သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HRW ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုရောက်


HRW အဖွဲ့ နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလ့ူအဖွဲ့အစည်း) တို့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ - https://www.facebook.com/The88Generation)
HRW အဖွဲ့ နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလ့ူအဖွဲ့အစည်း) တို့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ - https://www.facebook.com/The88Generation)
မြန်မာနိုင်ငံတွင်း အရပ်သားအစိုးရလက်ထက် လူ့အခွင့်အရေး လက်ရှိ အခြေအနေတွေကို စုံစမ်းလေ့လာနိုင်ဖို့အတွက် အမေရိကန်အခြေစိုက် (Human Rights Watch) လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ပြည်ပရေးရာ လက်ထောက်အမှုဆောင်အရာရှိ Carroll Bogert ဦးဆောင်တဲ့အဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။

လက်တလော တင်းမာမှုတွေနဲ့ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အရေးဟာ တရားဥပဒေစိုးမိုးမှု အားနည်းတာကြောင့်ဖြစ်တယ်လို့ HRW အဖွဲ့နဲ့ တွေ့ဆုံစဉ် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောကြားလိုက်သလို သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးလည်း နိုင်ငံတကာစံနှုန်းအတိုင်း ဆောင်ရွက်နေ
တာဖြစ်တယ်ဆိုတာ HRW အဖွဲ့နဲ့ တွေ့ဆုံချိန် ပြောကြားဖို့ရှိတယ်လို
့ ပြန်ကြားရေးဒုဝန်ကြီးက ဆိုပါတယ်။ HRW ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း လုပ်ဆောင်ချက်တချို့ကို မဆုမွန် က တင်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေနဲ့ ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ခံနေရဆဲ အခြေအနေတွေကို သေချာသိရှိနိုင်ဖို့ အခု မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ကိုယ်စားလှယ်အဖွဲ့ဟာ သမ္မတ အပါအဝင် အစိုးရတာဝန်ရှိသူတွေ၊ ဝန်ကြီးဌာနတွေ အပါအဝင် တွေ့ဆုံဖို့ရှိသလို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် အပါအဝင် နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေး မေးမြန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၄ ရက် နေ့လည်ပိုင်းမှာတော့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ ပြည်ပရေးရာ လက်ထောက် အမှုဆောင်အရာရှိ Carroll Bogert အဖွဲ့နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလ့ူအဖွဲ့အစည်း) ၈၈ မျိုးဆက် အဖွဲ့ဝင်များနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း လက်ရှိ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေတွေကို ဆွေးနွေးခဲ့သလို ရခိုင်ပြည်နယ်တွင်း လတ်တလောဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးလည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ သဘောထားကို ဆွေးနွေးခဲ့တယ်လို့ ဦးဆောင်ဆွေးနွေးသူထဲက တဦးဖြစ်တဲ့ ကိုမာကီး က ဗွီအိုအေမြန်မာပိုင်း က ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးလည်း ကျနော်တို့ရဲ့ သဘောထားကို ပေးတယ်ပေါ့နော်။ အဲ့တာဟာ လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခ မဟုတ်ဘူးပေါ့။ ဒါဟာ နယ်စပ်မှာ တရားဥပဒေစိုးမိုးမှု အားနည်းနေတယ်။ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် အဂတိလိုက်စားမှုတွေနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းမှုတွေကြောင့် နယ်စပ်ဖြတ်ကျော်လာတဲ့ ကျုးကျော်ဝင်ရောက်လာသူတွေနဲ့ ဒေသခံတွေရဲ့ ပဋိပက္ခဖြစ်တယ်ပေါ့။ အဲ့ဒီအခြေအနေအပေါ်မှာ နိုင်ငံသားဖြစ်ခွင့်ဥပဒေနဲ့ ညီညွတ်လို့ရှိရင် နိုင်ငံသားဖြစ်ခွင့်ပေးရမယ်၊ နိုင်ငံသားအခွင့်အရေးကို အပြည့်အဝ ခံစားစေရမယ်။ ဒါမှမဟုတ် သူတို့တွေဟာ ဒုက္ခသည်တွေ ဖြစ်နေတယ်ဆိုရင်လည်း ဒုက္ခသည်တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အပြည့်အဝ ပေးသင့်တယ်ပေါ့နော်။ ကျနော်တို့အမြင် အဲ့လိုရှိတယ်ပေါ့။”

၈၈ မျိုးဆက်ရုံးခန်းကို လာရောက်တွေ့ဆုံစဉ်မှာ HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က လက်ရှိ မြန်မာနိုင်ငံတွင်း အကျဉ်းထောင်တွေထဲ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အခြေအနေတွေနဲ့အတူ ၈၈ မျိုးဆက် ကျောင်းသားတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အပါအဝင် ဒီမိုကရေစီအင်အားစုတွေနဲ့ လက်တွဲလုပ်ဆောင်နေမှု အခြေအနေတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့တယ်လို့ ၈၈ မျိုးဆက်အဖွဲ့က ကိုမာကီး က ပြောပါတယ်။

“ကျနော်တို့ အကျဉ်းထောင်တွေမှာပေါ့နော် ၁၉၈၈ ခုနှစ်ကနေ လက်ရှိ အခြေအနေအထိ ကျနော်တို့ အားလုံးနီးပါးဟာလည်း ထောင်ကနေ ထွက်လာရတာဆိုတော့ ထောင်ထဲမှာ ဖြတ်သန်းလာရတဲ့ အတွေ့အကြုံတွေက ပြောင်းလဲမှုတွေ ဘယ်လိုရှိလာရသလဲဆိုတာ ကျနော်တို့ အတွေ့အကြုံလေးတွေ ပြောကြတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ်မှာ ကျနော်တို့ရဲ့ ပူးပေါင်းပါဝင်မှု၊ ဘယ်လိုကူညီမှုတွေရှိနေလဲ၊ ဘယ်လိုအဆက်အသွယ်တွေရှိနေလဲ၊ ဘယ်လိုဆောင်ရွက်မှုတွေရှိနေလဲ အဲဒါနဲ့ပတ်သက်လို့ ၂၀၁၂ ခုနှစ် ကျနော်တို့ အားလုံး ထောင်ကနေ ထွက်လာကြတဲ့ အချိန်ကတည်းကိုက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုဝန်းရံမယ်၊ အားပေးမယ်၊ ပြောခဲ့ပြီးသားဖြစ်တယ်ပေါ့။”

ဖေဖော်ဝါရီလ ၅ ရက်နေ့မှာတော့ HRW ကိုယ်စားလှယ်အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရပိုင်းခေါင်းဆောင်တွေနဲ့ ဝန်ကြီးဌာနပေါင်းစုံက တာဝန်ရှိသူတွေ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

နေ့လည်ပိုင်းမှာ တွေ့ဆုံဖို့စီစဉ်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့လည်း နိုင်ငံတကာမှာ ဖော်ပြနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အပါအဝင် မြန်မာနိုင်ငံတွင်း လက်ရှိ မီဒီယာလွတ်လပ်ခွင့် အနေအထားကို ရှင်းလင်းပြောပြမှာ ဖြစ်တယ်လို့ ဒုတိယ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ဗွီအိုအေမြန်မာပိုင်းကို ဖြေပါတယ်။

“ကျနော်တို့ ပြန်ကြားရေး ဝန်ကြီးဌာနကိုတော့ ညနေပိုင်းမှာ ဝန်ကြီးနဲ့ လာတွေ့ဖို့ရှိပါတယ်။ ကျန်တဲ့ဝန်ကြီးဌာနတွေကတော့ သူတို့ဆောင်ရွက်နေတဲ့ဟာတွေကို အခြေအနေကို ရှင်းပြမှာပေါ့။ ကျနော်တို့ဘက်ကတော့ မီဒီယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး အခြေအနေနဲ့ ဒါတွေကို ရှင်းပြမှာပေါ့။ အဓိကကတော့ဗျာ ကျနော်တို့က ကျန်တဲ့ကိစ္စတွေမှာပေါ့၊ ကျနော်တို့က တကယ်ဖြစ်တဲ့ အခြေအနေမှန်ကို ရှင်းပြမယ်။ သူတို့က များသောအားဖြင့် ဟိုဘက်မှာကျန်တဲ့ တဘက်ပြောတဲ့ဟာတွေပဲ ကောက်ချက်ချထားတဲ့ဟာတွေကို ကျနော်တို့က လာခွင့်ပေးပြီးတော့ အခြေအနေကို ရှင်းပြတာပေါ့။ ရှင်းပြပြီးတော့ သူတို့အနေနဲ့ကတော့ ကျနော်တို့က မှန်ကန်တဲ့ ကောက်ချက်ချနိုင်အောင် လိုအပ်တဲ့ သတင်းအချက်အလက်တွေ မျှဝေပေးမှာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ကောက်ချက်ဟာ ဘယ်လောက် တရားမျှတတယ်၊ မမျှတဘူး။ ဘယ်လောက် ဓမ္မဓိဋ္ဌာန်ကျတယ်၊ မကျဘူး ဆိုတာတော့ စောင့်ကြည့်ရဦးမှာပေါ့။”

နိုင်ငံတကာမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေတဲ့ လက်ရှိ မြန်မာသတင်းမီဒီယာ လောကက Unity သတင်းဂျာနယ် အယ်ဒီတာချုပ်နဲ့ သတင်းထောက် ၄ ဦး ဖမ်းဆီးထိန်းသိမ်းထားတဲ့ အနေအထားနဲ့ ပတ်သက်ပြီးလည်း နိုင်ငံတကာ ဥပဒေဆိုင်ရာ ကျင့်ထုံးတွေအတိုင်း လုပ်ဆောင်နေတာ ဖြစ်တယ်ဆိုတာ HRW အဖွဲ့ကို ရှင်းပြဖို့ရှိတယ်လို့လည်း ဦးရဲထွဋ် က ပြောပါတယ်။

“စုံစမ်းစစ်ဆေးခံနေရတဲ့ သတင်းထောက် ၄ ယောက် လုပ်တဲ့အလုပ်မျိုးဟာ အင်္ဂလန်တို့၊ အမေရိကန်တို့မှာ လုပ်လို့ရှိရင်လည်း သူတို့နိုင်ငံရဲ့ အမျိုးသား လုံခြုံရေး ဥပဒေတွေအရ စုံစမ်းစစ်ဆေးခြင်း ခံရမယ့်ဟာပဲ၊ ဒါဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ တခြားစီပဲ ဒါကြောင့် ကျနော်ထင်တယ်။ ကျနော်လည်း ဒါကိုပဲ ရှင်းပြရမှာပဲ၊ နိုင်ငံတကာမှာ ဒီကိစ္စတွေ ရင်ဆိုင်တွေ့နေရတာပဲ၊ ဒါဟာ ကျနော်တို့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ဘာမှ မဆိုင်ပါဘူး။ ဒါ အမျိုးသား လုံခြုံရေးကိစ္စ ဘယ်နိုင်ငံမှာမဆို ဒါမျိုးကိစ္စမျိုး သွားပြီးတော့ ဓာတ်ပုံရိုက်တာတို့ အထဲဝင်ဖို့ ကြိုးစားရင် ဒီလိုပဲ အရေးယူခံရမှာပါပဲ။”

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့အနေနဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနအပါအဝင် အစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဒုပြန်ကြားရေးဝန်ကြီးက ဗွီအိုအေကို ပြောပါတယ်။
XS
SM
MD
LG