သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်ပါတီ သမ္မတလောင်း အဖြစ် ကလင်တန် ကြေညာ


ဒီမိုကရက်ပါတီ သမ္မတလောင်း ကလင်တန်
ဒီမိုကရက်ပါတီ သမ္မတလောင်း ကလင်တန်

အမေရိကန် သမ္မတ ရွေးကောက်ပွဲကို အဓိကပါတီကြီး တခု ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ့် ပထမဆုံး အမျိုးသမီး သမ္မတလောင်း အဖြစ် ဟီလာရီ ကလင်တန်က သူ့ကိုယ်သူ ကြေညာလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ အဓိက ပါတီကြီး တခုဖြစ်တဲ့ ဒီမိုကရက်တစ် ပါတီရဲ့ သမ္မတလောင်း ဖြစ်ပြီလို့ ဟီလာရီ ကလင်တန်က မနေ့ အင်္ဂါနေ့က ပြောဆိုလိုက်တာပါ။

“အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျမတို့ သမိုင်းမှတ်တိုင်တခု စိုက်ထူနိုင်လိုက်ပါပြီ။ ကျမတို့ နိုင်ငံရဲ့သမိုင်းမှာ ပထမဆုံးအကြိမ် အမျိုးသမီးတဦး အဓိကပါတီကြီးရဲ့ သမ္မတလောင်း ဖြစ်လာတော့မယ်။” လို့ ဟီလာရီ ကလင်တန်က ပြောသွားတာပါ။

လာမယ့် ဇူုလိုင်လမှာ ကျင်းပမယ့် ဒီမိုကရက်တစ် ပါတီ ညီလာခံမှာ မဲမခွဲရသေးခင်မှာတော့ နိုင်ငံခြားရေး ဝန်ကြီး ကလင်တန် အနေနဲ့ ပါတီရဲ့ တရားဝင် သမ္မတလောင်း မဖြစ်သေးပါဘူး။

မနေ့ အင်္ဂါနေ့က ဒီမိုကရက်တစ် ပါတီရဲ့ သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲတွေမှာလည်း ပြိုင်ဘက် ဗားမောင့် အထက်လွှတ်တော်အမတ် Bernie Sanders က မြောက်ဒါကိုတာ နဲ့ မွန်တာနား ပြည်နယ်တွေမှာ အနိုင်ရပြီး ဟီလာရီ ကလင်တန်ကတော့ တောင်ဒါကိုတာ၊ နယူးမက္ကဆီကို နဲ့ နယူးဂျာစီ ပြည်နယ်တွေမှာ အနိုင်ရပါတယ်။

ဒီမိုကရက်တစ် ပါတီ သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲတွေမှာ သိပ် အရေးပါတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အကြီးဆုံး ပြည်နယ် ကယ်လီဖိုးနီးယားက တရားဝင် ရလဒ်တွေ ထွက်ပေါ်မလာသေးပေမယ့် ဟီလာရီ ကလင်တန်က ပါတီ ညီလာခံ ကိုယ်စားလှယ် ၄၇၅ ဦးထဲက အများစုကို အနိုင်ရထားပါတယ်။ အထက်လွှတ်တော် အမတ် Sanders ကတော့ ဒီမိုကရက်တစ် ပါတီ ညီလာခံ ကျင်းပချိန်ထိ ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲတွေမှာ ဆက်ပြီး ယှဉ်ပြိုင်နိုင်ဖို့ အတွက်ကယ်လီဖိုးနီးယား ပြည်နယ်မှာ အများစု အနိုင်ရရှိရေး ဆိုတဲ့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးစလုံးကို သမ္မတ ဘရက်အိုဘားမားက အင်္ဂါနေ့မှာ ဖုန်းဆက် စကားပြောခဲ့ပြီး မစ္စစ် ကလင်တန် အနေနဲ့ ပါတီသမ္မတလောင်းအဖြစ် အရွေးခံရဖို့ လုံလောက်တဲ့ ကိုယ်စားလှယ်မဲ အရေအတွက် ရရှိသွားတဲ့အပေါ် ချီးကျူး ဂုဏ်ပြု စကားဆိုခဲ့တာပါ။ မစ္စတာ Sanders ကိုတော့ စီးပွားရေးအရ မညီမျှမှုတွေကို တိုက်ဖျက်တာလို ကိစ္စရပ်တွေမှာ အမေရိကန် သန်းပေါင်းများစွာ စိတ်ပါဝင်စားလာအောင် စည်းရုံးလှုပ်ရှားနိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဒီမိုကရက်ပါတီ သမ္မတလောင်း အဖြစ် ကလင်တန် ကြေညာ
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG