သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးရုပ်ရှင် VOA ဆု၊ ဒါရိုက်တာ ကောင်းမြတ်သူကျော်ရဲ့ မှတ်တမ်းရုပ်ရှင်ရရှိ


လူ့အခွင့်အရေးရုပ်ရှင် VOA ဆု၊ ဒါရိုက်တာ ကောင်းမြတ်သူကျော်ရဲ့ မှတ်တမ်းရုပ်ရှင်ရရှိ (VOA)
လူ့အခွင့်အရေးရုပ်ရှင် VOA ဆု၊ ဒါရိုက်တာ ကောင်းမြတ်သူကျော်ရဲ့ မှတ်တမ်းရုပ်ရှင်ရရှိ (VOA)

ပဉ္စမအကြိမ်မြောက် ကျင်းပတဲ့ ၂၀၁၇ ခုနှစ် လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဒီကနေ့ ဆုရရှိတဲ့ မှတ်တမ်း ရုပ်ရှင်တွေကို ချီးမြှင့်ပါတယ်။ မြန်မာနဲ့ နိုင်ငံတကာက ရိုက်ကူးတဲ့ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို ၆၄ ကားထဲကနေ ဆု ၆ ဆု ရွေးချယ် ပေးအပ်တာဖြစ်ပြီး ဒီအထဲမှာ VOA အမေရိကန်အသံ ကလည်း ဗွီအိုအေ မှတ်တမ်းရုပ်ရှင်ဆု ချီးမြှင့်ခဲ့ပါတယ်။

ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်ကနေ ဒုတိယအကြိမ်မြောက် ပါဝင်ချီးမြှင့်တာဖြစ်ပြီး၊ ဒီနှစ် ဗွီအိုအေရဲ့ မှတ်တမ်းရုပ်ရှင်ဆုကို ဒါရိုက်တာ ကောင်းမြတ်သူကျော် ရိုက်ကူးတဲ့ Deep Inside Her မှတ်တမ်းရုပ်ရှင်က ရရှိသွားပါတယ်။ ထူူးချွန်ထက်မြက်ပြီး ရည်မှန်းချက်ကြီးမားတဲ့ ကျောင်းသူ မိန်းကလေးငယ်တဦး… လက်ရှိပညာရေးစံနစ်အတွင်းမှာ ရှိနေဆဲ ကျားမ ခွဲခြားကန့်သတ်မှု စည်းမျဉ်းတခုကြောင့် အနာဂတ် ဘဝရည်မှန်းချက် ပျက်စီးခဲ့ရပုံကို မီးမောင်းထိုးပြထားတာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ VOA ကနေပြီးတော့ ပထမဆုံးပေးတဲ့ဆု ကတော့ ရိုးမြေကျဆိုတဲ့ ဇတ်ကားလေးဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဆု (နိုင်ငံတကာမှတ်တမ်းရုပ်ရှင်ဆု) ကိုတော့ - “မရမ်းခြံ - Waves of Transition” လို့ နံမည်ပေးထားတဲ့ ဧရာဝတီမြစ်ကမ်းဘေးက လှေဆိပ်အလုပ်သမားတွေအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်က ရရှိသွားပါတယ်။ ဒီကားကိုတော့ ဆွစ်ဇာလန်နိုင်ငံကနေ ဝင်ပြိုင်တာ ဖြစ်ပြီး ရိုက်ကူးသူကတော့ ဂျိုနား ရှူး Jonas Scheu ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆု (ပြည်တွင်းမှတ်တမ်း ရုပ်ရှင်ဆု) ကိုတော့ “Non Fossils - အသွေးအသားဖြင့် တည်ဆောက်သည်” ဆိုတဲ့ မိုးသစ်ဆက်ထွန်း ရိုက်ကူးတဲ့ မှတ်တမ်းရုပ်ရှင်က ရရှိသွားပါတယ်။ ဒီကနေ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားကို နော်ဝေသံအမတ်ကြီးနဲ့ British Council ကိုယ်စားလှယ်တွေ၊ ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ လွှတ်တော်အမတ် တချို့လည်း တက်ရောက်နေကြတာ ဖြစ်ပါတယ်။

ပဉ္စမအကြိမ် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲကို ရန်ကုန်မြို့မှာကျင်းပတာမှာ VOA ဆုအတွက် Deep Inside Her မှတ်တမ်းရုပ်ရှင်ကို ရွေးချယ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို ကိုယ်တိုင် တက်ရောက် ဆုချီးမြှင့်ခဲ့တဲ့ VOA အမေရိကန်အသံ မြန်မာပိုင်းဌာန၊ ဌာနမှူး ဦးသန်းလွင်ထွန်းကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းစဉ် သူက အခုလိုစဖြေပါတယ်။

ဖြေ။ ။ကျနော်တို့ VOA အတွက်ကို ဆုပေးဖို့ဆိုပြီးတော့ ရွေးချယ်ဖို့ ကျနော်တို့ ဆီကိုပေးထားခဲ့တဲ့ စုစုပေါင်း ဇာတ်ကားပေါင်း ၂၅ ခုကနေပြီးတော့ တကားကို ကျနောတို့ ရွေးရပါတယ်။ ကျနော်တို့ရွေးလိုက်တဲ့ကားကတော့ Deep Inside Her ဆိုတဲ့ ရှပ်ရှင်ဇာတ်ကားတိုလေးပါ။ အဲဒါက မြန်မာလိုတော့ နာမည်ပေးမထားဘူးပေါ့လေ ၊ ဒါပေမယ့်လည်း အကြမ်းဖျင်းဘာသာပြန်ရင်တော့ သူမရဲ့အတွင်းစိတ်သဏ္ဍန်ပေါ့နော် ခံစားရမှုလို့ ပြောလို့ရပါတယ်။ အကြောင်းအရာကတော့ ဘာလဲဆိုတော့ အထူးသဖြင့် အထက်တန်းကျောင်းအောင်တဲ့ အမျိုးသမီးလေး၊ မိန်းကလေးငယ်လေးတယောက် ပေါ့နော် ကျောင်းသူလေး ၁ ယောက်အနေနဲ့ ၆ ဘာသာဂုဏ်ထူးနဲ့ အောင်ပေမယ့် အမှတ်က ဆေးတက္ကသိုလ်ကိုဝင်ခွင့်ရဖို့ ကြိုးစားတဲ့နေရာမှာ အမျိုးသား၊ အမျိုးသမီး အမှတ်တွေ မညီတဲ့အတွက်ကြောင့်မို့လို့ သူ့အနေနဲ့ ဝင်ခွင့်မရခဲ့ရဘူးလို့ဆိုတဲ့ အကြောင်းပါပဲ။ အဲဒါက ဒီစနစ်က တကယ်တန်းပြောလို့ရှိရင် အမျိုးသမီးတွေအတွက်ကို ဆေးတက္ကသိုလ်ဝင်ခွင့်ရဖို့ အမှတ်တွေ မြှင့်ထားတယ်ဆိုတာက တမင်ခွဲခြားထားတဲ့ မမျှတတဲ့ ပညာရေးစနစ်တခုပေါ့နော်၊ ဒီလိုစနစ်ကြောင့် ကျောင်းသူလေးတယောက်ရဲ့ ဘဝရည်မှန်းချက် ပျက်သွားခဲ့ရတဲ့ ပုံလေးကို အခြေအနေကို မီးမှောင်းထိုးခဲ့ရုပ်ရှင်ဇတ်လမ်းတိုလေးပါ တကယ့်အဖြစ်အပျက်ပါ။ ဒီ အင်းလေးဒေသက ကျောင်းသူလေးတယောက်အကြောင်းကို သွားပြီးရိုက်ထားတာပါ။

မေး။ ။အခုဆိုရင် ရုပ်ရှင်ပွဲတော်ကျင်းပလာတာ ၅ နှစ်မြောက်ရှိပြီပေ့ါလေ၊ ပြိုင်ပွဲဝင်ဇတ်ကားတွေရဲ့ အရည်အသွေးပိုင်းမှာရော ပိုပြီးတော့ တိုးတက်လာတာရောတွေ့ရပါသလား။

ဖြေ။ ။ကျနော်တို့ကတော့ မနှစ်ကနေစပြီးတော့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွေမှာ ဝင်ပါခဲ့တယ် မနှစ်ကစပြီးတော့လည်း ကျနော်တို့ VOA ဆုကို ပေးခဲ့ပါတယ်။ ဆိုတော့ ကျနော်တို့ မြင်ရသလောက်ကတော့ ရုပ်ရှင်ဇာတ်ကားတွေရဲ့ အရည်အသွေးက မြင့်လာတယ်လို့ ပြောလို့ရပါတယ်။ အထူးသဖြင့် Camera ပိုင်း technical ပိုင်းမှာ ပိုပြီးတော့ မြင့်လာတယ်။ နောက်ပြီးတော့ အတွေးအခေါ်အပိုင်းမှာလည်း ဇတ်လမ်းကို တင်ပြနိုင်တဲ့ ဖော်ပြနိုင်တဲ့ အနေအထားလေးတွေကလည်း တော်တော်လေး တိုးတက်လာတာကို ကျနော်တွေ့ပါတယ်။

မေး။ ။ဆိုတော့ ဒီရုပ်ရှင်ပွဲတော်မှာပေါ့လေ၊ အထူးသဖြင့်တော့ လူ့အခွင့်အရေး အခြေအနေအကြောင်း နောက်ပြီးတော့ လူမှုအသိုင်းအဝိုင်းတွေထဲက အခက်အခဲတွေအကြောင်းကို မီးမှောင်းထိုးပြပြီးတော့ ရိုက်ကူးတင်ဆက်ကြတာပေါ့။ ဆိုတော့ ဒီလိုရိုက်ကူးတင်ဆက်ပြီးတော့ ပြသတဲ့အခါမှာရော အခုဆိုရင် ၄-၅ နှစ်ရှိလာပြီဆိုတော့ ဒီလိုအခြေအနေမျိုးကနေ ပိုပြီးတော့ တိုးတက်လာနိုင်တဲ့ အနေအထားမျိုးတွေကို တွေ့ရပါသလားခင်ဗျ။

ဖြေ။ ။ဒီရုပ်ရှင်ပွဲတော်က ကျင်းပတဲ့ ဇွန်လ ၁၄ ရက်နေ့ကနေစပြီးတော့ ၁၉ ရက်နေ့အထိပဲ မဟုတ်ဘူးခင်ဗျ။ သူတို့ အခု ရုပ်ရှင်ပွဲတော်မှာ ပါဝင်တင်ပြတဲ့ ရခဲ့တဲ့ ဇတ်ကားတိုလေးတွေကိုပေါ့နော် သူတို့ နယ်တွေအနှံ့ကိုလိုက်ပြပြီးတော့ လူတွေတော်တော်များများမြင်သွားအောင်ပေါ့နော် အဲလိုပြတယ်။ ပြီးခဲ့တဲ့ နှစ်ကဆိုရင် လူပေါင်း ၁ သိန်းကျော်ကို ကြည့်ရှု့နိုင်အောင် လိုက်ပြီးတော့ ပြနိုင်ခဲ့တယ်။ သဘောကတော့ ဒီရုပ်ရှင်ပွဲတော်မှာ ပြခဲ့တဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ဖောက်ဖျက်နေတဲ့ အကြောင်းအရာတွေကို လူထုအနေနဲ့ သိရှိသွားတာပေါ့နော် ၊ ဥပမာအားဖြင့် ဒီနှစ်ကျနော်တို့ ရွေးပြီးဆုပေးလိုက်တဲ့ ပညာရေးစနစ်ထဲမှာ အမျိုးသားအမျိုးသမီးခွဲခြားမှုကြောင့် အမျိုးသမီးလေးတွေ အခွင့်အရေးဆုံးရှုံးရတယ်ဆိုတာက လူအများသိရင်လည်း သိပါလိမ့်မယ်၊ အမှတ်တမဲ့လည်းဖြစ်သွားလိမ့်မယ်၊ ဒါပေမယ့် အထူးသဖြင့် ဒီမိုကရေစီပညာရေးစနစ်ကြီးမှာ ဒါမျိုးက မရှိသင့်တဲ့အခြေအနေပေါ့၊ ဥပမာအားဖြင့် နိုင်ငံတကာမှာဆိုရင် ကုလသမဂ္ဂ အလုပ်အကိုင်ရာထူးတို့ ဆိုရင် အရည်အချင်းတူရင်တောင်မှ အမျိုးသမီးကို ဦးစားပေးပြီးခန့်ထားမယ်လို့ ကြေညာနေတဲ့အချိန်မှာ မြန်မာပြည်မှာကျတော့ အမှတ်ချင်းတူတယ်ဆိုရင် ဆေးတက္ကသိုလ်သွားရင် ယောင်္ကျားလေးကိုပဲ ပေးရမယ်၊ အင်ဂျင်နီယာ သွားရင် ယောင်္ကျားလေးကိုပဲ ပေးရမယ်ဆိုတဲ့ အကန့်အသတ်ရှိတာက မကောင်းဘူးပေါ့နော် ။ အဲဒါတွေကို လူထုအနေနဲ့ သိသွားပြီး ပြင်ဆင်နိုင်အောင် တွန်းအားပေးနိုင်မယ့် အခြေအနေလေးတွေလည်း ပေါ်လာမယ်လို့ ကျနော်တို့အနေနဲ့ မြင်ပါတယ်။"

ပဉ္စမအကြိမ် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲကို ရန်ကုန်မြို့မှာကျင်းပတဲ့အခမ်းအနားကို ကိုယ်တိုင် တက်ရောက် ဆုချီးမြှင့်ခဲ့တဲ့ VOA အမေရိကန်အသံ မြန်မာပိုင်းဌာန၊ ဌာနမှူး ဦးသန်းလွင်ထွန်းကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG