သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီပြဌာန်းတဲ့ နိုင်ငံရေးပါတီဥပဒေ HRW ဝေဖန်


၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၂ရက်နေ့က နေပြည်တော်တွင်တွေ့ရသည့် စစ်ကားတချို့
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၂ရက်နေ့က နေပြည်တော်တွင်တွေ့ရသည့် စစ်ကားတချို့

မြန်မာစစ်ကောင်စီက အတည်ပြု ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေဟာ အတိုက်အခံနိုင်ငံရေးပါတီတွေကို နှိပ်ကွပ်မှုဖြစ်ပြီး၊ ဒီဥပဒေအတိုင်းဆိုရင် နိုင်ငံရေးပါတီတွေ နိုင်ငံရေးမှာ ပါဝင်ခွင့်မရှိဘူးလို့ HRW လူ့အခွင့်အရေးစောင့်ကြပ်မှုအဖွဲ့ကြီးက ဝေဖန်လိုက်ပါတယ်။ ဇန်နဝါရီလ ၁၆ ရက်နေ့က ပြဌာန်းလိုက်တဲ့ အဲဒီ ဥပဒေသစ်အရဆို ထောင်ဒဏ်ချမှတ်ခံရသူတွေ နိုင်ငံရေးပါတီမှာ ပါဝင်ခွင့်မရှိတဲ့အတွက်၊ အဓိက နိုင်ငံရေးခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီခေါင်းဆောင်တွေကို မြန်မာ့နိုင်ငံရေးထဲ ဝင်မရအောင် ပိတ်ပင်လိုက်တာဖြစ်တယ်လို့ HRW က ထောက်ပြပါတယ်။

စစ်ကောင်စီဟာ နိုင်ငံရေးအတိုက်အခံအားလုံးကို ချေမှုန်းဖို့နဲ့ ဒီမိုကရေစီနည်းကျအရပ်သားအုပ်ချုပ်ရေးပြန်မဖြစ်လာစေဖို့ စနစ်တကျစီမံနေတယ်လို့ HRW ရဲ့ မြန်မာအရေးသုတေသီ Manny Maung က ပြောပါတယ်။ ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီတွေနဲ့ ပြည်နယ်အဆင့်နိုင်ငံရေးပါတီတွေအတွက် သတ်မှတ်ပါတီဝင်အင်အား၊ သတ်မှတ်ငွေအင်အားတွေကိုပါ ထည့်သွင်းထားပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နိုင်ငံရေးပါတီတချို့တို့ကတော့ ဒီဥပဒေသစ်အရ မှတ်ပုံတင်မှုကို ငြင်းပယ်ထားသလို၊ စစ်ကောင်စီလုပ်ရပ်တိုင်းဟာ တရားမဝင်ဘူးလို့လည်း ကြေညာထားပါတယ်။

NLD ပါတီအပြတ်အသတ်အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ အကြောင်းပြပြီး၊ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူခဲ့တာပါ။ အဲဒီနောက် အခုလာမယ့် ဩဂုတ်လမှာ ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပေမယ့်၊ စစ်ကောင်စီပြောခွင့်ရသူကတော့ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုရမှ ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ ပြောထားပါတယ်။ လက်ရှိအားဖြင့်တော့ မြန်မာနိုင်ငံ နေရာအတော်များများမှာ စစ်ကောင်စီကိုဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်မှုတွေ ကြုံနေရပြီး၊ စစ်ကောင်စီဥက္ကဌကိုယ်တိုင်ကလည်း တိုင်းပြည်ဟာ ပုံမှန်အခြေအနေမရှိဘူးလို့ ဝန်ခံထားပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}





XS
SM
MD
LG