သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်၊ လုံးခင်းမှာ မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ ၂ ဦးသေ


ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်တခု ( နိုဝင်ဘာ ၂၅၊ ၂၀၁၅)
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်တခု ( နိုဝင်ဘာ ၂၅၊ ၂၀၁၅)

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကုဋေမှော်ကျေးရွာနားအနီးမှာ မြေစာပုံပြိုကျလို့ ရေမဆေးကျောက် ရှာဖွေသူ ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ပေးသူတွေက ပြောပါတယ်။ မနက်ပိုင်းအထိ ရှာဖွေကယ်ဆယ်ရေးတွေလုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းကို ကိုဝင်းခန့်မောင်က ပြောပြပါမယ်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကုဋေမှော်ကျေးရွာနဲ့ ၂ မိုင်ခန့်အကွာမှာ ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းက စွန့်ပစ်မြေစာပုံ မြေစာပုံ ပြိုကျခဲ့လို့ ၂ ဦး သေဆုံးသွားပြီး ၃ ဦး ဒဏ်ရာ ရတယ်လို့ ကူညီကယ်ဆယ် ပေးသူတွေက ပြောပါတယ်။ မြေစာပုံပြိုကျပြီး လူသေဆုံး ဒဏ်ရာရတာနဲ့ပတ်သက်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့သူ တဦးက အခုလို ပြောပါတယ်။

“၁၁ နာရီ ၁၂ နာရီလောက်မှာ ကုဋေမှော်ဘက်မှာ မြေစာပြိုကျတယ်လို့ ကျွန်တော့်ကို အသင်းအဖွဲ့တွေက ဖုန်းဆက်တော့ သတင်းပို့ဖုန်းဆက်တော့ သူတို့ဖုန်းဆက်တာနဲ့ ချက်ချင်းသွားလိုက်တာပေါ့။ (ဒဏ်ရာရတဲ့) လူ ၃ ယောက်က ထုတ်ထားပြီးပြီ။ သတင်းသိရှိရတာက သေဆုံးတာက ၂ ယောက်ပါခင်ဗျ။ ဒဏ်ရာရတဲ့သူတော့ ရှင်သေးတယ် ၃ ယောက်။ ကျွန်တော် ဌာနဆိုင်ရာကို ချိတ်ဆက်ပြီးတော့ ပို့ပေးလိုက်တယ်။ ကျေးရွာနဲ့တော့ ၂ မိုင်လောက်ဝေးတယ်။”

မြေစာပုံပြိုကျချိန်ဟာ ညပိုင်းဖြစ်တဲ့အတွက် သေဆုံးဒဏ်ရာရရှိသူတွေ ရှိနိုင်သေးတဲ့အတွက် အချို့တွေဟာ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်။ ဖားကန့်ဒေသခံတဦးကလည်း မြေစာပုံပြိုကျတဲ့အခြေအနေနဲ့ ပတ်သက်လို့ အခုလို ပြောပြပါတယ်။

“အခုမှ ရှာတဲ့ဟာ ရှာနေကြတုန်း။ ကျင်းအနက်ကြီးဆိုတော့ အောက်ထဲကိုလည်း မြေကြီးနဲ့အတူပါသွားမှာတွေလေ။ သွန်းချတဲ့မြေစာတွေ ကုန်းအတိုင်း ရှာကြရတာဆိုတော့ မြေသားမမှန်တော့ အဲ့လိုတွေပြိုကျတာ ဖြစ်မှာပေါ့။”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကလည်း နမ့်မှော်ကျေးရွာအနီးက ကျောက်စိမ်းးလုပ်ကွက်ဟောင်းတခုမှာ ကမ်းပါးပြိုကျလို့ ရေမဆေးကျောက်ရှာဖွေသူ ၄ ဦးသေဆုံးခဲ့ပါသေးတယ်။

ကျောက်စိမ်းထွက်ရှိတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ကုမ္ပဏီတွေက စွန့်ပစ်တဲ့မြေစာတွေကို အနယ်နယ် အရပ်ရပ်က ရေမဆေးကျောက်ရှာဖွေသူတွေက လာရောက်ရှာဖွေနေကြတာလည်းဖြစ်ပါတယ်။ ရေမဆေးကျောက်ရှာဖွေရင်း ပေပေါင်းများစွာမြင့်တဲ့ စွန့်ပစ်မြေစာပုံဟာ မြေသား ခိုင်ခန့်မှု မရှိတဲ့အတွက် မကြာခဏဆိုသလို ပြိုကျမှု ဖြစ်တဲ့အတွက် ရေမဆေးရှာဖွေသူ များစွာ အသက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]









XS
SM
MD
LG