သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၅ နှစ်ကြာ လူ့အခွင့်အရေး ချိုးဖောက်မှုများ စုံစမ်းဖော်ထုတ်ဖို့ HRW တိုက်တွန်း


HRW ပြောခွင့်ရပုဂ္ဂိုလ် Phil Robertson။
HRW ပြောခွင့်ရပုဂ္ဂိုလ် Phil Robertson။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး အမှန်တရား ဖော်ထုတ်ပေးဖို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က မြန်မာသမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲရေးတွေဟာ ပြီးခဲ့တဲ့ အဖြစ်အပျက်တွေအပေါ် တရားမျှတမှု ပေါ်ထွန်းရေး အတွက် ဖြစ်ဖို့ဆိုတာကို လည်း မြန်မာနိုင်ငံရဲ့မိတ်ဆွေတွေ၊ အလှူရှင်တွေ အနေနဲ့ ရှင်းရှင်းလင်းလင်း သိမြင်ဖို့ လိုမယ်လို့လည်း HRW က သတိပေးလိုက်ပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

၈ လေးလုံး လူထုအရေးတော်ပုံ ၂၅ နှစ်ပြည့်တဲ့ အချိန်မှာပဲ HRW အနေနဲ့ ဒီကြေညာချက်ကို ထုတ်ပြန်တာဖြစ်ပြီး၊ ကြေညာချက် ထဲမှာတော့ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်းက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ခဲ့တာတွေကို စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေးယူ ဖော်ထုတ်ဖို့ မြန်မာသမ္မတကို
တောင်းဆိုလိုက်တာပါ။

၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုကြီးကို စစ်တပ်က ပစ်ခတ် နှိမ်နင်းခဲ့မှုအပေါ်မှာ အသေအပျောက်တွေ ရှိခဲ့ပေမဲ့၊ အမှန်တကယ် အသေအပျောက် စာရင်းနဲ့၊ အဖြစ်အပျက်တွေအပေါ် တရားဝင် စုံစမ်းတွေ့ရှိချက်တွေကို အများပြည်သူကို နိုင်ငံတော်အနေနဲ့ ချပြနိုင်ခဲ့ခြင်း မရှိသေးပါဘူး။ ဒီအတွက် အခုလို အပြောင်းအလဲကာလမှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ လက်ရှိ အစိုးရအနေနဲ့ ဒီလို စုံစမ်းစစ်ဆေးမှုတွေ လုပ်ရေး သဘောတူဖို့ အရေးကြီးတယ်လို့ HRW ပြောခွင့်ရသူတဦးဖြစ်တဲ့ ဖေးလ်
ရောဘတ်စန် (Phil Robertson) က ဗွီအိုအေကို ပြောပါတယ်။

“လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေး ကျူးလွန်မှုတွေမှာ တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူဖို့ လုပ်ငန်းစဉ်ကို အစိုးရဘက်က သဘောတူဖို့ အရေးကြီးပါတယ်။ အစိုးရအနေနဲ့ ပြီးခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖယ်ထုတ်ထားလို့ မရပါဘူး။ လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ဖြစ် ပျက်ခဲ့တာတွေ မကပါဘူး။ ၁၉၉၆ ခုနှစ်တုန်းက ကျောင်းသားလှုပ်ရှားမှုတွေ ကို နှိမ်နင်းခဲ့တာတွေ၊ ၂၀၀၇ ခုနှစ်မှာ သံဃာတွေ၊ အရပ်သားတွေနဲ့ ဒီလှုပ်ရှားမှုအပေါ် ထောက်ခံခဲ့သူတွေကို နှိပ်ကွပ်ခဲ့တာတွေကို ပြန်လည် စုံစမ်းစစ်ဆေးပေးဖို့ အစိုးရအနေနဲ့ ဆောင်ရွက်ပေးရပါမယ်။”

အထူးသဖြင့်တော့ ဒီမိုကရေစီ နိုင်ငံတော်ကို တည်ထောင်မယ်ဆိုပြီးတော့ ပိုင်းဖြတ်ထားတဲ့ အစိုးရတရပ်အနေနဲ့ အတိတ်ကာလ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိတိကျကျနဲ့ ကိုင်တွယ်ဖို့ လိုမယ်လို့ HRW က ဖေးလ် ရောဘတ်စန် (Phil Robertson) က ယူဆပါတယ်။

“မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ အခြား လုံခြုံရေးတပ်တွေ ကျူးလွန်ခဲ့တဲ့ အတိတ်ကာလတုန်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် အရေးယူ ကိုင်တွယ်တာမျိုး မရှိဘူးဆိုရင်တော့ ဒီတိုင်းပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ဆိုတာ အတော်လေးကို ခက်ခဲပါလိမ့်မယ်။”

ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာတော့ လူ့အခွင့်အရေးထက် ပြုပြင်ပြောင်းလဲရေး အမျိုးသား ရင်ကြားစေ့ရေးတွေက ပိုပြီး နေရာယူနေတာပါ။ တဘက်မှာလည်း အတိတ်ကာလတုန်းက အခြေအနေတွေကို ပြန်လည်တူးဆွလို့ရှိရင်၊ လက်ရှိသွားနေတဲ့ ပြုပြင်ပြောင်း လဲရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေ ထိခိုက်နိုင်တယ်လို့ ယူဆတာတွေလည်း ရှိပါတယ်။

ဖေးလ် ရောဘတ်စန် (Phil Robertson) ကတော့ အမျိုးသား ရင်ကြားစေ့ရေးဆိုတာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် အမှန်တရားအပေါ် အခြေခံတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်သင့်တယ်၊ ဒါမှမဟုတ်ရင် အဲ့ဒီ အမျိုးသား ရင်ကြားစေ့ရေးဟာ ရေရှည်မခံနိုင်ဘူးလို့ ယူဆပါတယ်။

“တည်တံ့ခိုင်မြဲတဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်မယ်ဆိုရင် အတိတ်ကာလ တုန်းက ဘယ်သူ ဘယ်လို လုပ်ကိုင် ကျူးလွန်ခဲ့တယ်ဆိုတာကို သိထားဖို့ လိုပါမယ်။ ပြီးခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မသိကျိုးကျွန် ခွင့်ပြုထားပြီး လုပ်တဲ့ အမျိုးသား ရင်ကြားစေ့ရေးမျိုး လုပ်မယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေဦးမှာပါ။ ၁၉၈၈ ခုနှစ်မှာ တာဝန်ကျခဲ့တဲ့ စစ်တပ်က အရာရှိတွေဟာဆိုရင် အခုအခါ ရာထူး အတော်ကြီးကြီး ဖြစ်နေလောက်ပါပြီ။ ဒီလို ကျူးလွန်ခဲ့တဲ့သူတွေကို ဒီအတိုင်း လွှတ်ထားလို့ မရပါဘူး။ အမှန်တရားကို ဖုံးအုပ်ထားတာထက်၊ ဖြစ်ခဲ့တဲ့ အမှန်တရားတွေအပေါ် အသိအမှတ်ပြု အခြေခံတဲ့ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်သင့်ပါတယ်။”

HRW ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ သြဂုတ်လ ၈ ရက်နေ့၊ သြဂုတ် ၁၀ ရက်နေ့နဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ စစ်တပ်က ဆန္ဒပြလူထုကို ပစ်ခတ်နှိမ်နင်းခဲ့တာတွေကို ပြန်လည် ထောက်ပြထားပါတယ်။ ဒီလို ပစ်ခတ်နှိမ်နင်းခဲ့မှုတွေအပေါ်မှာလည်း ဘယ်အစိုးရ တာဝန်ရှိသူကိုမှ အရေးယူခဲ့တာမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ၁၉၈၈ ခုနှစ်ကတည်းကနေ အခုအချိန်အထိ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဖြစ်ရပ်မှန်တွေကို အမှန်တရား ပေါ်ပေါက်ရေး အစိုးရအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားသင့်တယ်လို့ HRW က တိုက်တွန်းထား ပါတယ်။ ဒါဟာ မြန်မာ့ လူ့အဖွဲ့အစည်းတရပ်ကို ရှေ့ကို တက်နိုင်ဖို့အတွက် အသေအချာ လိုအပ်ချက် ဖြစ်တယ်လို့ HRW ကြေညာချက်မှာ ဖော်ပြပါတယ်။

http://www.hrw.org/news/2013/08/06/burma-justice-1988-massacres
XS
SM
MD
LG