သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားဝန်ကြီးချုပ် ခရီးစဉ်ကြောင့် မြန်မာ့အရေး အာဆီယံကြိုးပမ်းမှု ထိခိုက်မှာ လှုပ်ရှားသူတွေစိုးရိမ်


ကမ္ဘောဒီးယားဝန်ကြီးချုပ် ခရီးစဉ်ကြောင့် မြန်မာ့အရေး အာဆီယံကြိုးပမ်းမှု ထိခိုက်မှာ လှုပ်ရှားသူတွေစိုးရိမ်

{{Zawgyi/Unicode}}


ပြည်တွင်းပြည်ပ ကန့်ကွက်မှုတွေကြားမှာပဲ မြန်မာနိုင်ငံကို ရောက်လာတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ဟာ မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထိခိုက်နိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက သတိပေးလိုက်ကြပါတယ်။ ၂ ရက်ကြာခရီးစဉ်အစ သောကြာနေ့မှာပဲ မြန်မာစစ်ကောင်စီ အကြီးအကဲနဲ့ တွေ့ဆုံခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ခရီးစဉ်အပေါ် အမြင်တွေကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ငံ့ခေါင်းဆောင်တဦးအဖြစ် ရောက်လာတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်ပထမနေ့မှာပဲ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံမှာ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံခွင့်မရပဲ သွားရောက်တဲ့ ဒီခရီးစဉ်ဟာ အကျိုးမရှိနိုင်ဘူးလို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ HRW အာရှရေးရာ ညွှန်ကြားရေးမှူး Phil Robertson က VOA ကို ပြောပါတယ်။

" ဒေါ်အာင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နဲ့ မတွေ့ပဲ သွားတာကိုက အခြေခံပြဿနာပါ။ ဒါက ဟွန်ဆန်အနေနဲ့ နိုင်ငံရေးသဘောထား ကွဲပြားနေသူတွေထဲက တဖက်ကိုပဲ စကားပြောဖို့ စစ်အာဏာပိုင်တွေနဲ့ အပေးအယူ လုပ်တဲ့သဘောမျိုး ဖြစ်နေပါတယ်။ "

၂၀၂၂ ခုနှစ်မှာ အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံ အနေနဲ့ အခုခရီးစဉ်ကြောင့် မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထိခိုက်မှာ စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေတာပါ။ အခုခရီးစဉ်ဟာ အာဆီယံကို ကိုယ်စားပြုတဲ့ သဘောမဟုတ်ဘဲ နိုင်ငံခေါင်းဆောင်တဦးအနေနဲ့ သွားတာဆိုပေမဲ့ သက်ရောက်မှုတွေ ရှိလိမ့်မယ်လို့လည်း အကဲခတ်တွေက ခန့်မှန်းနေကြပါတယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရက ခန့်ထားတဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်ကတော့ အခုခရီးစဉ်ဟာ အာဆီယံရဲ့ ရပ်တည်ချက်ကို ထိခိုက်စေတယ်လို့ သုံးသပ်ပါတယ်။

" စစ်ကောင်စီရဲ့ ခေါင်းဆောင် မင်းအောင်လှိုင် ကို ထိပ်တန်း အာဆီယံခေါင်းဆောင် တယောက်အနေနဲ့ အသိမှတ်ပြုမှုမရှိသလို သူတို့နဲ့တစားပွဲတည်းထိုင်ပြီးတော့ ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်တွေ
ရုတ်သိမ်းထားခဲ့တယ်ဆိုတာကို အားလုံးအသိပဲဖြစ်ပါတယ်။ အဲဒါကို အခုလက်ရှိ အလှည့်ကျဥက္ကဌြုဖစ်လာတဲ့ မစ္စတာဟွန်ဆန် က အလှည့်ကျဥက္ကဌအနေနဲ့ သွားတယ်လို့မသုံးပေမယ့် သွားတဲ့ခရီးစဉ်ထဲမှာ ဒီ အာဆီယံရဲ့ Five-Point Consensus နဲ့ပတ်သက်လို့လည်း ပြောတာဆိုတာဆွေးနွေးတာတွေ တွေ့ရတဲ့အခါကြတော့ ဒီလိုဆောင်ရွက်တာဟာ အာဆီယံရဲ့ လက်ရှိရပ်တည်ချက်တွေကို မစ္စတာဟွန်ဆန် က ချိုးဖောက်ပြီး ဆောင်ရွက်နေတယ်လို့ ကျနော်တို့ သုံးသပ်ရမှာဖြစ်ပါတယ်"

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ အနေနဲ့ မြန်မာ့အရေး အာဆီယံအသင်းက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ဆုံနိုင်အောင် ကြိုးပမ်းဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဟွန်ဆန်ရဲ့ ခရီးစဉ်အစမှာပဲ သောကြာနေ့က ဗွီအိုအေကို ပြောပါတယ်။

ဒီလို တိုက်တွန်းမှုတွေကို အကောင်ထည်ဖေါ်တာမျိုး ဟွန်ဆန်ရဲ့ခရီးစဉ်အတွင်း မတွေ့ရသေးတာက စိုးရိမ်ဖွယ်ရာ ဖြစ်တယ်လို့ HRW အာရှရေးရာ ညွှန်ကြားရေးမှူး Phil Robertson က ဆိုပါတယ်။

" ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ခံထားတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုရဖို့ လိုအပ်နေချိန်မှာ အခုခရီးစဉ်ကြောင့် ထိခိုက်မှာ ကျနော်တို့ စိုးရိမ်ပါတယ်။ စေ့စပ်ဆွေးနွေးမှုတွေအတွက် လမ်းပွင့်လာတာမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလူတွေကို တွေ့ခွင့်ရတာမျိုးတွေ မရှိပဲနဲ့ သွားတာမျိုးကတော့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထိခိုက်စေပါတယ်။ "

ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မြန်မာစစ်ခေါင်းဆောင်တွေ တွေ့ဆုံမှုအပြီး ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ရာမှာ - မြန်မာပြည်သူတွေ အကျိုးစီးပွားကို ရှေးရှုပြီး ၂၀၂၂ ခု နှစ်ကုန်အထိ မြန်မာစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်ရပ်ထားမှာ ဖြစ်သလို၊ တိုင်းရင်းသားတွေဖက်ကလည်း အပစ်ရပ်ထားဖို့ စစ်ကောင်စီက တောင်းဆိုလိုက်တဲ့အပေါ် ဝန်ကြီးချုပ် ဟွန်ဆန်နဲ့အဖွဲ့က အားပေးထောက်ခံကြောင်း ဖေါ်ပြထားပါတယ်။ မြန်မာပြည် ငြိမ်းချမ်းရေး တကယ်ရလာဖို့ဆိုရင် ဒီလို အပစ်ရပ်ပါတယ်လို့ ပြောလိုက်ရုံနဲ့ မပြည့်စုံနိုင်ဘူးလို့ NUG ခန့် အာဆီယံသံအမတ်ကြီး ဦးဘိုလှတင့်က ထောက်ပြပါတယ်။

" ကျနော်တို့ ပြည်သူလူထုတဦးချင်းရဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးတို့ တရားမျှတမှုတို့ ဒါတွေရှိမှသာ ကျနော်တို့ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ တည်တန့်နိုင်မှာဖြစ်ပါတယ်။ အာဏာရှင်နှစ်ယောက် တွေ့ဆုံဆွေးနွေးလိုက်ရုံနဲ့လည်း ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်သလို ဒီအပစ်ခတ်ရပ်စဲထားတဲ့အဖွဲ့အစည်းတွေနဲ့ အာဆီယံရဲ့ အထူးကိုယ်စားလှယ်ပေးတွေ့လိုက်တာနဲ့လည်း ဒါဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက်ကို အင်မတန်ကောင်းတဲ့အလားလာရပြီလို့ ကျနော်တို့ ပြောလို့မရနိုင်ဘူးလို့ပြောချင်ပါတယ်"

ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ခရီးစဉ်ကို မြန်မာနိုင်ငံ ဒေသတချို့မှာ ကန့်ကွက် ဆန္ဒပြတာတွေရှိပြီး ၊ မြန်မာနဲ့ ကမ္ဘောဒီးယား အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၊ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ၊ လူ့အခွင့်အရေးဆိုင်ရာ ပါလီမန် လွှတ်တော်အမတ်များအဖွဲ့ (APHR) တို့လို နိုင်ငံတကာနဲ့ ဒေသတွင်းက လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဝေဖန် ကန့်ကွက်ထားကြပါတယ်။

.....................................

{{Unicode}}











XS
SM
MD
LG