သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှတိုက်အတွင်း ဒီမိုကရေစီစနစ် ဆိတ်သုဉ်းလာနေ (HRW)  


မြန်မာအပေါ် အမေရိကန်ရဲ့ ရပ်တည်ချက် ပြတ်ပြတ်သားသား တင်ပြဖို့ HRW တောင်းဆို
မြန်မာအပေါ် အမေရိကန်ရဲ့ ရပ်တည်ချက် ပြတ်ပြတ်သားသား တင်ပြဖို့ HRW တောင်းဆို

အာရှပစိဖိတ်ဒေသအတွင်း ဒီမိုကရေစီစံနစ်ဟာ ဘယ်ပေါင်းစုံကနေ တိုက်ခိုက်ခံနေရတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။ သြစတြေးလျနိုင်ငံသားတွေ တလေးတစား၊ တန်ဖိုးထားလေ့မရှိတဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုရရှိရေးအတွက် မြန်မာအပါအဝင်၊ ထိုင်း၊ ဟောင်ကောင်စတဲ့ ဒေသတွင်းနိုင်ငံတွေက ပြည်သူတွေဟာ အသက်စွန့်ပြီး တောင်းဆိုဆန္ဒပြ နေကြရတာကို ဥပမာပေးပြီး HRW ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး အီလိန်းပီယာဆန် က ဒီကနေ့ ဧပြီလ ၁၀ ရက် ရက်စွဲနဲ့ ထုတ်ဝေတဲ့ သြစတေးလျသတင်းစာ The Canberra Times သတင်းစာရဲ့ အတွေးအမြင်ဆောင်းပါးကဏ္ဍမှာ ရေးသားထားတာပါ။

မတ်လ ၂၈ ရက်နေ့မှာ မြန်မာစစ်ကောင်စီက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ကို ဖျက်သိမ်းလိုက်တာ၊ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား အတိုက်အခံခေါင်းဆောင်တွေကို မဟုတ်မှန်တဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီး အကျဉ်းချပြီးမှ ပါတီတွေကို ဖျက်သိမ်းတာဖြစ်ပြီး၊ ဒါဟာ စစ်ကောင်စီကို နိုင်ငံတကာရဲ့ ထောက်ခံမှုတွေ ရရှိအောင် အတုအယောင် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အခုလို ပါတီတွေကို ဖျက်သိမ်းခြင်းဖြစ်တယ်လို့ ဆောင်းပါးမှာ ရေးသားထားပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းယူလိုက်ပြီးကတည်းက NLD အမတ် ကိုဖြိုးဇေယျာသော်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီတို့ကို ကြိုးမိန့်ပေး ကွပ်မျက်လိုက်တာအပါအဝင် စစ်ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန်ခဲ့ပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။

တခြားအာရှနိုင်ငံတွေနဲ့ ပတ်သက်ပြီး ရေးထားတာမှာတော့ ထိုင်းနိုင်ငံမှာလည်း အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်လေးတဦး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပြီး ဘုရင့်ဂုဏ်သိက္ခာ ပျက်ပြားအောင် လုပ်ဆောင်ခဲ့မှုနဲ့ အမှုကြားနာ စစ်ဆေးခြင်းမလုပ်ခင် မတ်လ ၂၉ ရက်နေ့က အကျဉ်းချခံခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူဘဲ ဖိလစ်ပိုင်နိုင်ငံက အထက်လွှတ်တော်အမတ်ဟောင်း Leila de Lima ဟာ ပြစ်မှု တစုံတရာ မကျူးလွန်ခဲ့ပေမယ့်လည်း အရင် ဖိလစ်ပိုင်သမ္မတဟောင်း ရော်ဒရီးကိုး ဒူတာတေရဲ့ မူးယစ်ဆေးနှိမ်နှင်းရေးအစီအစဉ်ကို ကန့်ကွက် ပြောဆိုခဲ့မှုနဲ့ စွဲချက်မတင်ဘဲ ထောင် ၆ နှစ် အကျခံခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိ ဖိလစ်ပိုင်သမ္မတ ဖာဒင်နန်မားကိုးစ် ဂျူနီယာ လက်ထက်မှာလည်း သူ့ကို ဆက်လက်ထိန်းသိမ်းထားဆဲလို့ ဆိုပါတယ်။

ဒီဥပမာ ၃ ခုကို ကြည့်ခြင်းအားဖြင့် အရှေ့တောင်အာရှိတိုက်မှာ ဒီမိုကရေစီစံနစ် တဖြည်းဖြည်း ကွယ်ပျောက်လာနေတယ်ဆိုတာကို ပြသနေတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှဒေသညွန်ကြားရေးမှူး အီလိန်းပီယာဆန်ရဲ့ အတွေးအမြင်ဆောင်းပါးမှာ ရေးသားထားပါတယ်။

[Unicode]








XS
SM
MD
LG