သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် ၁,၀၀၀ ကျော် ဧပြီလအတွင်း ပြန်လည်လက်ခံဖို့ရှိ (ဗိုလ်ချုပ်ဇော်မင်းထွန်း)


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသအနီး လယ်ကွင်းတွေထဲ မြန်မာဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ် (စက်တင်ဘာ၊ ၂၀၁၇)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသအနီး လယ်ကွင်းတွေထဲ မြန်မာဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ် (စက်တင်ဘာ၊ ၂၀၁၇)


{{Zawgyi/Unicode}}

{{Unicode}}

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကပေးပို့လာတဲ့ ရိုဟင်ဂျာအိမ်ထောင်စု လူဦးရေစာရင်းထဲက အယောက် ၁,၀၀၀ ကျော်ကို ဒီလဧပြီလအတွင်းမှာ လက်ခံသွားမယ်လို့ စစ်ကောင်စီ ပြောခွင့်ရက ပြောပါတယ်။ စစ်ကောင်စီရဲ့လူဝင်မှုကြီးကြပ်ရေးဘက်ကလည်း နေရပ်ပြန်ရေးအစီအစဉ်အရ ရိုဟင်ဂျာ ၈၇,၀၀၀ ကျော်ကို စိစစ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းမှာဖော်ပြထားပါတယ်။ ဒီသတင်းရန်ကုန်ကပေးပို့တာကိုအခြေခံပြီး ကိုရဲမွန်က တင်ပြပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကပေးပို့လာတဲ့ ရိုဟင်ဂျာအိမ်ထောင်စု လူဦးရေစာရင်းထဲက အယောက် ၁,၀၀၀ ကျော်ကို ဒီလဧပြီလတွင်းမှာ လက်ခံဖို့ပြင်ထားတယ် လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗီအိုအေကို ပြောပါတယ်။

“ကျနော်တို့ တထောင်လောက် လက်ခံသွားဖို့ရှိပါတယ်။ အဲဒါတွေကို စိစစ်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ဧပြီလအတွင်း စတင်လက်ခံသွားဖို့ရှိတယ်။ ဒါကတော့ လုပ်ငန်းသဘောအရပေါ့။ ကျနော်တို့ဘက်ကတော့ အစောဆုံးဖြစ်အောင် လုပ်သွားမှာပါ။ ဟိန္ဒူတွေလည်း ပါပါလိမ့်မယ်။”

ရက်အတိအကျကိုတော့ ဖြေဆိုခဲ့တာမရှိသလို ဧပြီလအတွင်း မဟာသင်္ကြန်မတိုင်ခင် ခေါ်ယူနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေပေမယ့် လုပ်ငန်းပြီးစီးမှုအပေါ် မူတည်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်တာမှာ ဒီတခေါက် ပြန်လည်လက်ခံမယ့် အယောက် ၁,၀၀၀ စာရင်းထဲက ရိုဟင်ဂျာ အယောက် ၇၀၀ ကျော်နဲ့ ဟိန္ဒူ အယောက် ၃၀၀ နီးပါးကို အသေးစိတ် ထပ်မံစစ်ဆေးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အယောက် ၁,၀၀၀ ကျော်ဟာ နှစ်နိုင်ငံ သဘောတူညီချက် (၅) ရပ်နဲ့ ကိုက်ညီသူတွေဖြစ်ပြီး သူတို့တွေကို ပြန်လည်လက်ခံရေးအတွက် လှဖိုးခေါင်၊ တောင်ပြိုလက်ဝဲနဲ့ ငါးခူးရစတဲ့စခန်းတွေကို ပြင်ဆင်ထားတယ်လို့ စစ်ကောင်စီ ပြောခွင့်ရက ပြောဆိုပါတယ်။

“လှဖိုးခေါင်တို့ တောင်ပြိုလက်ဝဲစခန်းတို့ ရှိပြီးဖြစ်တယ်။ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေ အကူအညီနဲ့ ဆောက်လုပ်ပြီးဖြစ်တယ်။ အမြဲတမ်း ထိန်းသိမ်းထားတယ်။ လုံခြုံရေးကိစ္စတွေလည်း‌ ဆောင်ရွက်ပြီး ဖြစ်တယ်။ ဒါနဲ့ပတ်သက်လို့ အသင့်အနေအထား ပြင်ဆင်ပြီးဖြစ်တယ်။ အရင်ကလည်း ဝင်လာခဲ့ဖို့တကဲကဲ လုပ်နေပြီးမှ ဘေးကမီဒီယာ သွေးထိုးလှုံ့ဆော်မှု၊ ကျန်တဲ့နိုင်ငံတွေ၊ အဖွဲ့အစည်းတွေရဲ့ဖိအားကြောင့် ဝင်မလာဖြစ်တာတွေ ရှိတယ်။ နေရေးထိုင်ရေးအတွက် အာဆီယံနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ခေါ်ယူပြသခဲ့ပြီး ဖြစ်တယ်။ အားလုံး အဆင်သင့်ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။”

စစ်ကောင်စီရဲ့လူဝင်မှုကြီးကြပ်ရေးဘက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပေးပို့လာတဲ့ နေရပ်ပြန်ရေးအစီအစဉ်အရ စိစစ်ခဲ့တာမှာ ၂၀၂၃ခုနှစ် မတ်လ ကုန်အထိ စိစစ်ချက်အရ မြန်မာနိုင်ငံအတွင်းနေထိုင်ခဲ့တဲ့ အထောက်အထားတွေ့ရှိခဲ့သူ ၆သောင်းနီးပါး၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အကြမ်းဖက်စာရင်းမှာ ပါဝင်သူ ၉၀၀ ခန့်နဲ့ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ အထောက်အထား မတွေ့ရှိသူ သုံးသောင်း အပါအဝင် စုစုပေါင်း လူဦးရေ ၈၇,၀၀၀ ကို စိစစ်ပြီးဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းတွေမှာ ထုတ်ပြန်ထားပါတယ်။

ဒီဧပြီလတွင်း ပြန်လည်လက်ခံမယ့် ဒုက္ခသည်တွေဟာ Teknaf မြို့အနီးတဝိုက် ဒုက္ခသည်စခန်းက လူတွေ ဖြစ်ပါတယ်။ Cox’s Bazar အနီးတဝိုက်က ဒုက္ခသည်စခန်းက ဒုက္ခသည်တွေတော့ မပါဝင်ဘူးလို့ အဲဒီဘက်က ဒုက္ခသည်တွေက ပြောပါတယ်။ အဲ့ဒီ ဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မောင်တောအရေးအခင်း ဖြစ်စဉ်မှာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြသူတွေ ဖြစ်ပါတယ်။

လက်ရှိပြန်လည်လက်ခံရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ပြန်လာတဲ့သူတွေကို ကိုယ့်နေရပ်မှာပဲ ပြန်နေရာချပေးဖို့ စီစဉ်မယ်လို့ ပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေရှ်ကို သွားရောက်တာမှာတော့ ပြန်လက်ခံမယ့် ၁,၀၀၀ ကျော်ကို တွေ့ဆုံတာမှာ သူတို့တွေ ပြန်လာမယ်ဆိုရင် ကိုယ့်နေရပ်မှာမဟုတ်ဘဲ စစ်ကောင်စီ စီစဉ်ပေးတဲ့ နေရာတွေမှာပဲ နေရမယ်လို့ ပြောဆိုခဲ့တာကြောင့် ပြန်လာရေးကို လက်တွန့်နေကြတယ်လို့ ရိုဟင်ဂျာအရေးကူ ညီပေးနေသူတဦးက ဗွီအိုအေကိုပြောပြပါတယ်။

“ကျနော်တို့ ကြားသလောက်ဆိုရင် ပထမတော့ သူတို့ အဲဒီကို သွားမယ်ဆိုတဲ့လူတွေက ဒီမှာက နေရာကျပ်တည်းနေတယ်၊ အသက်အန္တရာယ် များနေတယ်၊ အဲဒါကြောင့် သူတို့ သွားချင်တယ်။ သူတို့က တကယ်တမ်း အဲဒီ အစစ်ခံတဲ့လူတွေကို သူ့နေရာကိုသူ မပေးဘဲနဲ့ ရွာ ၁၅ ရွာမှာ သူတို့ နေရာချပေးမယ်ဆိုတဲ့ ပုံစံထွက်လာတော့ ဘယ်သူမှ မသွားချင်တော့ဘူး။ နောက်ပြီးတော့ နိုင်ငံသားမပေးဘဲနဲ့ သွားမယ်ဆိုရင် အရင်ပုံစံမျိုးပဲပေးမယ်ဆိုပြီးတော့ သူတို့ ပြောတယ်။ အဲဒီလိုပြောတော့ သူတို့က မသွားချင်တော့ဘူး။ ဘယ်လောက်သွားမယ်၊ ဘယ်တော့သွားမယ်ဆိုတာတော့ ကျနော်တို့ မပြောနိုင်ဘူး။ အများအားဖြင့်ကတော့ မသွားချင်ဘူး။”

ရိုဟင်ဂျာတွေဘက်က ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေး လိုလားသလို နိုင်ငံတကာ ဖိအားလျော့ဖို့အတွက် ဟန်ပြခေါ်ဆောင်မှုတွေ ဖြစ်လာမှာကို စိတ်ပူနေတာတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်လည်ပို့ဆောင်ဖို့ အစီအစဉ်တွေကိုဆိုင်းငံ့ထားဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၇ တုန်းက ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးဖြစ်စဉ်အတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

==============

{{Unicode}}















XS
SM
MD
LG