သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hillary Clinton ဒီမိုကရက်ပါတီသမ္မတလောင်းဖြစ်ဖို့ မကြာမီ အဖြေထွက်နိုင်


အမေရိကန်ပြည်ထောင်စုမှာ အကြီးဆုံးမဲဆန္ဒနယ်ဖြစ်တဲ့ California ပြည်နယ်မှာ Democratic ပါတီအတွက် သမ္မတလောင်း ပဏာမရွေးချယ်ပွဲ ကျင်းပဖို့ တပတ်အလို အင်္ဂါနေ့မှာပဲ California ပြည်နယ် အုပ်ချုပ်ရေးမှူး Jerry Brown က Hillary Clinton ကို ထောက်ခံတယ်လို့ ပြောကြားလိုက်ပါတယ်။

Republican ပါတီဘက်မှာ Billionaire သူဌေးကြီး Donald Trump ကပဲ သမ္မတလောင်းဖြစ်ဖို့ သေချာသလောက် ရှိနေချိန်မှာ Clinton သာလျှင် Trump ကို နိုင်အောင် ပြိုင်ဆိုင်နိုင်မယ့် အခြေအနေ အများကြီးရှိတယ်လို့ ပြောပြီး California အုပ်ချုပ်ရေးမှူး Brown က ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင်မှာကျင်းပမယ့် Democratic ပါတီ ညီလာခံမတိုင်ခင် သူ့အပေါ်ထောက်ခံတဲ့ ပါတီကိုယ်စားလှယ် အရေအတွက်ကို ဘယ်သူကမှ ကျော်နိုင်မှာ မဟုတ်ဘူးလို့ Clinton က ပြောနေတဲ့အတိုင်း အုပ်ချုပ်ရေးမှူး Brown က ထပ်ပြီး ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ Clinton နဲ့ ပြိုင်ဘက် Bernie Sanders ကတော့ မဲဆွယ်မှုတွေကို ဆက်ပြီး လုပ်နေဆဲဖြစ်ပါတယ်။

သမ္မတလောင်း ဖြစ်နိုင်ခြေ နည်းနေတယ်ဆိုတာကို အသိအမှတ်ပြုပေမဲ့ လာမယ့်အင်္ဂါနေ့မှာ ကျင်းပမယ့် California ပြည်နယ် သမ္မတလောင်း ပဏာမရွေးပွဲအတွက် စည်းရုံးမဲဆွယ်နေပါတယ်။

ဇွန်လ ၇ ရက်နေ့ကျရင် California ပြည်နယ်အပြင်၊ Montana, New Jersey, New Mexico, တောင် Dakota နဲ့ မြောက် Dakota ပြည်နယ်တွေမှာ Democratic ပါတီအတွက် သမ္မတလောင်း အကြို ရွေးချယ်ပွဲတွေ ကျင်းပမှာ ဖြစ်ပါတယ်။

ပါတီအတွက် သမ္မတလောင်းဖြစ်ဖို့ ထောက်ခံသူကိုယ်စားလှယ် ၂၃၈၃ ယောက် ရရမှာဖြစ်ပြီး၊ လောလောဆယ်မှာ Clinton က ကိုယ်စားလှယ် ၂၃၁၀ ရရှိထားပြီး ဖြစ်တဲ့အတွက် ပထမဆုံး အမျိုးသမီး သမ္မတလောင်း ဖြစ်လာနိုင်ခြေ များနေပါတယ်။ တချိန်ထဲမှာပဲ Republican ပါတီဘက်က သမ္မတလောင်းဖြစ်ဖို့ ကြိုးစားနေတဲ့ Donald Trump ကတော့ အမေရိကန် စစ်ပြန်တွေအတွက် သူရှာထားတဲ့ ရန်ပုံငွေ ဒေါ်လာ ၅ သန်း ၆ သိန်း ရှိပြီလို့ အင်္ဂါနေ့က ကြေညာပါတယ်။

သူ့ကိုယ်ပိုင်ထည့်ဝင်တဲ့ ဒေါ်လာ ၁ သန်း အပါအဝင် ရန်ပုံငွေ ဒေါ်လာ ၅.၆ သန်းကို အရှေ့အလယ်ပိုင်း စစ်ပွဲတွေကနေ ပြန်လာတဲ့ စစ်ပြန် အများအပြား အပါအဝင် အမေရိကန် စစ်ပြန်တွေအတွက် အကူအညီပေးနေတဲ့ ပုဂ္ဂလိက အဖွဲ့အစည်းပေါင်း ၄၀ ကျော်ကို ခွဲဝေပေးခဲ့တယ်လို့ Trump က ဆိုပါတယ်။

စစ်ပြန်တွေအတွက် တကယ်ငွေလှူရဲ့လားလို့ သတင်းမီဒီယာတွေက မေးခွန်းထုတ်ခဲ့တာနဲ့ ပတ်သက်လို့လည်း မီဒီယာတွေကို Trump က ထပ်မံ တိုက်ခိုက် ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG