သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလင်တန် သမ္မတလောင်း ဖြစ်လာမယ့်အပေါ် မြန်မာ အမျိုးသမီးများ အမြင်


ဟီလရီကလင်တန်
ဟီလရီကလင်တန်

အခုလိုမျိုး ဟီလရီကလင်တန် သမ္မတလောင်း ဖြစ်လာမယ့် အခြေအနေအပေါ်မှာ မြန်မာနိုင်ငံရဲ့ ကဏ္ဍအသီးသီးမှာ ဦးဆောင်လှုပ်ရှားနေကြတဲ့ အမျိုးသမီးတွေက ဝမ်းသာကြိုဆိုကြပါတယ်။ တဆက်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ အသီးသီးမှာ အမျိုးသမီးအရေအတွက် အဆမတန် နည်းနေသေးတာကိုလည်း ထောက်ပြကြပါတယ်။ မြန်မာအမျိုးသမီးတွေ ခေါင်းဆောင်မှု အခန်းကဏ္ဍမှာ ပိုပြီး ပါဝင်လာခွင့်ရဖို့ လိုတယ်လို့ ပြောကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံရေး သမိုင်းမှာ ပါတီကြီးတခုရဲ့ သမ္မတလောင်းအဖြစ် အမျိုးသမီးတဦး ပထမဆုံးအကြိမ် ဖြစ်လာတော့မယ့် အခြေအနေရောက်နေပါပြီ။ အခုလို ဟီလရီကလင်တန် သမ္မတလောင်းဖြစ်လာမယ့် အလားအလာအပေါ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဝမ်းသာဂုဏ်ယူတယ်လို့ ပြောလိုက်ပါတယ်။

“အမေရိကန်ပြည်ထောင်စုမှာ ဟီလရီကလင်တန်က အမျိုးသမီးသမ္မတလောင်းအဖြစ်နဲ့ သိနေပြီဆိုတာ ကျမတို့သိရတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့ အရမ်းဝမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အရှေ့တောင်အာရှ တိုင်းပြည် တော်တော်များများမှာ အမျိုးသမီးတွေ သမ္မတဖြစ်လာတာမျိုးကို အခုနှစ်ပိုင်းတွေမှာဆိုရင် တော်တော်များများတွေ့နေရပါပြီ။ အဲဒီလိုပါပဲ ကျမတို့တိုင်းပြည်မှာဆိုရင် ကျမတို့ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတလို့ အမည်မတပ်ပေမယ့် သမ္မတနဲ့ တန်းတူအခွင့်အရေး ရှိတဲ့ အမျိုးသမီးဖြစ်တာကို ကျမတို့ တိုင်းပြည်အနေနဲ့ ဂုဏ်ယူဝင့်ကြွားခဲ့ရတယ်။ အဲဒီလိုပါပဲ အခုဆိုရင် အမေရိကန်နိုင်ငံဟာ အမျိုးသမီးတဦး ဦးဆောင်မှုရဲ့နောက်မှာ လိုက်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာတွေ့ရတဲ့အတွက် ကျမတို့က အရမ်းဝမ်းသာ ဂုဏ်ယူပါတယ် လို့ပြောချင်ပါတယ်။”

အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ မခင်လေးကတော့ - ဟီလရီကလင်တန်ဟာ အမျိုးသမီးတစ်ဦးဖြစ်တဲ့ အပြင် မြန်မာ အပါအဝင် နိုင်ငံတကာ အရေးကိစ္စတွေမှာလည်း နှံ့စပ်သူတဦးဖြစ်တဲ့အတွက် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းဖြစ်လာမှာကို ကြိုဆိုတယ်လို့ ပြောလိုက်ပါတယ်။

“ဟီလရီကလင်တန်ကို ဒီမိုကရက်တစ်ရဲ့ သမ္မတလောင်း အမည်စာရင်း အဖြစ်နဲ့ တရားဝင်အသိအမှတ်ပြုလိုက်တော့ ကျမတို့အရမ်းပဲ ဝမ်းသာတယ်။ နောက်ဒီဟာဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာဖို့လည်း လမ်းစက တော်တော်လေးပွင့်လာပြီလို့လည်း ကျမတို့ပြောနိုင်တယ်။ အဲဒီအတွက်လည်း ကျမတို့က အများကြီးကြိုဆိုတယ်။”

ဟီလရီကလင်တန်ဟာ မြန်မာ့ဒီမိုကရေစီရေးကိုလည်း တောက်လျှောက်အားပေးလာခဲ့သူဖြစ်သလို အရင် နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ တာဝန် ထမ်းဆောင်စဉ် မြန်မာနိုင်ငံကို ၂ ကြိမ် လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံခဲ့ပါတယ်။ တကယ်လို့ မစ္စစ်ကလင်တန် သမ္မတဖြစ်လာခဲ့ရင် NLD အစိုးရလက်ထက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပိုမို ပူးပေါင်းဆောင်ရွက်မှုတွေ၊ အားပေးမှုတွေ ဖြစ်လာနိုင်တယ်လို့ မခင်လေးက ပြောပါတယ်။ အရင်စစ်အစိုးရက ၂၀၁၀ မှာ ရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဖော်ဆောင် လာပြီးတဲ့နောက်ပိုင်း လွှတ်တော်အမတ်တွေထဲမှာ အမျိုးသမီးတွေပါဝင်လာခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ်နဲ့ရော နိုင်ငံခြားရေးဝန်ကြီး အဖြစ်နဲ့ပါ နိုင်ငံကိုဦးဆောင်လာနေပြီဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာ ဘယ်လိုအနေအထားမှာ ရှိသလဲဆိုတဲ့ အပေါ်မှာတော့ မခင်လေးက အခုလိုပြောပါတယ်။

“ဦးဆောင်မှုပေးမယ့် လမ်းကြောင်းပေါ်မှာပဲ ရောက်သေးတာပါ။ လုံးဝပီပီပြင်ပြင်နဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အမျိုးသမီးတွေက အခုမှ “စ လုံးရေ စ” ဖို့ ကြိုးစားနေတယ်လို့ပဲ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့အခု မကြာသေးခင်ကမှ ကျမတို့ စစ်တမ်းတွေလည်း ကောက်ယူထားတာရှိတယ်။ ရွေးကောက်ပွဲမှာလည်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ခံရမူကလည်း ၁၀ ရာခိုင်နှုန်းနဲ့ ၁၂ ရာခိုင်နှုန်းကြားထဲမှာပဲ ရှိနေတယ်ပေါ့နော်။ ဆိုတဲ့အခါကျတော့ ဝန်ကြီးဌာနနဲ့ ကြည့်မယ်ဆိုရင်လည်း အမျိုးသမီးတယောက်ထဲ ဒါပေမယ့် ဝန်ကြီးဌာန နှစ်ခုကို ကိုင်တွယ်တာဆိုတော့ ပါဝင်မှုအချိုးအစားနှုန်းဟာ အင်မတန်မှ နည်းပါတယ်။ ကုလသမဂ္ဂ သတ်မှတ်ထားတာ ဆိုရင် ၃၀ ရာခိုင်နှုန်းပေါ့နော်။ ကျမတို့ အမျိုးသမီးတွေက နိုင်ငံရေး ဆုံးဖြတ်ချက်ချတဲ့ နေရာတိုင်းမှာ စီးပွားရေးမှာဖြစ်ဖြစ်၊ လူမှုရေးမှာဖြစ်ဖြစ် ၊ နိုင်ငံရေးမှာဖြစ်ဖြစ် ၃၀ ရာခိုင်နှုန်းဆိုတာ မီဖို့တောင် အများကြီးလိုသေးတယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက်ထောက်ခံပြီး NLD ကိုမဲပေးခဲ့တာကိုကြည့်ရင် အရည်အချင်း အပြင် ကျား-မ တန်းတူရေးကို အလေးထားတယ် ဆိုတာကိုလည်း ပြသနေတာဖြစ်တယ် လို့လည်း ပြောပါတယ်။ ဒါပေမဲ့လည်း တခြားအမျိုးသမီးတွေရဲ့ ဦးဆောင်မှုနောက်ကို လိုက်မလိုက်ဆိုတာကတော့ စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ ဒေါ်စန္ဒာမင်းကပြောပါတယ်။ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ဘဏ္ဍာရေးတာဝန်ခံ မဟန်နီဦးကတော့ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုအခန်းကဏ္ဍဟာ မြန်မာနိုင်ငံမှာ နည်းနေတုန်းပဲဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

“ကျမတို့နိုင်ငံမှာတော့ Percentage အရလည်း နည်းတယ်။ ဦးဆောင်ခွင့် ပေးမှုကလည်း အရမ်းနည်းသေးတယ်လို့ ကျမထင်တယ်ပေါ့နော်။ ကျမတို့ဆီမှာ gender discrimination (ကျားမခွဲခြားဆက်ဆံမှု) က အရမ်းကြီးတယ်လို့ ကျမမြင်တယ်ရှင့်။ အခုအချိန်အထိ တကယ်တမ်း လွတ်လပ်စွာနဲ့ အမျိုးသမီးတွေ ဦးဆောင်လို့ရလားဆိုတဲ့ အနေအထားမျိုးတော့ တကယ့် လက်တွေ့မှာတော့ မရသေးဘူးရှင့်။”

မြန်မာနိုင်ငံမှာ အစဉ်အလာအရရှိခဲ့တဲ့ ရှေးရိုးစွဲ အယူအဆတွေကြောင့် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတာဖြစ်ပြီး လက်တွေ့မှာ ကျား-မ တန်းတူအခွင့်အရေးရဖို့ အများကြီး ကြိုးစားဖို့လိုတယ်လို့ သူကပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG