သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် Cathay Pacific လေကြောင်း အကြီးအကဲ ရာထူးက နုတ်ထွက်


Cathay Pacific Group ဥက္ကဌ John Slosar။
Cathay Pacific Group ဥက္ကဌ John Slosar။

ဟောင်ကောင်က အထင်ကရ လေကြောင်းလိုင်းဖြစ်တဲ့ Cathay လေကြောင်းလိုင်းရဲ့ ဥက္ကဌ John Slosar ဟာ ဗုဒ္ဓဟူးနေ့မှာ ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။ ဒါဟာ ဟောင်ကောင်မှာ ဒီမိုကရေစီ အရေး ဆန္ဒပြပွဲတွေ ဖြစ်နေစဉ်အတွင်း Cathay လေကြောင်းလိုင်းရဲ့ ဥက္ကဌတစ်ဦး ဒုတိယအကြိမ်မြောက် ရာထူးက နုတ်ထွက်မှုလည်း ဖြစ်ပါတယ်။

Cathay လေကြောင်းလိုင်းက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ အသက် ၆၃ နှစ် အရွယ်ရှိ John Slosar နုတ်ထွက်မှုဟာ နိုဝင်ဘာလ ၆ ရက်နေ့မှာ စတင် အကျိုးသက်ရောက်မှာ ဖြစ်ကြောင်းနဲ့ အငြိမ်းစားယူဖို့ အချိန်နီးကပ်လာတဲ့အတွက် သူ အခုလို နုတ်ထွက်တာဖြစ်ကြောင်း ပါရှိခဲ့ပါတယ်။

သူနေရာမှာတော့ Cathay လေကြောင်းလိုင်းရဲ့ မိခင် ကုမ္ပဏီဖြစ်တဲ့ Swire Group က Patrick Healy က ဆက်ခံမှာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံကနေ တရုတ်နိုင်ငံကို လွှဲပြောင်းပေးပြီးနောက်ပိုင်း ဟောင်ကောင် သမိုင်းမှာ အဆိုးဆုံး နိုင်ငံရေး မတည်ငြိမ်မှုလို့ ပြောနိုင်တဲ့ အခုနှစ် ဇွန်လကစပြီး ဖြစ်ပွားနေတဲ့ ဒီမိုကရေစီရေး ဆန္ဒပြမှုတွေအကြား Cathay လေကြောင်းလိုင်းဟာ တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နေခဲ့ပါတယ်။ တရုတ်နိုင်ငံ ဗဟို အစိုးရက ဟောင်ကောင် ဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့ Cathay လေကြောင်းလိုင်းက ဝန်ထမ်းတွေကို တာဝန်က ရပ်စဲဖို့ တောင်းဆိုခဲ့ချိန်မှာ Cathay လေကြောင်းလိုင်းရဲ့ အမှုဆောင် အရာရှိချုပ် Rupert Hogg ဟာ သြဂုတ်လ ၁၆ ရက်နေ့မှာ ရာထူးက နုတ်ထွက် ခဲ့ပါတယ်။ တရုတ်နိုင်ငံက သူ့ လေပိုင်နက်ထဲ Cathay လေကြောင်းလိုင်းက လေယာဉ်တွေ ပျံသန်းခွင့်ကို ရုပ်သိမ်းမယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။

လက်ရှိ ဥက္ကဌ John Slosar ဟာ ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားခဲ့ချိန်က လေကြောင်းလိုင်းက ဝန်ထမ်းတွေ ဘာ စဉ်းစားသင့်သလဲဆိုတာကို သူ့အနေနဲ့ ပြောမှာ မဟုတ်ဘူးလို့ ပြောခဲ့ပေမဲ့ တရုတ်အစိုးရက သတိပေးခဲ့ပြီးနောက်ပိုင်းမှာတော့ သူ့ ရပ်တည်ချက်ကို ပြောင်းလဲခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG