါတယ်။

အပူရှိန်ကြောင့် မွေးမြူရေး လုပ်ငန်းတွေမှာ ဆုံးရှုံးမှုတွေရှိနေပြီး ရောဂါမကျအောင်၊ မသေဆုံးအောင် ကာကွယ်နေရတဲ့အတွက် ကုန်စရိတ်တွေ တက်လာကြောင်း မွေးမြူရေးလုပ်ငန်းရှင်တချို့က ပြောပါတယ်။ အထူးသဖြင့် တနိုင်တပိုင် မွေးမြူရေးလုပ်ငန်းရှင်တွေအဖို့ စိုက်ထုတ်ရတဲ့ အရင်းအနှီးပိုများလာတာ ဖြစ်ပါတယ်။ အပူရှိန် ၅၀ ဒီဂရီစင်တီဂရိတ်နားကို ရောက်လာတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မွေးမြူရေးခြံတွေကို ပိုပြီးဂရုစိုက်လာရတာပါ။

ကြက်မွေးမြူရေးခြံမှာ ကြက်တွေ အစားမစားတော့တာ၊ အတောင်ကျတာ၊ ကြက်ဥအရွယ်အစားသေးလာတာ၊ ကျွဲနွားတွေမှာလည်း အစာမစားဘဲ ရောဂါကျ သေဆုံးမှုတွေ ဖြစ်နေကြောင်း မွေးမြူရေးသမားတချို့က ပြောပါတယ်။ လက်ရှိအချိန်အထိ ကြက်ခြံတွေမှာ ကုသရေးကို မလုပ်နိုင်ဘဲ၊ ကာကွယ်နိုင်ဖို့ပဲ ကြိုးစားနေရကြောင်း မန္တလေးမြို့က ကြက်မွေးမြူရေး လုပ်ငန်းရှင်တဦးက အခုလိုပြောပါတယ်။

"တအားပူတဲ့အတွက် ကြက်ခြံသမားတွေ အပေါ်မှာ ရေပန်းတွေလုပ်ရတယ်၊ မလိုလားအပ်တဲ့ဟာတွေ လုပ်ရတာပေါ့နော်။ အတတ်နိုင်ဆုံး အေးအောင်တော့ လုပ်ပေးရတာပေါ့နော်။ ကာကွယ်ရတာပဲ။ သူ့ချွေးနဲ့သူ အအေးပတ်ပြီးတော့ တိုက်ဖိုက်တို့ဘာတို့ဖြစ်တယ်၊ အူရောင်ငန်းဖျား အဲလိုမျိုးပေါ့နော် တွေ့ရတယ် တော်တော်များများ ခြံတွေမှာ၊ ဒါအပူလှိုင်းနဲ့ ပူတဲ့ပြဿနာပေါ့နော်။ အတော်တော်များများ အဲဒီပြဿနာ ရှင်းနေရတယ်။ ကိုယ်ကာကွယ်တဲ့စနစ် ကောင်းရင်တော့ ပိုးစိုးပက်စက်တော့ မထိဘူးပေါ့။ မကောင်းရင်တော့ ထိုင်ကြည့်နေမှပဲရမယ် တဖုတ်ဖုတ်နဲ့ ဘာမှလုပ်မရဘူးလေ၊ လည်လိမ်တို့ဘာတို့ ဖြစ်လာရင် သေရင်ကောက်ပေါ့နော် ဒါပဲရတော့မှာ။"

စီပီ ဝက်မွေးမြူရေးအပါအဝင် အသားစား ဆိတ်မွေးမြူရေး လုပ်ငန်းတွေလည်း အခုလို ကျန်းမာရေး ပြဿနာတွေ ကြုံနေရပါတယ်။ မြန်မာပြည်အောက်ပိုင်းက ငါးကန်တွေမှာလည်း ငါးသေဆုံးတာတွေ ရှိနေပြီး အစုလိုက် အပြုံလိုက် မသေဆုံးအောင် ကာကွယ်မှုတွေကို အလျင်စလို လုပ်နေရကြောင်း ငါးကန်ပိုင်ရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။

ငါးမွေးမြူရေး ကျွမ်းကျင်ပညာရှင်တဦးဖြစ်တဲ့ ဦးစိုးကျော်ကတော့ မွေးမြူတဲ့ပုံစံကို အပြောင်းအလဲလုပ်ပြီး သေဆုံးမှုမရှိအောင် ကာကွယ်နိုင်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ရေချဉ်ဖန်နှုန်းတက်တာ၊ ငါးအဆိပ်သင့်စေတဲ့ အမိုးနီးယားနဲ့ နိုက်ထရိုက်ဓာတ်တွေ လွန်ကဲတာ၊ ရေဩဇာအဆမတန်တက်လာတာ၊ အောက်စီဂျင်ကျဆင်းတာ ဒီလို အခြေအနေတွေကိုကြည့်ပြီး ရေလှယ်ပေးဖို့ သူကအကြံပြုပါတယ်။

"အဲဒီအချက်တွေကို ကြည့်ပြီးတော့ လှယ်သင့်လှယ်ရတာပေါ့နော်။ မလှယ်သင့်ဘူး ရေအရေအသွေးတွေက အကုန်ကောင်းနေတယ် ဆိုရင် ရေဖြည့်ပေးရုံလောက်နဲ့ လုံလောက်တယ်ပေါ့နော်။ ရေတအားတိမ်လွန်းရင် ဒီရာသီမှာ ငါးတွေရဲ့ ခန္ဓာကိုယ်က စွမ်းအင်တွေကုန်ဆုံးတယ်လေ ဒီရာသီဥတုနဲ့ လိုက်လျောညီထွေနေရဖို့ သူတို့က သွေးအေးသတ္တဝါတွေဖြစ်တဲ့အတွက် ရေအပူချိန်မြင့်တာနဲ့ စွမ်းအင်အများကြီး သုံးကြရတယ်။ အဲဒီအတွက် ပင်ပန်းကြတယ်။ နောက်ဆုံး ဖိစီးမှုတွေဖြစ်ပြီးတော့ ရောဂါဝင်တဲ့အဆင့်ဖြစ်လာတယ်၊ ကြီးထွားနှုန်းတွေ နှေးလာတယ်။ အစာစားပျက်လာတာမျိုးတွေ အဲဒီရဲ့ဆိုးကျိုးက သေဆုံးတဲ့အထိ ဖြစ်တာလေ။ အခုငါးသေဆုံးနှုန်းကလည်း တနှစ်ထက်တနှစ် ပိုများလာတာပေါ့နော်။"

ရေအပူရှိန်ကြောင့် ငါးရောဂါမဖြစ်ဖို့အတွက် ငါးကန်ထဲကရေကို ခြောက်ပေလောက်ထားဖို့၊ ရေလှယ်ပေးဖို့၊ EM ဆေးကိုသုံးစွဲဖို့ သူကအကြံပြုပါတယ်။ ကြက်ခြံတွေမှာတော့ လိုက်ကာကို လိုသလိုအတင်အချ ညှိပေးဖို့၊ ဗီတာမင်စီနဲ့ Electrolytes ဆေးတွေတရက်ခြားတိုက်ဖို့၊ ရေအေးတိုက်ဖို့ ကျွမ်းကျင်ပညာရှင်တချို့က အကြံပြုထားပါတယ်။

အာရှနိုင်ငံတချို့က မွေးမြူရေးလုပ်ငန်းတွေမှာလည်း ဆုံးရှုံးမှုနည်းအောင် ပြင်ဆင်နေကြတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဗီယက်နမ်နိုင်ငံတောင်ပိုင်း၊ ဒေါင်းနိုင်ပြည်နယ်မှာရှိတဲ့ ငါးမွေးမြူရေး ကန်တချို့မှာ အပူရှိန်ကြောင့် ငါးတွေသောင်းနဲ့ချီပြီး သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဖြစ်တဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ဧပြီလနှောင်းပိုင်းက အပူချိန် ၄၈.၂ ဒီဂရီစင်တီဂရိတ် (၁၁၈.၇၆ ဖာရင်ဟိုက်) အထိ စံချိန်တင်ခဲ့တာပါ။ ရာသီဥတု တိုင်းတာမှုတွေ စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၅၆ နှစ်ကစ အမြင့်ဆုံးအပူချိန်ဖြစ်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG