သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်ကို မြောက်ကိုးရီးယား အတုယူဖို့ ကန်လိုလား


အမေရိကန် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပမယ့် ဗီယက်နမ် နိုင်ငံက တချိန်က တောင်ပိုင်းနဲ့ မြောက်ပိုင်း ကွဲပြားခဲ့ပေမယ့် အခုတော့ ပေါင်းစည်းခဲ့ပြီး ဖြစ်ပါတယ်။ တချိန်က အမေရိကန်နဲ့ စစ်ဖြစ်ခဲ့တဲ့ ဗီယက်နမ် နိုင်ငံက အခုတော့ မိတ်ဆွေ ဖြစ်နေပါပြီ။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ခဲ့တဲ့ ဆိုရှယ်လစ် နိုင်ငံတခုလည်း ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်ဘဲ မြောက်ကိုရီးယား အတွက်တော့ ဗီယက်နမ် နိုင်ငံဟာ စီးပွားရေးနဲ့ နိုင်ငံရေးမှာ စိတ်ဝင်စားစရာ ပုံစံ တခုဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကတော့ အခုလို ရှုမြင်ပါ့မလားဆိုတာကတော့ မသေချာပါဘူး။ ဗွီအိုအေ သတင်းထောက် Bill Gallo က ဟနွိုင်းကနေ သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက် ကပြောပြမှာပါ။

တပါတီ ကွန်မြူနစ် စနစ် ကျင့်သုံးတဲ့ ဗီယက်နမ်နိုင်ငံက ဒီကနေ့ ဒီအချိန်မှာတော့ အရင်းရှင်ဝါဒီ ပုံပေါက်နေပါတယ်။ အနောက်တိုင်း အသင့်စား အစားအသောက်တွေက အစ ဇိမ်ခံကားတွေ အထိ အရင်းရှင် သရုပ်သကန်တွေ နေရာတိုင်းမှာ တွေ့ရတဲ့ ကွန်မြူနစ် နိုင်ငံက အမေရိကန် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ကြား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ အတွက် စိတ်ဝင်စားဖွယ် နောက်ခံ အကြောင်းတရားတွေလည်း ရှိနေတာပါ။ ၁၉၆၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေက အမေရိကန်နဲ့ စစ်တိုက်ခဲ့တဲ့ ဗီယက်နမ် နိုင်ငံနဲ့ မတူတော့ပါဘူး။

ကွန်မြူနစ် အုပ်ချုပ်မှုရဲ့ အရိပ်အယောင်တွေက ရှိနေဆဲဆိုပေမယ့်လည်း နိုင်ငံရဲ့ ကိုယ်ပိုင် လက္ခဏာသစ်ကို ဖန်တီးနေကြတဲ့ လူငယ်မျိုးဆက်တခုကြောင့် ဒါတွေက သိသိသာသာ ပျောက်ဆုံးနေပါပြီ။ ဗီယက်နမ် နိုင်ငံက သူ့ရဲ့ စီးပွားရေးကို ၁၉၈၀ ပြည့်လွန်နှစ်တွေကမှ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပေမယ့် အခုအချိန်မှာတော့ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးမှု အမြန်ဆုံး နိုင်ငံတခု ဖြစ်နေပါပြီ။ ဗီယက်နမ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း David Shear ကတော့ အခုလို ပြောပါတယ်။

"ဗီယက်နမ် နိုင်ငံက အရင်းရှင် စနစ် တစိတ်တပိုင်းပါဝင်နေတဲ့ ကွန်မြူနစ် နိုင်ငံတခုကို ကိုယ်စားပြုတယ်လို့ သမ္မတ Trump က ရှုမြင်ပါတယ်။ ဒါကြောင့် ဒီလို လုပ်ခဲ့တဲ့ အတွက်ကြောင့် ရလာတဲ့ အကျိုးအမြတ်တွေကို ကင်ဂျုံအွန်းကို သူက မြင်သွားစေချင်မှာပါ။"

ဒါပေမယ့် ကင်ဂျုံအွန်း အနေနဲ့ လက်ခံယုံကြည်ပါ့မလားဆိုတာက မသေချာပါဘူး။ မြောက်ကိုရီးယား နိုင်ငံက အလားတူ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ခဲ့တာကြောင့်လည်း ကင်မိသားစုဟာ မျိုးဆက် သုံးဆက်တိုင် အာဏာကို အခိုင်အမာ ရယူထားတာပါ။ နောက်ထပ် ပြသနာ တခုကတော့ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း David Shear ကတော့ အခုလို ပြောပါတယ်။

"အမေရိကန်နဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတို့ဘက်က ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးရေး အတွက် မြောက်ကိုရီးယားဘက်က နျူးကလီးယား ကင်းစင်ရေးကို လုံလောက်အောင် မလုပ်ခင် အထိတော့ ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေက နိုင်ငံ ဖွံ့ဖြိုးရေးအတွက် တကယ့် အဟန့်အတား ဖြစ်နေမှာပါ။"

မြောက်ကိုရီးယား ခေါင်းဆောင် ကင်နဲ့ တွေ့ဆုံဆွေးနွေးချိန်မှာလည်းဗီယက်နမ်ကို စံပြတခုအနေနဲ့ အမေရိကန် သမ္မတ Trump က ရည်ညွှန်းပြောဆိုမယ့် အနေအထား ရှိပါတယ်။ ဒါပေမယ့်လည်း Trump နဲ့ Kim ဗီယက်နမ်မှာ တွေ့ဆုံကြမယ့် အချိန်မှာ အားလုံးက သိချင်နေကြတဲ့ မေးခွန်းတခုကတော့ ရှိနေပါတယ်။ အဲဒါကတော့ ကင်ဂျုံအွန်းဘက်က ဘာလိုချင်နေလဲ ဆိုတာဘဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG