သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရာထူးနုတ်ထွက်လိုတဲ့ ဆန္ဒမရှိကြောင်း ဟောင်ကောင်အကြီးအကဲ ငြင်းဆို


ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam 

ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေကြောင့် အကျပ်အတည်း ရင်ဆိုင်နေတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲတစ်ခုမှာ သူ့အနေနဲ့ ရာထူးက နုတ်ထွက်ချင်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ လျှို့ဝှက် အသံဖမ်းထားချက်ကို ရိုက်တာ သတင်းဌာနက ရရှိပြီး ဖော်ပြရေးသားခဲ့တာပါ။ အဲဒီ လျှို့ဝှက် အသံဖမ်းချက်ပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ သူ့အနေနဲ့ ရာထူးက နုတ်ထွက်ဖို့ မရှိကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam ကတုံ့ပြန်ပြောဆိုခဲ့ ပါတယ်။

အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

ဟောင်ကောင်မှာ အခုလို ဆန္ဒပြနေတာ ၃ လတာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီ ဆန္ဒပြပွဲမှာ ဟောင်ကောင်ကို လွတ်လပ်မှုပေးဖို့ ကြွေးကြော် ခဲ့ကြသလို ဆန္ဒပြသူတစ်ယောက်ကလည်း ဟောင်ကောင်သားတွေ လွယ်လွယ်နဲ့ အလျှော့မပေးတတ်ဘူးဆိုတာကို ဟောပြောသွားခဲ့တာပါ။

လချီ ကြာမြင့်လာတဲ့ ဆန္ဒပြပွဲတွေဟာ အာရှ ငွေကြေး ဗဟို အချက်အခြာတစ်ခုဖြစ်တဲ့ ဟောင်ကောင် ရဲ့ နေ့တဓူဝ လုပ်ငန်းတွေကို ရပ်ဆိုင်း သွားစေသလို ဟောင်ကောင် အစိုးရကိုလည်း အကျပ်ရိုက် နေစေခဲ့ပါတယ်။

ဒီ အချိန်မှာပဲ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က သူ့မှာ နုတ်ထွက်ဖို့ ရွေးစရာလမ်းသာ ရှိရင် နုတ်ထွက်ချင်တယ်ဆိုပြီး ပြီးခဲ့တဲ့အပတ်က စီးပွားရေး လုပ်ငန်းရှင်တစ်စု နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တယ်ဆိုတဲ့ လျှို့ဝှက် အသံဖမ်းချက် ထွက်ပေါ်လာခဲ့ပါတယ်။ တရုတ်ပြည်မကြီးကို တရားခံ လွှဲပြောင်းရေး ဥပဒေကြမ်း ကို အတည်ပြုဖို့ ကြိုးစားခဲ့တဲ့ သူ့ကြောင့် ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး ပရမ်းပတာ ဖြစ်ခဲ့ရကြောင်း၊ သူ့အမှား အတွက် တောင်းပန်လိုကြောင်း အသံဖမ်း ချက်မှာ ပါရှိခဲ့ပါတယ်။ အင်္ဂါနေ့မှာတော့ အသံဖမ်းချက်ပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူ့အနေနဲ့ ရာထူးက နုတ်ထွက်ဖို့ မရှိကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ကျွန်မ အနေနဲ့ ဘယ်တုန်းကမှ ဗဟို အစိုးရ ဆီကို ရာထူးနုတ်ထွက်စာ မတင်ခဲ့ပါဘူး။ ရာထူုးက နုတ်ထွက်ဖို့ကိစ္စ ဗဟို အစိုးရနဲ့ ဆွေးနွေးဖို့ လည်း စဉ်းတောင် မစဉ်းစားခဲ့ပါဘူး။ ရာထူးက နုတ်ထွက် မထွက်က ကျွန်မရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါ။ အဲဒီ အစည်းအဝေးက သီးသန့် လုပ်ခဲ့တဲ့ အစည်းအဝေးတစ်ခုဖြစ်လို့ ကျွန်မက လူ ပုဂ္ဂိုလ် တစ်ယောက်ရဲ့ ခံစားချက်နဲ့ ဒီလို ခက်ခဲတဲ့ အခြေအနေမှာ ရာထူးက ထွက်တာက လွယ်ကူတဲ့ ရွေးချယ်မှု တစ်ခုပဲလို့ ပြောခဲ့တာပါ။ ဒီ သုံးလအတွက် ကျွန်မကိုယ် ကျွန်မ ပြောနေခဲ့တာက ကျွန်မနဲ့ ကျွန်မရဲ့ အုပ်ချုပ်ရေး အဖွဲ့အနေနဲ့ ဟောင်ကောင်ကို ကူညီဖို့ ဆက်ရှိနေရမယ်ဆိုတာပါပဲ။”

ဘယ်လိုပဲဖြစ်ဖြစ် ဟောင်ကောင် လူထုကတော့ သီးသန့်အစည်းအဝေးထဲက Carrie Lam ရဲ့ပြောစကားဟာ ဟောင်ကောင်မှာ သီးခြား အခြေခံဥပဒေ ရှိတဲ့တိုင်အောင် ဟောင်ကောင်ကို တရုတ်အစိုးရ ကသာ အုပ်ချုပ်နေကြောင်း ပြသနေတယ်လို့ ယုံကြည်နေကြပါတယ်။ Carrie Lam ဟာ ဘီဂျင်းရဲ့ ရုပ်သေးပါလို့လည်း ဟောင်ကောင် တရုတ်တက္ကသိုလ်က ပါမောက္ခ Ma Ngok က ပြောပါတယ်။ တစ်ချို့ ဟောင်ကောင်သားတွေကလည်း တီအင်ရင်မင် ရင်ပြင် အရေးအခင်းတုန်းကလို တရုတ် အစိုးရက စစ်တပ် အသုံးပြု ပြီး နှိမ်နင်းမှာကို စိုးရိမ်နေကြပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ Geng Shuang က ဟောင်ကောင် အစိုးရကို ထောက်ခံကြောင်း အခုလို ပြောပါတယ်။

“ဟောင်ကောင် အစိုးရကရော ရဲတပ်ဖွဲ့ကပါ ဥပဒေ ချိုးဖောက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တရားဝင် တုံ့ပြန်နေပါတယ်။ အုပ်ချုပ်ရေးမှူး Carrie Lam ဦးဆောင်တဲ့ ဟောင်ကောင် အစိုးရနဲ့ ဟောင်ကောင် ရဲတပ်ဖွဲ့ကို ဗဟို အစိုးရက အားပေးထောက်ခံတယ်လို့ ကျွန်တော် အလေးထား ပြောကြားချင်ပါတယ်။”

ဟောင်ကောင်က အကြမ်းဖက်လုပ်ရပ်တွေကို ဟောင်ကောင် အစိုးရကိုယ်တိုင် ဖြေရှင်းနိုင်ကြောင်း ယုံကြည်တယ်လို့လည်း Geng Shuang က ပြောသွားခဲ့ပါတယ်။

တရား ဥပဒေ စိုးမိုးရေး နဲ့ နှစ်ဖက် ဆွေးနွေးပွဲတွေ အရေးပါမှုကိုတော့ စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာပဲ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam က လည်း ထပ်မံ ထောက်ပြ ပြောဆိုခဲ့ပါတယ်။

“ဟောင်ကောင် အစိုးရအနေနဲ့ တရားဝင် နည်းလမ်းတွေကို အသုံးပြုပြီး တရားမ၀င် လုပ်ရပ်တွေ ရပ်ဆိုင်းဆောင် လုပ်ဆောင်ပါမယ်။ ပြီးတော့လည်း ဟောင်ကောင်နေ ပြည်သူတွေနဲ့ အစိုးရကြား ဆက်သွယ် ပြောဆိုမှုတွေ လည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားပါမယ်။”

ဟောင်ကောင် လူထု မလိုလားတဲ့ အကြမ်းဖက် လုပ်ရပ်တွေ ပိုပြီး မြင့်တက်လာတာကို စိုးရိမ်ကြောင်း ပြောသလို အားလုံးရဲ့ ဘုံ ရည်မှန်းချက် ဟာ ဟောင်ကောင်မှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး ငြိမ်းချမ်း တည်ငြိမ်မှု ပြန်လည် ထူထောင်ရေးဖြစ်တယ်လို့လည်း ပြောပါတယ်။

ဟောင်ကောင်လူငယ်တွေနဲ့ အစိုးရအကြား ထိပ်တိုက် ရင်ဆိုင်ဖြစ်နေမှုကို ရှောင်လွှဲဖို့အတွက် ဟောင်ကောင်အစိုးရအနေနဲ့ အကောင်းဆုံး ဆက်သွယ်ရေး လမ်းကြောင်းတွေကို ရှာကြံ ဖော်ထုတ်သွားမှာဖြစ်တယ်လို့ ပြောသလို နိုင်ငံရေး အမြင်မတူသူ နောက်ခံ ပတ်ဝန်းကျင် မတူသူတွေနဲ့ ဟောင်ကောင် အစိုးရအကြား ဆက်သွယ်ရေး လမ်းကြောင်း တစ်ခု တည်ထောင်သွားဖို့ကိုလည်း အကြံပြု ပြောကြားသွား ကြောင်းပါ။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG