သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် မြေပြိုမှု အနည်းဆုံး ၁၁၃ ဦးသေ


ဖားကန့်ဒေသမှာ မြေစာပုံပြိုကျမယ့် အခြေအနေတွေ ဆက်လက်တည်ရှိနေပြီး ဒီလို မြေစာပုံပြိုကျတာကြောင့် လူတွေ ထိခိုက်သေဆုံးမှု မရှိအောင် ဆိုရင် ပြည်သူ၊ ကျောက် တူးဖော်ရေးကုမ္ပဏီနဲ့ အာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ စက်ယန္တရားကြီးတွေနဲ့ တူးဖော်တာကိုလည်း ရပ်တန့်သင့်ပြီဖြစ်ကြောင်း လက်ရှိရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရာက ထွက်ရှိတဲ့ စွန့်ပစ်မြေစာပုံတွေပြိုကျလို့ လူတွေ ထိခိုက်သေဆုံးတာဟာ ဒီနှစ်အတွင်းမှာ အနည်းဆုံး ၅ ကြိမ်ဖြစ်ပွားခဲ့ပြီဖြစ်ပါတယ်။ အရင် ၄ကြိမ်ဖြစ်ပွားရာမှာတော့ အာဏာပိုင်တွေက ၁၆ယောက်လောက် သေဆုံးကြောင်း သတင်း ထုတ်ပြန်ခဲ့ပေမဲ့ ဒေသခံတွေကတော့ ၆၀ကျော်လောက်ရှိမယ်လို့ ခန့်မှန်းခဲ့ကြတာပါ။

ပြီးခဲ့တဲ့ စနေနေ့ မနက်အစောပိုင်းက ဖြစ်ပွားတဲ့ မြေစာပုံပြိုကျမှုကို ရှင်းလင်းရာ မှာတော့ ဒီကနေ့ထိ သေဆုံးသူ ရုပ်အလောင်း ၁၁၀ကျော်တွေ့ရှိ ထားပြီဖြစ်တာကြောင့် ဒါဟာ ဖားကန့်ဒေသမှာ အဆိုးဝါးဆုံးမြေစာပုံပြိုကျမှု တခုလည်း ဖြစ်ပြီး လောလောဆယ်မှာ ထပ်မံပြိုကျနိုင်တဲ့ မြေစာပုံတွေ ရှိနေသေးတယ်လို့ ဖားကန့်မြို့နယ်က လက်ရှိ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက ပြောပါတယ်။

“ မနေ့က ရှာဖွေမှု သိမ်းတဲ့အချိန်ထိကို ၁၀၅ လောင်းပေါ့ ၂ ရက်ရှာတာ။ ဒီကနေ့ ၈ လောင်း ပေါင်းတယ်ဆိုရင် ၁၁၃ ဦးဖြစ်သွားပြီပေါ့ဗျာ။ အလောင်း ရှာဖွေတူးဖော်မှု ကတော့ အများဆုံးပေါ့ဗျာ။ ဒါက အချိန်နဲ့အမျှ ဆက်ပြီးတိုးဖို့ အလားအလာတွေ အများကြီးရှိသေးတယ်။ ခန့်မှန်းခြေပေါ့ဗျာနော်၊ ၁၅၀ လောက်တော့ သူကတိုးလာနိုင်မယ့် အနေအထားရှိတယ်ဗျ။ အခုဖြစ်သွားတဲ့နေရာက လျှိုဘေးမှာဖြစ်တာ။ မြေစာပုံက အဲဒီပြိုကျတဲ့အောက်မှာ ကို မြေစာပုံ နောက်ထပ်တပုံ ရှိသေးတယ်။အခုပြိုတဲ့ မြေစာပုံလောက်တော့ မမြင့်ဘူး။ အလားအလာပေါ့ နောက်ထပ်ပြိုရင် အဲဒီအောက်မှာရှိတဲ့ရွာ အဲဒီ အခုဖြစ်တဲ့နေရာနဲ့ တဆက်တည်း ရှိတဲ့အိမ်တွေ ထပ်ပြီးပါနိုင်တဲ့အနေအထားရှိတယ်။”

နောက်ထပ် မြေစာပုံပြိုကျပြီး လူတွေ ထိခိုက်သေဆုံးမှု မရှိအောင်ဆောင်ရွက်သင့်တာတွေကို ဦးတင်စိုးက အခုလို ဆက်လက်ပြောပါတယ်။

“ဒီလိုမျိုးတွေကို မဖြစ်အောင် ဆိုလို့ရှိရင် အားလုံးဝိုင်းဝန်းပြီးတော့ သက်ဆိုင်ရာ ကျနော်တို့ အာဏာပိုင်အဖွဲ့အစည်းတွေရော ကုမ္ပဏီ တွေရော ၊ ပြည်သူလူထုရော၊ ရပ်မိရပ်ဖတွေ နားလည်တက်ကျွမ်းတဲ့လူတွေ အားလုံး ပူးပေါင်း ပါဝင်ပြီးတော့ နေရာချ ထားပေးဖို့ နောက် ရေမဆေးတွေ ရှာရင်လည်း သူတို့တွေ အန္တရာယ်ကင်းအောင် ဘယ်လိုလုပ်မလဲ ဆိုလို့ရှိရင် အားလုံး ပူးပေါင်းဆောင်ရွက်ရင်တော့ ဒီလိုမျိုးအဖြစ်တွေ နည်းသွားမယ်လို့ ကျနော် ထင်တယ်ဗျာ။ အဓိကတော့ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှ ရမယ်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းနဲ့ ကုမ္ပဏီ တွေက တခါတလေ စေတနာလေး နဲ့ သူတို့ပြောတာတွေအပေါ်မှာလည်း ဒါတွေကို နားလည် လက်ခံပေးရမယ့် အနေအထားမျိုးရှိတယ်။

ဖားကန့်ဒေသ သဘာဝပတ်ဝန်းကျင်ပျက်ဆီးတာကို ကာကွယ်ဖို့အတွက် စက်ယန္တရားကြီးတွေနဲ့ထုတ်လုပ်တာကို ရပ်ဆိုင်းသင့်ပြီလို့လည်း ပြောဆိုပါတယ်။

“အခုမြေစာပုံတွေ ပစ်ထားတာတွေက သဘာ၀ ရေဝင်၊ ရေလဲ တွေပေါ့ဗျာ ။ စသဖြင့် တောတောင် လျှိမြောင်တွေမှာ ပစ်ထားတာဖြစ်တဲ့အတွက် အဲဒီ့တောတောင် လျှိုမြောင်တွေက နဂိုထွက်တဲ့ရေ ထွက်တွေအားလုံး ခမ်းကုန်ပြီ၊ မြေစာတွေကို စည်းမဲ့ကမ်းမဲ့ပစ်တဲ့အခါကျတော့ ရေစီးတွေနဲ့ မျှောပြီးတော့ ဥရုချောင်းထဲမှာ ရောက်လာတယ်။ ဥရုချောင်းကြမ်းပြင် အနည်းဆုံး ၁၀ ပေနဲ့အထက် မြင့်တက်သွားတယ်။ ရေကြီးရေလျှံမှုတွေ အကြီးအကျယ်ဖြစ်တယ်။ တခါဘူးမှ ဘယ်သူ့မှ မကြုံဖူးတဲ့ ရေကြီးမှုတွေဖြစ်တယ်။ သစ်တောကြီးတွေ မရှိတော့ဘူး။ သဘာ၀ တောရိုင်းတိရစ္ဆာန်တွေမရှိတော့ဘူး။ အကြီးအကျယ်သဘာ၀ ပတ်ဝန်းကျင် ပျက်စီးဆုံးရုံးသွားခဲ့ပြီ။ အဲတော့ ဒီလို စက်ယန္တရားတွေနဲ့ အကြီးအကျယ် ထုတ်လုပ်တဲ့ စနစ်မျိုးတွေကို ကျနော်တို့တားဆီးသင့်ပြီလို့ ကျနော် အဲဒီလိုပဲမြင်တယ်။”

ဒီကနေ့ ထပ်မံ တူးဖော်တွေ့ရှိတဲ့ ရုပ်အလောင်းကတော့ ၈လောင်းသာ ရှိတယ်လို့လည်း ဖားကန့်မြို့နယ်ရဲစခန်းက တာဝန်ရှိသူတဦးကပြောပါတယ်။

“ အခု ဒီမနက် ၈ နာရီကနေပြီးတော့ စပြီးတော့တူးတာ ဒီဟိုဟာအထိတော့ ၈ လောင်းရပြီ၊ အခုအချိန်အထိတော့။ အားလုံးပေါင်းက ၁၀၀ ကျော်သွားပြီပေါ့ဗျာ။”

ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီပေါင်း ၅၀ကျော် ရှိသလို ကျောက်စိမ်းနဲ့ ရွှေလုပ်ငန်း လုပ်ကိုင်သူပေါင်းကတော့ သိန်းချီ ရှိနေပြီး မြေစာပုံပြိုကျတာကတော့ ဒီနှစ် ဇန်နဝါရီလ ၇ ရက်နေ့ကတကြိမ်၊ မတ်လ ၆ရက်နေ့က တကြိမ်နဲ့ မတ်လ ၃၀ရက်နေ့က တကြိမ်နဲ့ စက်တင်ဘာလ ၂ရက်နေ့က တကြိမ် ဖြစ်ပွားခဲ့ပါတယ်။

XS
SM
MD
LG