သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ရေကြီး၊ မြေပြိုမှု အနည်းဆုံး ၁၄ ယောက်သေ


ဖားကန့်မြို့နယ်တွင်း ရေကြီးမြေပြို မြင်ကွင်း ( ဓာတ်ပုံ-NawngLatt JangMaw) (ဇွန် ၂၂ ရက်နေ့ ၂၀၁၈ )
ဖားကန့်မြို့နယ်တွင်း ရေကြီးမြေပြို မြင်ကွင်း ( ဓာတ်ပုံ-NawngLatt JangMaw) (ဇွန် ၂၂ ရက်နေ့ ၂၀၁၈ )

ကချင်ပြည်နယ် နာမည်ကျော်ကျောက်စိမ်းထွက်ရာဖါးကန့်မြို့နယ်ဘက်မှာ မိုးရွာသွန်းရေကြီးမြေပြိုမှုကြောင့် ဒီကနေ့ အထိ ထိခိုက်သေဆုံးသူ(၁၄)ဦးရှိခဲ့ပြီး အိမ်ခြေ(၆၀)ကျော်ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စား လှယ်တွေကပြောပါတယ်။ လက်ရှိ မြေပြိုမှုကြောင့်အတိဒုက္ခရောက်နေတဲ့သူတွေကို အစိုးရကနေ အကူညီ မပေးနိုင် သေးဘူးလို့လဲဆိုပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထား ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ရေကြီးမြေပြိုမှုကြောင့်လူသေဆုံးမှုတော်တော်များများဖြစ်ပွါးနေခဲ့တာပါ။ ဒီကနေ့မှာလဲ လူသေအလောင်းထပ်မံတွေ့ရှိရတဲ့အတွက် သေဆုံးမှုဦးရေ(၁၄)ဦးရှိပြီးလို့ ဖါးကန့်မြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူးဦးသောင်းဇံကပြောပါတယ်။

"ဒီနေ့မနက် ကျွန်တော်တို့စွတ်အောင်ဆိုတဲ့ရွာ သွားတဲ့လမ်းဘေးမှာ မြန်မာစီပီဆိုတဲ့ ကုမ္ပဏီလီမိတက်က ပေါ်နေတဲ့ အလောင်းတလောင်းရတယ်။ စွတ်အောင်ရွာရဲ့အောက်က ကျောက်တူးထားတဲ့ရေကန်ပေါ့။ လူသေဆုံးမှုက ကလေး တဦး အပါအဝင်(၁၄)ဦး။ (၁၄)ဦးကသေဆုံး။ မြေယာပြိုကျပြီးတော့ပိသေတယ်။ တချို့ကျတော့ ပြိုကျလာတဲ့ မြေလွှာ ကနေ အိမ်ကနေအလုံးလိုက်အောက်ပြုတ်ကျပြီးတော့ သေတာလဲပါတယ်။"

နေအိမ်မှာ အိမ်ပြိုပြီးဆုံးတာက ၅ ယောက်ရှိသလို ကျန်တဲ့သူတွေဟာရေမဆေးကျောက်ရှာရင်းမြေပြိုကျအသက် ဆုံးခဲ့ တယ်လို့ သူကဆိုပါတယ်။

လက်ရှိမှာမိုးဆက်လက်ရွာသွန်းနေပြီးဥရုချောင်းရေလျှံတက်နေသလို ပြီးခဲ့တဲ့ရက်အတွင်းမိုးကြီးမြေပြိုမှုကြောင့် အိမ်ခြေ(၆၀)ကျော် ပျက်စီးမှုရှိခဲ့တယ်လို့ ဖါးကန့်ဒေသခံ ကိုနောင်လတ်က ပြောပါတယ်။

"ကျွန်တော်တို့နန့်ထစ်မှာရော ဒီမော်ဝမ်းမှာကော ပြီးလို့ရှိရင် ဖါးပြင်ဘက်မှာရောပေါ့။ ဒီမော်ဝမ်းဘက်ရဲစခမ်း အနောက်ဖက် ဝန်ထမ်းအိမ်တန်းလျားကအစပေါ့နော်။ (၆၀)ခန့်မနဲတော့ပျက်စီးဆုံးရှုံးမှုရှိတာပေါ့။ မနေ့ညက မိုးပြန် ရွာတော့ ဒီမနက်ရေနဲနဲတော့ပြန်ကြီးတယ်။ ဥရုချောင်းအထက်ပိုင်းတော့နဲနဲတော့ပြန်ကြီးနေတယ်။"

ပြီးခဲ့တဲ့ဇွန်လ(၂၂)ရက်နေ့ကစပြီး ကချင်ပြည်နယ်ဖါးကန့်မြို့နယ်ထဲမှာ မိုးကြီးမြေပြိုမှုကြောင့် လမ်းတံတားတွေ ပျက်စီးခဲ့သလို လူသေဆုံးပြီး ပျက်ဆီးဆုံးရှုံးမှုသိန်းထောင်ချီရှိနေတယ်လို့ခန့်မှန်းကြောင်း ဖါးကန့် မြို့နယ် မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလရှီတာဆိုင်းကဆိုပါတယ်။

"ပျက်စီးဆုံးရှုံးမှုကတော့ လက်ရှိအချိန်ထိသူတို့က စာရင်းကောက်ယူနေမှုပိုင်းဆိုင်ရာမှာ အဆင့်လောက်ဘဲရှိသေး တယ်ဆိုတော့ မသိရှိနိုင်သေးဘူးပေါ့နော်။ အများသူငါသွားတဲ့လမ်းတွေပျက်စီးနေတယ်။ နောက်တောင်ကမ်းပါးယံ တွေပြိုလို့နေအိမ်တွေပျက်စီးနေတယ်။ လူအသေအပျောက်တွေကလဲ ကြားရတဲ့သတင်းအနေ အထားက(၁၀) ယောက်ထက်မနဲတဲ့အနေအထားရှိတယ်။ ဒါတွေအကုန်လုံးကမပေါင်းချုပ်နိုင်သေးဘူးလေနော။ ထောင်ဂဏန်း မကျဆုံးရှုံးတာပေါ့။ သိန်းထောင်ချီမှတော့ဆုံးရှုံးနိုင်တာပေါ့။"

ဖါးကန့်မြို့နယ်အတွင်း ရေကြီးမြေပြိုအသေအပျောက်ထိခိုက်ဒဏ်ရာရသူတွေအတွက် ပြည်နယ်အစိုးရကနေ ကူညီ ထောက်ပံ့တာမျိုူး မရှိသေးသလို ဒေသခံအကူညီပေးရေးအဖွဲ့တွေကသာ ကူညီဆောင်ရွက်ပေးနေတယ်လို့ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလရှီတာဆိုင်းကဆိုပါတယ်။

"အခုလောလောဆယ်တော့ အစိုးရကနေပြီးမှ လာရောက်ကူညီပေးတာတော့ ကျွန်တော်မကြားသေးဘူး။ အဲဒီမှာရှိတဲ့ ရပ်မိရပ်ဖတွေ လူမှုကူညီရေးအသင်းအဖွဲ့တွေပေါ့။ အဲဒီမှာဌာနဆိုင်ရာတို့တပိုင်တနိုင်တို့ကတော့ ဝိုင်းဝန်းနေကြတဲ့ အနေအထားတွေ့ရတာပေါ့နော်။"

ကချင်ပြည်နယ် ဖါးကန့်မြို့နယ်အတွင်းမှာ ရေကြီးမြေပြိုမှုကြောင့်သော်၎င်း ကျောက်စိမ်းမှော်အတွင်း မြေကျစ်စာပြို ကျမှုကြောင့်သော်၎င်း လူသေဆုံးမှုမကြာခနဖြစ်ပွါးလေ့ရှိပါတယ်။

ပြီးခဲ့တဲ့မေလတုန်းက ဖါးကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝှေခါးကျေးရွာမှာ မြေပြိုမှုဖြစ်ပွါးခဲ့လို့ လူ(၁၄)ဦး သေ ဆုံးခဲ့ရပါတယ်။

ဖါးကန့်မြို့နယ်အတွင်းမြေပြိုမှုခနခနဖြစ်ပွါးရတာဟာ ကျောက်စိမ်းအလွန်အကျွံတူးဖေါ်နေမှု ကျောက်မိုင်းဖေါက်ခွဲ နေမှုကြောင့် မြေကြောပြတ်တောက်မှုဖြစ်ပွါးမှုအကျိုးဆက်ကြောင့်ဆိုပြီး သဘာဝပါတ်ဝန်းကျင် အရေးလှုပ်ရှား သူတွေကသုံးသပ်ပြောဆိုနေကြပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုရုံး (UNOCHA) ကတော့ တနိုင်ငံလုံးမှာ ရေကြီးမြေပြိုမှု တွေကြောင့် လူပေါင်း ၂၄ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG