မြန်မာပရိသတ်တွေကြားမှာ အားပေးမှု ထောက်ခံမှုများနေတဲ့ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကို အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာကျင်းပမယ့် Hobnobben ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ ဇွန်လ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိကျင်းပမယ့် Hobnobben ရုပ်ရှင်ပွဲတော်အတွက် နိုင်ငံတကာ ရုပ်ရှင်ကားပေါင်း ရာကျော်အနက် က ရွေးချယ်ခံရတဲ့ ရုပ်ရှင်တွေထဲမှာ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ကား ပါဝင်တာပါ။ ဒီရုပ်ရှင်ကားဘာကြောင့် ရွေးချယ်ခံရသလဲ ဆိုတာကို ဒေါ်လှလှသန်းက ဆက်ပြီးတော့ ပြောပြပါလိမ့်မယ်။
အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး နှစ်စဉ် ကျင်းပခဲ့တဲ့ Hobnobben ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရဖို့ နိုင်ငံတကာ ရုပ်ရှင်ကားပေါင်း ၁၅၀ နီးပါးတို့ ဝင်ပြိုင်ခဲ့ကြရာမှာ ဒီနှစ်ရွေးချယ်ခံရတဲ့ ရုပ်ရှင်ကား ၄၅ ကား ရှိပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံမှာ လက်ရှိရုပ်ရှင်လောကမှာ ဆန်းသစ်တီထွင်မှုကြောင့် ပရိသတ်တွေကြား ရေပန်းစားနေတဲ့ Mudras Calling ခေါ် မုဒြာရဲ့ခေါ်သံ ဟာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
ဇာတ်ဆောင်သစ်တွေ ဖြစ်တဲ့ မင်းသား ဇဏ်ခီ၊ မင်းသမီး လှယဉ်ကျေးနဲ့ ခရစ်တီးနားခီတို့ ရိုက်ကူးထားပြီး ၈၀ ရာခိုင်နှုန်း အင်္ဂလိပ်စကားပြော ဖြစ်ခါ မြန်မာစာတန်းထိုး ရုပ်ရှင် ဖြစ်ပါတယ်။ ဒီရုပ်ရှင် အနေနဲ့ အခုလို ရွေးချယ်ခြင်း ခံရတာနဲ့ ပတ်သက်လို့ Hobnobben ရုပ်ရှင်ပွဲတော် ကျင်းပရေး ပြောခွင့်ရ Jenny Martin က အခုလို ပြောပါတယ်။
“ Mudras Calling ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်လို့ ကျမတို့ ရုပ်ရှင် ပွဲတော်မှာ ပြသဖို့ အရည်အသွေး ပြည့်မီ မမီ ဆိုတာကို စိစစ်ရာမှာ ကဏ္ဍ ၅ ခုခွဲထားပါတယ်။ တခုကတော့ ကိုယ်ပိုင်ဖန်တီးမှုနဲ့အနုပညာ လက်စွမ်းဘဲ ဖြစ်ပါတယ်။ မုဒြာရဲ့ ခေါ်သံဟာ ဒီကဏ္ဍမှာ သိပ်ကို ကောင်းတာ တွေ့ရပါတယ်။ နောက်တခုကတော့ အရေးအသားပါ။ ဒါကိုလည်း ကျမတို့ ကြိုက်ပါတယ်။ ရုပ်ရှင် ဓာတ်ပုံ လက်ရာကလည်း သိပ်ကို ကောင်းပါတယ်။သရုပ်ဆောင်တွေလည်း ကောင်းပြီး ရုပ်ရှင်နောက်ခံတေးကလည်း သိပ်ကို လိုက်ဖက်လှပါတယ်။ ဒါကြောင့်လည်း ဒီရုပ်ရှင်ကားဟာ ပထမ ဆန်ခါတင် ရွေးချယ်ခံခဲ့ရပြီး နောက်ဆုံး ရွေးချယ်ရာမှာလည်း ပါဝင်ခဲ့တဲ့ အတွက် အခု ရုပ်ရှင်ပွဲတော်မှာ ပြသခွင့် ရတာလည်း ဖြစ်ပါတယ် ” လို့ Hobnobben ရုပ်ရှင်ပွဲတော် ပြောခွင့်ရ Jenny Martin က အခုလို ပြောသွားတာ ဖြစ်ပါတယ်။
မုဒြာရဲ့ ခေါ်သံကို မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က စတင်ရိုက်ကူးခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ရိုက်ကူး ပြီးစီးခဲ့ပြီး ပေမယ့် ထိုစဉ်က ရုပ်ရှင်ရုံတင်ရာမှာ ဆင်ဆာ တည်းဖြတ်မှု အပြင် တန်းစီပြီး စောင့်ရတဲ့ အတွက်ကြောင့်လည်း အခု ၂၀၁၈ ခုနှစ်မှ ရုံတင်ခွင့် ရရှိပြီး ရုပ်ရှင် ပရိသတ်တွေကြား ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ပွဲတော်မှာ ဒီလို ပြသခွင့်ရဖို့ တနှစ်ကျော်ကြာ ကြိုးစားခဲ့ရသူ Mudras Calling မုဒြာရဲ့ ခေါ်သံ ထုတ်လုပ်သူ အမေရိကန်သူ Mona Strassburger က ဝမ်းမြောက်ဂုဏ်ယူကြောင်း အခုလို ပြောပါတယ်။
“ ဒီ Hobnobben ရုပ်ရှင်မှာ ပြသခွင့် ရတဲ့ အတွက် ကျမ ပျော်မဆုံးပါဘူး။ ကျမ အနေနဲ့ ဒီရုပ်ရှင်ပွဲတော်မှာ ရွေးချယ်ခံရဖို့ တနှစ်ကျော် ကြိုးစားခဲ့ရတာပါ။ အခုတော့ ပြသခွင့်ရတဲ့ အပြင် ဒါဟာ မုဒြာရဲ့ ခေါ်သံ ပထမဆုံး ပြသခွင့် ရတဲ့ အမေရိကန် ရုပ်ရှင်ပွဲတော်လည်း ဖြစ်ပါတယ်။ ဒါကြောင့် သိပ်ကို စိတ်လှုပ်ရှား ရပါတယ်။ ဒီရုပ်ရှင် ပြသခွင့်ရတဲ့ ဖို့ဝိန်း အင်ဒီးယားနား ဟာလည်း မြန်မာ လူမျိုးတွေ အများကြီး နေထိုင်တဲ့မြို့ ဖြစ်ပါတယ်။ ပြည်ပမှာ နေထိုင်နေကြတဲ့ မြန်မာတွေက ကျမတို့ကို မကြာခဏဘဲ ဒီရုပ်ရှင် ကြည့်ချင်တဲ့ အကြောင်း မေးလာကြတော့ ကျမတို့လည်း အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ ”
အင်ဒီးယားနား ပြည်နယ် ဖို့ဝိန်းမြို့ဟာ မြန်မာ ဒုက္ခသည် အများဆုံး လာရောက် အခြေချ နေထိုင်ရာ ဖြစ်သလို မြန်မာနွယ်ဖွား ၆ ထောင်လောက် ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း မုဒြာရဲ့ ခေါ်သံ ရုပ်ရှင် လာရောက်ပြသရင် ကြည့်ရှုဖို့ ဟန်ပြင်နေကြတာလည်း ဖြစ်ပါတယ်။ အဲဒီထဲမှာ ဖို့ဝိန်းမြို့ခံ ကိုကျော်သက်လည်း ပါဝင်ပါတယ်။
“ ဒီမြို့မှာ ကျနော်တို့လည်း ရုပ်ရှင်ပွဲတော် ရှိတယ်။ အဲဒီ ပွဲတော်မှာ ဇွန်လမှာ ပြမယ်ဆိုတော့ ကျနော်တို့ အားလုံး ကျနော်တို့ အိမ်သားတွေက အစ အားလုံးက စိတ်ဝင်တစားနဲ့ ကြည့်ဖို့ ဆန္ဒ ရှိကြတယ်ပေါ့နော်။ ဆိုတော့ ဒီကားကတော့ ကျနော်တို့ ထင်ပါတယ် ဗမာပြည်ရဲ့ အလှအပတွေနဲ့ ဗမာပြည်ရဲ့ မြူးဇစ်ကို အများကြီး ဖော်ပြနိုင်မယ်။ နောက်ပြီးတော့လည်း အင်္ဂလိပ်လိုလည်း ပြောတဲ့ ကားတကား ဖြစ်တဲ့ အတွက်ကြောင့် ဒီ မုဒြာ ခေါ်သံဆိုတဲ့ ကားကိုတော့ တမြို့လုံးက အားပေးကြမယ်လို့ ထင်ပါတယ်။ အခုကားကတော့ လူတိုင်းကလည်း ပြောတယ် ဗမာပြည်က သူငယ်ချင်းတွေ အားလုံးကလည်း Recommend လုပ်ကြတယ်။ ကျနော်တို့ ဒီမြို့ကလည်း မြို့ခံတွေကရော ဒီမြို့နား အနီးတဝိုက်ကရော အမေရိကတိုက်မှာ ရှိတဲ့ ကျနော်တို့ ဖို့ဝိန်းနဲ့ နီးတဲ့ နေရာကလည်း လာကြလိမ့်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့ ထင်တာလဲ ဆိုတော့ သူတို့ ကျနော့်ကို ဖုန်းဆက်မေးကြတာတွေ၊ နောက်ပြီးတော့ ဒီမြို့ထဲမှာတင် ပြောနေဆိုနေကြတာတွေ ကြားတယ်။ ”
ဇွန်လ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့ အထိ ကျင်းပဖို့ ရှိတဲ့ Hobnobben ရုပ်ရှင်ပွဲတော်မှာ Mudras Calling ရုပ်ရှင်ကို ဇွန်လ ၁၀ ရက်နေ့မှာ ပြသဖို့စီစဉ်ထားပြီး cinemacenter.org ဝက်ဘ်ဆိုဒ်ကနေ မေလ ၁၇ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်သလို လက်မှတ်တွေကိုလည်း ပွဲတော်ကျင်းပတဲ့ ရက် အတွင်းမှာ ရောင်းချသွားမှာ ဖြစ်တယ်လို့ Hobnobben ရုပ်ရှင် ပြောခွင့်ရက ပြောခဲ့ပါတယ်။