ဟောင်ကောင်မှာ မနေ့ တနင်္ဂနွေနေ့က ၁၂ ပတ်မြောက် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က သူတို့ရဲ့ သေနတ်တွေကို ဆွဲထုတ်တားမြစ်ခဲ့သလို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် ပထမဆုံးအကြိမ် မီးသတ်ပိုက်တွေသုံးပြီး လူစုခွဲခဲ့ပါတယ်။
ဆန္ဒပြသူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်ခဲ့ကြသလို တချို့ကတော့ ရဲတွေကို အုတ်ခဲတွေနဲ့ ပြန်ပြီး ပစ်ပေါက်ခဲ့ကြသလို တုတ်ချောင်းတွေ၊ သံတုတ်တွေနဲ့ ပြန်ပြီး တိုက်ခိုက်ခဲ့ကြတဲ့အပြင် လမ်းမတွေမှာ ရဲတွေ လမ်းမလျှောက်နိုင်အောင် ဆပ်ပြာရည်တွေ ဖြန်းခဲ့ကြပါတယ်။ မျက်နှာကို တ၀က်အုပ်ထားကြပြီး အမည်းရောင်အင်္ကျီတွေ ၀တ်ဆင်ထားကြတဲ့ ဆန္ဒပြသူတချို့ဟာ စတိုးဆိုင်တွေရဲ့ ပြတင်းပေါက်တွေကို ရိုက်ချိုးခဲ့ကြပြီး မျက်ယိုရည်ဓာတ်ငွေ့ထားတဲ့ ဓာတ်ဘူးတွေနဲ့ ရဲတွေဘက်ကို ပြန်ပြီး ပစ်ပေါက်ခဲ့ကြပါတယ်။
ဆန္ဒပြသူအများစုက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြချီတက်ချိန်မှာ အဲဒီ လူအုပ်ကြီးကနေ ခွဲထွက်ပြီး သတ်သတ်ဆန္ဒပြတဲ့ အုပ်စုဘက်ကို ရဲတပ်ဖွဲ့ကနေ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းခဲ့ပါတယ်။ ရဲတွေကို တားဆီးတဲ့အနေနဲ့ ဆန္ဒပြသူတချို့ဟာ လမ်းမတွေပေါ်မှာ ၀ါးလုံးရိုးတွေခင်းထားပြီး လမ်းအကာတွေနဲ့လည်း တားဆီးခဲ့ကြပါတယ်။
တနင်္ဂနွေနေ့က ဆန္ဒပြပွဲမှာ ရဲယူနီဖောင်းဝတ်စုံနဲ့ ရဲတပ်ဖွဲ့တဦးဟာ ဘေးမှာ ချိတ်ထားတဲ့ သူ့ရဲ့သေနတ်ကို ဆွဲထုတ်ပြီး ပစ်ခတ်ခဲ့ကြောင်း၊ ဘယ်ကိုဦးတည်ပြီး ပစ်ခတ်ခဲ့သလဲဆိုတာ သေသေချာချာ မသိရကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ Kwok Win ကပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ ဟောင်ကောင်မှာ လွန်ခဲ့တဲ့ သုံးလခန့်က စတင်ခဲ့တဲ့ အစိုးရဆန့်ကျင် ဆန္ဒပြပွဲအတွင်း ပထမဆုံးအကြိမ် ရဲဘက်က သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဟောင်ကောင်ကို တရုတ်အစိုးရရဲ့ လွှမ်းမိုးချုပ်ကိုင်မှု လျော့ကျရေး ဟောင်ကောင်ပြည်သူတွေက ဆန္ဒပြနေကြတာဖြစ်ပါတယ်။