သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတွင်း လူကုန်ကူးခံရသူ မြန်မာ ၁၇ဦး ဖမ်းဆီးခံရ


လူကုန်ကူးခံရသူ မြန်မာ ၁၇ဦး ဖမ်းဆီးခံရ (AAM)
လူကုန်ကူးခံရသူ မြန်မာ ၁၇ဦး ဖမ်းဆီးခံရ (AAM)

ထိုင်းနယ်စပ်မြို့ ဖြစ်တဲ့ကော့သောင်းကနေ လာပြီး ရနောင်ဘက်ခြမ်းမှာ လူကုန်ကူးခံရတဲ့မြန်မာ ၁၇ယောက် ကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတွေနဲ့ စစ်တပ်တွေက ဇွန်လ ၆ ရက်နေ့ က ဖမ်းဆီးလိုက်ပါတယ်။ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ အလုပ်အကိုင်ကောင်းတွေ ရှာဖွေပေးမယ်ဆိုပြီး တယောက်ကို ဘတ်ငွေ ၂သောင်း မြန်မာကျပ်ငွေ နဲ့ဆို ၈သိန်းလောက် လူပွဲစားတွေကိုပေးခဲ့ရတာပါ။ လူပွဲစားတွေက ကော့သောင်းမြို့ ဘက်ကနေ ငါးဖမ်းစက်လှေနဲ့ ထိုင်းနိုင်ငံ ရနောင်းဘက်ကို ခေါ်ဆောင်ပေးလာပါတယ်။အဲဒီကနေ တဆင့် ကားစီးပြီး ထိုင်းနိုင်ငံရဲ့ မြို့ကြီးတွေဆီသွားပြီး အလုပ်အကိုင်ရှာဖွေဖို့ လာကြသူတွေဖြစ်ပါတယ်။

သူတို့ တွေဟာ ကားတွေပေါ်မှာ ခိုးဝှက်လိုက် ပါလာရင်းနဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းကို ခိုးဝင်ဖို့ ကြိုးစားခဲ့ရာမှာလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲတွေနဲ့စစ်တပ်တွေက ဖမ်းဆီးခဲ့တာဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ လူကုန်ကူးခံရမူတွေနဲ့ ပတ်သက်လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲရဲ့ အမူဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ဆိုပါတယ်။

“သတင်းမှာ တက်တာကတော့ ၁၇ ယောက်လို့တော့ပြောတယ်။ ကျနော်ကြားတာ ကတော့ ၂၄ ယောက် ၊ ကား၂ စီးမှာ ဖမ်းတယ်။ ၂၀ ဝန်းကျင်လောက်တော့ ယေဘုယျ လို့တော့ ပြောနိုင်တာပေါ့။”

အခုဆိုရင်မြန်မာနိုင်ငံဘက်ခြမ်း၊ ကော့သောင်းမြို့ဘက်မှာ နေအိမ်တွေနဲ့ တည်းခိုရာနေရာ အတော်များများမှာ ထိုင်းနိုင်ငံကို ထွက်ပြီး အလုပ်လုပ်ဖို့ အတွက်စောင့်နေကြသူတွေ အများအပြားရှိနေကြသလို လူပွဲစားတွေကလည်း အစုလိုက် အပြုံလိုက် တသုတ်ပြီး တသုတ် ထိုင်းနိုင်ငံဘက်ကို ပို့ နေကြတယ်လို့ ဆိုပါတယ်။ ဒီအတွက်အစိုးရသစ်အနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ မဖန်းတီးပေးနိုင်ရင်တော့ လူကုန်ကူးမူတွေက ပပျောက်သွားမှာမဟုတ်ဘူးလို့ဦးကျော်သောင်းကဆိုပါတယ်။

“တနင်္သာရီတိုင်း တတိုင်းလုံးမှာရှိတဲ့ တည်းခိုခန်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ရွာထဲမှာလည်း တောက်လျှောက်ဖြစ်နေတယ်။ အဲဒါကို ကျနော်တို့ လွန်ခဲ့တဲ့ ၂ လလောက်တကတည်းက ထိုင်းဘက်ကရော ၊ မြန်မာဘက်ကရော၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေ စောင့်ကြည့်နေကြတယ်။ ဆိုတော့ ရှိနေတာသိနေတယ်၊ သတင်းအချက်အလက်တွေ ဒီဘက်နဲ့ ဟိုဘက်ကို ဖလှယ်နေကြတယ်။ ကျနော်တို့ကလည်း ဒီဘက်က သတင်းအချက်အလက်တွေကို လှမ်းပြောတယ်။ ပြောတဲ့အတိုင်းဒီဘက်ကိုဝင်လာတာနဲ့ ကျနော်တို့ မကြာမကြာဖမ်းမိနေတယ်ပေါ့။ ဆိုတော့ အလုပ်မရှိတော့ ဒီဘက်ကိုရတဲ့နည်းနဲ့လာနေတယ်။ ဒါကို အစိုးရအနေနဲ့ကလည်း မတားဆီးနိုင် ၊ လူတွေကလည်း ရတဲ့နည်းလမ်းနဲ့ ထွက်လာနေကြတယ်ဆိုတော့ ဒီလူကုန်ကူးမှုကတော့ တဖြေးဖြေးများလာတာ သတိထားမိတယ်။”

လူကုန်ကူးခံရသူတွေကိုတော့ ထိုင်းနိုင်ငံထဲမှာလူဝင်မူဥပဒေအရ အရေးယူမယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့မေလ ၂၆ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ ဘက်ခြမ်း ကန်ချနာပူရီမြို့ ရဲစစ်ဆေးရေးဂိတ်တခုကနေ လူကုန်ကူးခံရတဲ့မြန်မာနိုင်ငံသား ၂၄ယောက်ကို တင်ဆောင်လာတဲ့ကားတစီးကို ဖမ်းဆီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ကပဲမြန်မာနိုင်ငံတွေတင်ဆောင်လာတဲ့ ကုန်တင်ကားတစီးဟာ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့အနီးတာ့ခ်မြို့ ကိုအထွက်မှာ တိမ်းမှောက်ခဲ့တာကြောင့် လူကုန်ကူးခံရတဲ့ မြန်မာ၂၀ ထက်မနည်း ဒဏ်ရာတွေရကြြ့ပီး ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံအတွင်းပိုင်းကို အလုပ်အကိုင်ရှာဖွေဖို့ လာရင်းနဲ့ လူကုန်ကူးခံရတာဖြစ်ပါတယ်။

လူကုန်ကူးမူ တိုက်ဖျက်ရေးတွေနဲ့ ပတ်သက်လို့အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန က ၂၀၁၆ ခုနှစ်အတွက် ထုတ်ပြန်တဲ့ လူကုန်ကူးမှု အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို Tier 3 အနိမ့်ဆုံး စာရင်းထဲသတ်မှတ်ခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၃သန်းထက် မနည်းနေထိုင်နေတဲ့ ထိုင်းနိုင်ငံကိုတော့ တီယာ၂ စောင့်ကြည့်အဆင့်ကို သတ်မှတ်ပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG