သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်ပါတီရဲ့ ပထမဆုံး အမျိုးသမီးသမ္မတလောင်းဖြစ်ဖို့ Clinton သေချာ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် ဟာ - ဒီမိုကရက်တစ်ပါတီရဲ့ ပထမဆုံး အမျိုးသမီး သမ္မတလောင်းတဦးအဖြစ် သမိုင်းတင် နိုင်ဖို့ သေချာလုနီးပါး ရှိနေပါပြီ။ အမေရိကန်ပြည်ထောင်စုက အကြီးဆုံး မဲဆန္ဒနယ်ဖြစ်တဲ့ California ပြည်နယ် အပါအဝင် ပြည်နယ် ၆ ခုမှာ အမေရိကန် ဒေသစံတော်ချိန် အင်္ဂါနေ့က မဲပေးခဲ့ကြတာပါ။

အခု ကျင်းပခဲ့တဲ့ ပါတီတွင်း ရွေးချယ်ပွဲ မဲပေးမှု နောက်ဆုံး အခြေအနေတွေနဲ့ မြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသားတွေ ဘယ်သူ့ကို မဲပေးခဲ့ကြသလဲ… အသေးစိတ်ကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

ဒီမိုကရက်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း ဘယ်သူဖြစ်မလဲဆိုတာကို အဆုံးအဖြတ်ပေးနိုင်မယ့် ပါတီတွင်း ပဏာမရွေးချယ်မှု တွေကို California, New Jersey, Montana, New Mexico, North Dakota နဲ့ South Dakota ပြည်နယ်တို့မှာ ကျင်းပနေပါတယ်။ အေပီသတင်းဌာနရဲ့ ကိုယ်စားလှယ်မဲအရေအတွက် ကောက်ခံချက်အရတော့ - ဝန်ကြီးဟောင်း ကလင်တန် ဟာ ပါတီကိုယ်စားလှယ်မဲအရေအတွက် ပြည့်ဖို့ သိပ်မလိုတော့ဘူး လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒီမိုကရက်တစ်ပါတီရဲ့ ပထမဆုံး အမျိုးသမီး သမ္မတလောင်းတဦးအဖြစ် ဟီလာရီ ကလင်တန် က သမိုင်းတင်နိုင်တော့ မယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြနေကြတာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး - ဝန်ကြီးဟောင်း ကလင်တန် က Los Angeles မြို့အနီး စည်းရုံးရေး ခရီးစဉ်အတွင်း တနင်္လာနေ့ညက အခုလို ပြောကြားခဲ့ပါ တယ်။

“သတင်းတွေမှာပြောနေသလိုပါပဲ မကြုံဖူးလောက်အောင် သမိုင်းတွင်မယ့် အခိုက်အတန့်ကို ရောက်လုနီးပါး ဖြစ်နေပြီဆိုပေမဲ့လို့လည်း လုပ်စရာတွေ ရှိနေတုန်းပါ။ မနက်ဖြန်မှာ ရွေးကောက်ပွဲတွေ ၆ နေရာမှာ ကျင်းပဖို့ ရှိပါတယ်။ မဲအားလုံးရဖို့ အထူးသဖြင့် အခုရောက်နေတဲ့ California မှာ အနိုင်ရ အောင် ကြိုးစားရပါလိမ့်မယ်။”

ရှေ့လထဲ Philadelphia မှာ ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ မတိုင်မချင်း ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် တရားဝင် အတည်ပြုနိုင်ဦးမှာ မဟုတ်ပေမဲ့ - ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း ဖြစ်လာဖို့အတွက် လိုအပ်တဲ့ ပါတီကိုယ်စားလှယ်မဲ အရေအတွက် ၂၃၈၃ မဲ ရရှိရမှာဖြစ်ပြီး၊ လောလောဆယ်အထိတော့ ဝန်ကြီးဟောင်း ကလင်တန်ဟာ ကိုယ်စားလှယ်မဲ ၂၃၁၀ ကို ရရှိထားပြီ ဖြစ်ပါတယ်။ ပြိုင်ဘက်ဖြစ်တဲ့ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ကတော့ - နောက်ဆုံးအချိန်အထိ ယှဉ်ပြိုင် သွားမယ်လို့ အခုလို ပြောကြားခဲ့ပါတယ်။

“မဲဆန္ဒရှင်တွေ အမြောက်အများ မဲလာထည့်ကြမယ်ဆိုရင်၊ အလုပ်လုပ်နေကြတဲ့သူတွေ၊ လူငယ်လူရွယ်တွေ အများအပြား ထွက်လာပြီး၊ ၁% သာရှိတဲ့ လူတစုအတွက် မဟုတ်ဘဲ ကျနော်တို့အားလုံးကို ကိုယ်စားပြုဖို့ အစိုးရကို တောင်းဆိုကြမယ်ဆိုရင် ရွေးကောက်ပွဲမှာ ကျနော်တို့ အကြီးအကျယ် နိုင်ပါလိမ့်မယ်။ အခုရောက်နေတဲ့ California မှာ အနိုင်ရမယ်၊ Montana, New Mexico, North Dakota နဲ့ South Dakota တွေမှာလည်းနိုင်မယ် New Jersey မှာလည်း အခြေအနေကောင်းမယ်ဆိုရင်၊ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာလည်း အရှိန်အဟုန်ကောင်းကောင်းနဲ့ ယှဉ်နိုင်မှာပါ။”

California ပြည်နယ်မှာနေထိုင်တဲ့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသား ကိုဇော်သိန်းဦး ကတော့ - အတွေ့အကြုံရင့်ကျက်ပြီး အမေရိကန်ပြည်ထောင်စု အတွက်ရော၊ မြန်မာနိုင်ငံအတွက်ပါ အကောင်းဆုံးဖြစ်နိုင်မယ့် ဟီလာရီ ကလင်တန် ကို သူ့အနေနဲ့ မဲပေးထောက်ခံခဲ့တယ်လို့ ဆိုပါတယ်။

“အရင်ကတည်းက ကျနော်ကတော့ ဒီမိုကရက်တစ်ပါတီရဲ့ မူဝါဒတွေနဲ့ ဒီမိုကရက်တစ်ပါတီရဲ့ လုပ်ဆောင်မှုတွေကို သဘောကျတယ်လေ။ အမေရိကန် ပြည်ထောင်စုအတွက်ရော၊ ကျနော်တို့ရဲ့ မြန်မာနိုင်ငံအတွက်ရော၊ ဒီမိုကရက်တစ်ပါတီကို အရင်ကတည်းက သဘောကျတယ်။ အဲဒီထဲမှာမှ ဟီလာရီ ကလင်တန်ကျတော့ သူ့အကြောင်းတွေ သိထားပြီးသားဖြစ်တော့ သူ့ကိုပဲ ရွေးလိုက်တာဖြစ်ပါတယ်။”

ဒီမိုကရက်ပါတီရဲ့ မူဝါဒတွေက ကောင်းပေမဲ့လည်း ထင်သလောက် ဖြစ်မလာတာကြောင့် ရီပတ်ဘလစ်ကန်ပါတီကိုပဲ အမြဲ ထောက်ခံခဲ့တယ်လို့ ဆိုသူက တော့ - California ပြည်နယ်မှာနေထိုင်တဲ့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသား Derek Chan ပါ။

“ကျနော်က ရီပတ်ဘလစ်ကန် ဒါပေမဲ့ ဒေါ်နယ်ထရန့်ကို မကြိုက်တော့ ဘယ်သူ့ကိုမှ မဲပေးလို့ မရတော့ဘူး။ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာတော့ ကျနော်က ဒီမိုကရက်ကို တခါမှ မဲမပေးဖူးဘူး။ မဲပေးဖို့လည်း အဆင်သင့်မဖြစ်သေးဘူးဆိုတော့ ဒေါ်နယ်ထရန့်ကို မဲပေးချင်ပေးမယ်။ မဟုတ်လို့ရှိရင် ကျနော် တခြား တယောက်ယောက်ကို မဲပေးမယ်။ အခုထိတော့ မဆုံးဖြတ်ရသေးဘူး။ ဒါပေမဲ့ ဒေါ်နယ်ထရန့်က ကျနော့်ရဲ့ ပထမရွေးချယ်ရမယ့်သူ မဟုတ်တော့ တော်တော် စဉ်းစားရခက်တယ်ပေါ့။ ပေါ်လစီအရ ကျနော်က ဒီမိုကရက်ကို မကြိုက်ခဲ့ဘူး။ ရည်ရွယ်ချက်ကတော့ ကောင်းတယ်။ နှစ်ပေါင်း ၃၊ ၄ ဆယ်အတွင်းမှာ ဖြစ်လာတဲ့ အကျိုးကျေးဇူးက ဒီလောက် မရှိဘူး။”

မဲရုံတွေကတော့ မိနစ်ပိုင်းအတွင်းမှာပဲ ပိတ်တော့မှာပါ။ ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း ဘယ်သူဆိုတာကို အဆုံးအဖြတ်ပေးနိုင်မယ့် လက်ရှိ ၆ ပြည်နယ် မဲပေးမှုဟာဆိုရင် ဒီမိုကရက်တစ်ပါတီတွင်း ရွေးချယ်ပွဲအတွက် နောက်ဆုံး ယှဉ်ပြိုင်မှုဖြစ်ပြီး - ပြည်နယ် ၆ ခုက ပါတီကိုယ်စားလှယ်မဲ ၆၉၄ ကို ရရှိဖို့အတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေကြရတာ ဖြစ်ပါတယ်ရှင်။

ပြည်နယ်ပေါင်း ၆ ခုမှာ ပါတီတွင်းပဏာမရွေးချယ်ပွဲတွေ ကျင်းပ
please wait

No media source currently available

0:00 0:04:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG