သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ သမိုင်းပြတိုက် ဖွင့်လှစ်


၂၀၁၅ (၈) လေးလုံးနှစ်ပတ်လည် အခမ်းအနားနဲ (၈၈) သမိုင်းပြတိုက်ဖွင့်ပွဲ (ဓာတ်ပုံ- ၈၈ ငြိမ်း/ပွင့်)
၂၀၁၅ (၈) လေးလုံးနှစ်ပတ်လည် အခမ်းအနားနဲ (၈၈) သမိုင်းပြတိုက်ဖွင့်ပွဲ (ဓာတ်ပုံ- ၈၈ ငြိမ်း/ပွင့်)

ဒီကနေ့ ကျရောက်တဲ့ ၈ ရက် ၈ လ ၈၈ ရှစ်လေးလုံးအရေးတော်ပုံ ၂၇ နှစ်ပြည့်နေ့မှာ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း မြန်မာနိုင်ငံတွင်း စစ်မှန်တဲ့ဒီမိုကရေစီရရှိရေး တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဟန်းရှင်လူပြည်သူလူထုနဲ့ ဒီမိုကရေစီ အင်အားစုတွေအတွက် အမှန်တရားဖော်ထုတ်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။ အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှုနဲ့ အမှန်တရားကိုဖော်ထုတ်ရင်း အမျိုးသားရင်ကြားစေ့ရေးနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

၂၀၁၅ (၈) လေးလုံးနှစ်ပတ်လည် အခမ်းအနား (ဓာတ်ပုံ- ၈၈ ငြိမ်း/ပွင့်)
၂၀၁၅ (၈) လေးလုံးနှစ်ပတ်လည် အခမ်းအနား (ဓာတ်ပုံ- ၈၈ ငြိမ်း/ပွင့်)

ဒီကနေ့ သြဂုတ်လ (၈) ရက်နေ့ စနေနေ့မှာ ကျရောက်တဲ့ (၂၇) နှစ်မြောက် ရှစ်လေးလုံး (၈၈၈၈) ဒီမိုကရေစီအရေးတော်ပုံနေ့မှာ သမိုင်း ဖြစ်ရပ်မှန်ကို သိရှိနိုင်ဖို့နဲ့ တရားမျှတမှု၊ အမှန်တရား ဖော်ထုတ်နိုင်ဖို့အရေး အဓိကရည်ရွယ်ပြီးတော့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင်တွေနဲ့ ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ဖြတ်သန်းတိုက်ပွဲဝင်ခဲ့ကြတဲ့ ဒီမိုကရေစီအင်အားစုတွေ စုပေါင်း လုပ်ဆောင် ထားတဲ့ ရှစ်လေးလုံးအထိမ်းအမှတ် သမိုင်းပြတိုက်ကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဖွင့်လှစ်လိုက်ပါတယ်။ ယာယီစတင်ဖွင့်လှစ်ထားတဲ့ ဒီ ရှစ်လေးလုံး အထိမ်းအမှတ်ပြတိုက်ထဲမှာ ပြည်သူတွေပါဝင်ခဲ့တဲ့ ၈ လေးလုံး အရေးတော်ပုံနဲ့ ပတ်သက်တဲ့ သမိုင်းမှတ်တမ်းဓာတ်ပုံနဲ့ အာဏာပိုင်တွေဘက်က အကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ သက်သေ အထောက်အထားတွေကို ပြသထားတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ပြောပါတယ်။

“(၈) လေးလုံး လှုပ်ရှားမှုကာလ တလျှောက်လုံးမှာ ပြည်သူတွေ ဘယ်လိုငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သလဲ၊ နောက် အလွှာပေါင်းစုံ ဘယ်လို ပါဝင်ခဲ့သလဲ၊ လူမျိုးပေါင်းစုံ ဘယ်လိုပါဝင်ခဲ့သလဲ၊ လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန်ပါဝင်ခဲ့တဲ့ မှတ်တမ်းပုံတွေပေါ့။ အဲဒီပုံတွေကိုကျနော်တို့ ပြသထားတယ်။ ဒီမိုကရေစီ ငြိမ်းချမ်းစွာတောင်းဆိုမှုရဲ့နောက်ဆက်တွဲမှာ ဘာတွေဖြစ်လဲဆိုတဲ့ အကြမ်းဖက် နှိမ်နင်းခံရတဲ့ မှတ်တမ်းတွေကို ကျနော်တို့ ပြထားတယ်။ ဒီဖြစ်စဉ်တွေကို နောက်နောင်မှာ မပေါ်စေချင်တဲ့ဆန္ဒ- အဲဒါတွေနဲ့ပတ်သက်ပြီးတော့ မှတ်တမ်းတွေကို ကျနော်တို့ ပြသထားတယ်။ ဒီပြခန်းကို အကောင်အထည်ဖော်တဲ့နေရာမှာ အများစုက ၈၈ မျိုးဆက်တွေ ဖြစ်တယ်ပေါ့။ ၈၈ မျိုးဆက် ဒီဇိုင်နာတွေ၊ architect တွေ၊ ၈၈ မျိုးဆက် ပန်းချီဆရာ၊ ပန်းပုဆရာတွေ၊ အနုပညာရှင်တွေ ဝိုင်းဝန်းပြီးတော့ သူတို့ရဲ့ပညာတွေနဲ့ ဖွဲ့စည်းထားတာ၊ တည်ဆောက်ထားတာကို တွေ့ကြရမှာပါခင်ဗျ။”

(၈၈၈၈) ရှစ်လေးလုံးအရေးတော်ပုံ ၂၇ နှစ်ပြည့်နေ့မှသည် ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း မြန်မာနိုင်ငံတွင်း စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေး တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြရင်း ဘဝတွေ အသက်တွေပေးခဲ့ကြတဲ့ ရဟန်းရှင်လူပြည်သူလူထုနဲ့ ဒီမိုကရေစီ အင်အားစုတွေ အတွက် အမှန်တရားဖော်ထုတ်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။

“(၈) လေးလုံးသမိုင်းဆိုတာဟာ ပြည်သူတရပ်လုံးက ဒီမိုကရေစီတောင်းဆိုတဲ့၊ ဒီမိုကရေစီလိုချင်တဲ့၊ ဒီမိုကရေစီအတွက် အသက်တွေ ပေးဆပ်သွားခဲ့ရတဲ့ သမိုင်းတခုပဲ။ အဲဒီသမိုင်းကို ကျနော်တို့က နောင်လာနောက်သားတွေကို လက်ဆင့်ကမ်းခြင်းအားဖြင့် ဒီမိုကရေစီရဲ့စိတ်ဓာတ်၊ (၈) လေးလုံး စိတ်ဓာတ်တွေကို ကျနော်တို့က ခိုင်မာအောင်၊ အားကောင်းအောင်လုပ်နိုင်မယ်။ ဒါမှလည်း ဒီမိုကရေစီရရှိရေးလုပ်ငန်းစဉ်တွေမှာ အထောက်အကူပြုမယ်။ ဒါက တချက်ပေါ့။ နောက်တချက်က ဘာလဲဆိုတော့ Truth & Reconciliation ပေါ့-အမှန်တရားကိုလည်း ဖော်ထုတ်ရမယ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်လည်း တည်ဆောက်ရမယ်။ တည်ဆောက်ရမှာဖြစ်တဲ့ အတွက် အမှန်တရားကို ဖော်ထုတ်တဲ့လုပ်ငန်းစဉ် တခုဖြစ်တယ်။ အဲဒီကတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ကျနော်တို့က ရလဒ်ကောင်းတွေ ရနိုင်ဖို့ ရှာဖွေရမယ်။ ဒါတချက်ပေါ့။ နောက်တချက်က ဘာလဲဆိုတော့ Transitional Justice ပေါ့၊ အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတရေးနဲ့ပတ်သက်ပြီး ယနေ့အချိန်အထိ ဘယ်သူမှ အကောင်အထည် မဖော်နိုင်သေးဘူး။ အဲဒါတွေကိုလည်း ကျနော်တို့က အတိအကျ အကောင်အထည်ဖော်မယ်ဆိုလို့ရှိရင် ဒီ (၈) လေးလုံးပြတိုက်ကနေပြီးတော့ အထောက်အကူပြုလာနိုင်လိမ့်မယ်။”

၈၈ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး စစ်အစိုးရအဆက်ဆက်ကတော့ ဒါဟာ မင်းမဲ့ဆန်တဲ့ ဆူပူလှုပ်ရှားမှုတွေသာဖြစ်တယ်လို့ ပြောဆိုသလိုပဲ ဒါကြောင့် စစ်တပ်ဘက်က အာဏာသိမ်းခဲ့ရတာဖြစ်တယ်လို့ အကြောင်းပြလေ့ရှိပါတယ်။ (၈၈၈၈) ရှစ်လေးလုံးအရေးတော်ပုံရဲ့ သမိုင်း ဖြစ်ရပ်မှန်တွေကို ခိုင်မာတဲ့သက်သေအထောက်အထားတွေနဲ့ ဖော်ထုတ်နိုင်ဖို့ကိုလည်း ၈၈ မျိုးဆက်တွေက အလေးအနက် ဆောင်ရွက်နေ ပါတယ်လို့လည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီကပြောပါတယ်။

“၈၈ က ညီအကိုတွေ၊ အဖွဲ့အစည်းတွေရှိတယ်။ အဲဒီမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့စာရင်းကောက်ယူတဲ့ကိစ္စမျိုးတို့၊ နောက်ပြီးတော့ (၈) လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုကာလအတွင်းမှာ ကျဆုံးသွားတဲ့လူတွေရဲ့စာရင်း ကောက်ယူတဲ့ကိစ္စမျိုးတို့၊ Transitional Justice ပေါ့-အတူသွားရင်းကာလ တရားမျှတမှုဆိုင်ရာနဲ့ပတ်သက်လို့ အမှန်တရားတွေ ဖော်ထုတ်တဲ့ကိစ္စမျိုးတို့၊ ဒါမျိုးတွေတော့ ဆက်လုပ်သွားဖို့အစီအစဉ်ရှိတယ်။ ဒါကလည်း ပိုပြီးတော့ စနစ်တကျ အကောင်အထည်ဖော်နိုင်ဖို့တော့ လိုတာပေါ့။ ပြည့်စုံလှတာတော့ မဟုတ်ဘူးဗျ။ ကျန်နေတာတွေ အများကြီးရှိသေးတယ်။ ကျနော်တို့ မသိနိုင်တာတွေ၊ မရသေးတဲ့မှတ်တမ်းတွေ အများကြီးရှိသေးတယ်။ အဲဒါတွေကိုလည်း ပေးပို့ဖို့ တောင်းဆိုထားတာတွေရှိတယ်။ လူပုဂ္ဂိုလ်တဦးချင်းစီရော၊ အဖွဲ့အစည်းလိုက်တွေရော ပေးပို့ဖို့ ကျနော်တို့ တောင်းဆိုထားတယ်။”

နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေနဲ့အတူ ၈ လေးလုံးကိုဖြတ်သန်းခဲ့ကြတဲ့ ဒီမိုကရေစီ အင်အားစုတွေကလည်း ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက်မှာ(၂၇) နှစ်မြောက် ဒီမိုကရေစီအရေးတော်ပုံအခမ်းအနားကို စုပေါင်းကျင်းပခဲ့ကြပါတယ်။

လူထုလူတန်းစားတရပ်လုံးက အာဏာရှင်ကို ဖီဆန်တော်လှန်ခဲ့ကြခဲ့တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှာမပြီးပြတ်သေးတဲ့ ဒီမိုကရေစီရရှိရေး၊ စစ်မှန်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး တိုင်းရင်းသားတွေနဲ့ လက်တွဲအကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးတယ် ဆိုတာကိုလည်း ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြားခဲ့ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း တိုင်းပြည်အတွက် လူငယ်မျိုးဆက် တော်တော်များများ နိုင်ငံရေးလမ်းစဉ်နဲ့ လက်နက်ကိုင်၊ လက်နက်မဲ့ တော်လှန်ခဲ့ကြတဲ့သမိုင်းဖြစ်ရပ်ကို နောင်မျိုးဆက်လူငယ်တွေ သိရှိစေချင်တယ် လို့လည်း ခွန်မြင့်ထွန်းကပြောပါတယ်။

၂၀၁၅ (၈) လေးလုံးနှစ်ပတ်လည် အခမ်းအနားတက်ရောက်လာတဲ့ ခွန်မြင့်ထွန်း (ဓာတ်ပုံ- ၈၈ ငြိမ်း/ပွင့်)
၂၀၁၅ (၈) လေးလုံးနှစ်ပတ်လည် အခမ်းအနားတက်ရောက်လာတဲ့ ခွန်မြင့်ထွန်း (ဓာတ်ပုံ- ၈၈ ငြိမ်း/ပွင့်)

“(၈) လေးလုံးအရေးတော်ပုံဆိုတာက လက်နက်ကိုင်တော်လှန်ရေးကိုပေါ့လေ- လက်ရုံးရည်တော်လှန်ရေးရော၊ လက်နက်မဲ့တော်လှန်ရေး ရော - ဒီတော်လှန်ရေး နှစ်ရပ်စလုံးပေါ်ပေါက်လာတဲ့ လူထုတော်လှန်ရေးဖြစ်တယ်ဆိုတဲ့ အချက်ကို ကျနော်တို့ ဒါ အဓိကတခုပါ။ နောက်တခုကတော့ ဒီမိုကရေစီအရေးတော်ပုံမှာ ကျနော်တို့ ပါဝင်ခဲ့ကြတဲ့သူတွေက အဲဒီတုန်းက လူငယ်တွေက ကိုယ့်ရဲ့မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေကို ဖျက်ပြီးတော့မှ ဒီမိုကရေစီအရေးအတွက် ပြည်ထောင်စုကို ထူထောင်ဖို့အတွက် ပါဝင်ခဲ့ကြတာကို အဓိကထားပြီး ပြောတာပါ။ နောက်တခုကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေး ရဖို့ဆိုရင် ဗမာများနဲ့ တိုင်းရင်းသားများအကြားမှာ တန်းတူအသိအမှတ်ပြုဖို့လိုအပ်တယ်ဆိုတာကို အဲဒါပြောတာပါ။”

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၊ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးနဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီငြိမ်းချမ်းရေးကော်မတီဝင် ဒေါ်စောမြရာဇာလင်းတို့ကလည်း ၂၇ နှစ်တာ ကြာမြင့်ခဲ့ပေမဲ့ နိုင်ငံတွင်း ဒီမိုကရေစီ မရရှိသေးတဲ့အနေအထား၊ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီတော်လှန်ရေး အဆုံးတိုင်ဆက်လက်ဆောင်ရွက်ကြဖို့စတဲ့ ၈ လေးလုံး အရေးတော်ပုံနဲ့ ပတ်သက်တဲ့ အမှာစကားတွေ အသီးသီးပြောကြားခဲ့သလို (၂၇) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ် ၈ လေးလုံး ငွေရတုအဆုံးအဖြတ်တွေကို ဆက်အကောင်အထည်ဖော်ဖို့၊ နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူတွေ၊ တရားရင်ဆိုင်နေရတဲ့ ကျောင်းသူ ကျောင်းသား ပြည်သူလူထုတွေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအင်အားစုတွေ အနိုင်ရရေး ဝန်းရံကြဖို့ကိုလည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

XS
SM
MD
LG