သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဗီယက်နမ် လူ့အခွင့်အရေး ကုလဝေဖန်


ဗီယက်နမ်နိုင်ငံ Hanoi မြို့ရှိ ထရပ်ကားတစီး အနောက်ဘက်မှာ ထိုင်နေကြတဲ့ ရဲများ (မတ်၊ ၀၁၊ ၂၀၁၉)

ဗီယက်နမ် နိုင်ငံမှာ ရာဇ၀တ်မှုတွေကို သေဒဏ်ပေး၊ နှိပ်စက်ညှဉ်းပမ်းမှုတွေက နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်တဲ့အပြင် အခြေခံ အခွင့်အရေးကို ဖိနှိပ်ထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း အကြီးအကျယ်ရှိနေတယ်လို့ ကုလသမဂ္ဂ အခွင့်အရေး စောင့်ကြည့် အဖွဲ့တခုက ပြောဆို ရှုတ်ချလိုက်ပါတယ်။ အရပ်ဘက်နဲ့ နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ်ကို ချမှတ်ကျင့်သုံးမှုကို စောင့်ကြည့်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီရဲ့ အခုနောက်ဆုံး ညီလာခံ အတွင်း ဗီယက်နမ် အပါအ၀င် နိုင်ငံ ၆ ခုရဲ့ မှတ်တမ်းတွေကို ဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် Lisa Schlein က ဂျီနီဗာကနေ သတင်းပေးပို့ထားပါတယ်။ မသိင်္ဂီထိုက် ပြောပြပေးမှာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက ဗီယက်နမ်ရဲ့ စီးပွားရေး အောင်မြင်မှုတွေ အပေါ်မှာ လွန်လွန်ကဲကဲ ချီးကျူးပြောဆိုပေမယ့် ကြမ်းတမ်းတဲ့ အုပ်ချုပ်မှု စနစ်ကိုတော့ အကြီးအကျယ် ဝေဖန်ပါတယ်။ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေ အပေါ် နှိပ်ကွပ်မှုတွေက ယုံနိုင်စရာ မရှိလောက်အောင် များလာနေတဲ့ အပေါ်မှာ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး ကာကွယ်သူတွေကို နှိပ်စက်မှုတွေ၊ တိုက်ခိုက်မှုတွေ၊ နောက် စစ်ဆေးကြားနာမှုတွေ မတိုင်ခင်မှာလည်း ဘယ်သူနဲ့မှ ဆက်သွယ်ခွင့် မပေးဘဲ ထိန်းသိမ်းခံနေကြရတယ်လို့ ကုလ ကော်မတီ အဖွဲ့ဝင် Marcia Kran က ပြောပါတယ်။ တချို့ဆိုရင် မမှန်မကန် စွပ်စွဲချက်တွေနဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံနေကြရသလို ဖမ်းဆီးခံရမှု အတွင်း နှိပ်စက်မှုတွေလည်း ရှိတယ်လို့ သူမက ပြောပါတယ်။ ဗီယက်နမ် နိုင်ငံတွင်း နောက်ထပ် စိုးရိမ်စရာ တခုကတော့ သေဒဏ်အပြစ်ပေးမှုနဲ့ သေဒဏ် စီရင်မှု အရေအတွက် များလာတယ်ဆိုတဲ့ အစီရင်ခံချက်တွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက သေဒဏ်စီရင်ခံရသူ ၈၅ ယောက် ရှိတယ်ဆိုတဲ့ အစီရင်ခံစာတွေကို ကော်မတီက လက်ခံရရှိခဲ့ပါတယ်။ နိုင်ငံတော် ဆန့်ကျင်မှု၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ပြစ်မှု၊ စီးပွားရေးနဲ့ တချို့ ရာဇ၀တ်မှုတွေက သေဒဏ် အပြစ်ပေးနိုင်တယ်လို့လည်း ကုလ ကော်မတီဝင် Kran က ပြောပါတယ်။

"သေဒဏ်စီရင်ချက် ချမှတ်ခံရသူတွေရဲ့ အမည်တွေနဲ့ အရေအတွက်ကို အာဏာပိုင်တွေက လျို့ဝှက်ထားတဲ့ အခြေအနေပါ။ ဆိုတော့ သဘောထားကွဲပြားသူတွေကို ပစ်မှတ်ထားပြီး တရားဥပဒေ အတိုင်း မလုပ်ဘဲ သေဒဏ်ပေးလို့ရတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ တချို့ကတော့ ဖမ်းဆီး ချုပ်နှောင်ထားစဉ် အတွင်း သေဆုံးကြရပါတယ်။ ဒီလို သေဆုံးမှုမျိုးရောက်ရင်လည်း ကိုယ့်ဘာသာ သတ်သေတာလို့ အရာရှိတွေက တင်ပြလိုက်ကြတယ်ဆိုတဲ့ အစီရင်ခံချက်တွေလည်း ကျမတို့ ရထားပါတယ်။"

သေဒဏ် အပြစ်ပေးတာကို ဖျက်သိမ်းပေးဖို့၊ ဒါမှမဟုတ်လည်း သေဒဏ်စီရင်မှု ကျင့်သုံးနေတာကို ဆိုင်းငံ့ပေးဖို့ လူအခွင့်အရေး ကျွမ်းကျင်သူ အဖွဲ့ က တောင်းဆိုပါတယ်။ ဗီယက်နမ် အစိုးရ အနေနဲ့ ဥပဒေသစ် ရေးဆွဲပြဌာန်းတဲ့ အပိုင်းမှာလည်း တိုးတက်မှုတွေ ရှိတာကိုလည်း ကော်မတီက တွေ့ရှိပါတယ်။ လူ့အခွင့်အရေးကို ကာကွယ်ပေးနိုင်မယ်လို့ ယူဆရတဲ့ ဥပဒေတွေ တချို့လည်း ထွက်ပေါ်လာတယ်လို့ ကုလ ကော်မတီဝင် Kran က ဗွီအိုအေကို ပြောပါတယ်။

"အဓမ္မ ခိုင်းစေမှုကို တားမြစ်တဲ့ တရားမ၀င် ကုန်ကူးမှုနဲ့ ပတ်သက်ပြီး ဥပဒေသစ် ထွက်လာပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာဆိုရင် ဥပဒေ အထောက်အကူဆိုင်ရာ ဥပဒေ ပြင်ဆင်ချက်လည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ဥပဒေရေးရာ အထောက်အကူ ရယူနိုင်တဲ့သူ အရေအတွက်လည်း တိုးလာပါတယ်။ ရာဇ၀တ် ပြစ်မှုဆိုင်ရာ တရားစီရင်ရေး အဆင့်တိုင်းမှာလည်း ရှေ့နေက တဆင့် ခုခံ ချေပခွင့်နဲ့ ပတ်သက်ပြီး ရာဇသတ်ကြီးနဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံး တွေမှာလည်း ပြင်ဆင်ချက်တွေ ရှိပါတယ်။"

ဥပဒေရေးရာပိုင်း ပြဌာန်း ပြင်ဆင်မှုမှာ တိုးတက်တဲ့ လက္ခဏာတွေ တွေ့ရပေမယ်လို့လည်း ဒီဥပဒေတွေကို လက်တွေ့ကျင့်သုံးမှု မရှိဘူးလို့လည်း ကုလ ကော်မတီဝင် Kran က ပြောပါတယ်။

ဗီယက်နမ် လူ့အခွင့်အရေး ကုလဝေဖန်
please wait

No media source currently available

0:00 0:03:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG