သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးခံရသူ မြန်မာအလုပ်သမား ၂၀ ကို ထိုင်းမှာ ကယ်တင်


 ဇွန်လ ၃ရက်နေ့ ညက တိမ်းမှောက်သွားတဲ့ ကုန်တင်ကား
ဇွန်လ ၃ရက်နေ့ ညက တိမ်းမှောက်သွားတဲ့ ကုန်တင်ကား

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က တာ့ခ်ကိုသွားမယ့် ကုန်တင်ကားတစီး ဇွန်လ ၃ရက်နေ့ ညက တိမ်းမှောက်တာကိုသွားကယ်ဆယ်ရာကနေလူကုန်ကူးခံရတယ်လို့ ယူဆရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ကို ကုန်တင်ကားထဲမှာ သယ်ဆောင်လာတာကို တွေ့ရကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြိုကနေ တာခ့်မြို့ကိုသွားမယ့် ကုန်တင်ကားတစီးဟာ မဲဆောက်မြို့ ကအထွက် တာခ့်ကိုသွားတဲ့လမ်းမှာ တိမ်းမှောက်ခဲ့တာပါ။ ဆေးရုံကားတွေ နဲ့ ကယ်ဆယ်ရေးကားတွေ စစ်တပ်တွေ ရဲတွေ ရောက်လာချိန်မှာတော့ ကားမောင်းသမားက ထွက်ပြေးသွားပြီး ကားထဲမှာ ဒဏ်ရာရနေသူတွေ ကို ဆွဲထုတ်ပြီး ဆေးရုံပို့ ခဲ့ရပါတယ်။ တိမ်းမှောက်သွားတဲ့ ကုန်တင်ကားကြီးပေါ်မှာတေ့ာ မြန်မာရွှေ့ပြောင်း အလုပ်သမား၂၀ ဟာ တနေရာကို သွားမယ်လို့ ယူဆရတဲ့ အဝတ်အစား အထုတ်အပိုးတွေ တဦးချင်းဆီမှာ သယ်ဆောင်လာတာကို တွေရတာကြောင့် လူကုန်ကူးမူ ယူဆချက်နဲ့ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားခဲ့ကြောင်း လူမူရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသားတဦးက အခုလိုပြောပြပါတယ်။

“ည ၇ နာရီလောက်ပေါ့နော်၊ တာ့ခ်ကိုသွားမယ့်လမ်းမှာမြန်မာပြည်သားအယောက် ၂၀ လောက်ပါတာပေါ့နော် အဲဒီကားထဲမှာ ၊ အဲဒီကားက မှောက်သွားတာပေါ့နော်။

မေး။ ။ဘယ်လိုကားလဲ။

ဖြေ။ ။ ၁၀ ဘီးကားပေါ့နော်။ အဲဒီမြန်မာပြည်သားတွေ အယောက် ၂၀ လည်းရှိတယ်။ လူတွေကတော့ ၁ ယောက်မှတော့မသေဘူးပေါ့နော်။ အနာတွေ ဒဏ်ရာတွေတော့ရတယ်။ အဲဒီထဲမှာ သူတို့စစ်ဆေးတော့ မြန်မာပြည်သားတွေ တယောက်မှာ အထုတ်တွေပါလာတာပေါ့နော်။ အစတုန်းက သူတို့စိတ်ထဲမှာ အဲဒီမြန်မာပြည်သား လမ်းလုပ်တဲ့ အလုပ်သမားကားပေါ့ တင်လာတာပေါ့နော်။ နောက်တော့ သူတို့ပြန်ကြည့်လိုက်တော့ အဲဒီ ၁၀ ဘီးကား မှာ အဝတ်အစားအထုတ်တွေ အများကြီးပေါ့နော် ပါလာတာပေါ့နော်။ သူတို့တွေ့သွားတော့ လိုက်စစ်တာပေါ့နော် ။ စစ်တပ်ရော ပုလိပ်ရောလာတော့ နောက်ကားမောင်းသမားကတော့ ထွက်ပြေးသွားတယ်။ စစ်သားနဲ့ပုလိပ်က အလုပ်သမားတွေကို ဝိုင်းထားလိုက်တယ်ပေါ့နော် ။ ဘာဖြစ်လိုလဲဆိုတော့ သူတို့ လူကုန်ကူးဖြစ်မှာကြောက်လို့ အဲဒီအလုပ်သမားတွေကို ခဏ ဖမ်းထားတာပေါ့နော်။ မြန်မာပြည်သားကြီးပဲ အားလုံးအယောက် ၂၀ ရှိတယ်ပေါ့နော်။”

ဒဏ်ရာအနည်းငယ်ပြင်းထန်သူတွေ တချို့ကိုတော့ မဲဆောက်ဆေးရုံကြီးကိုပို့ပြီး ကုသမူလုပ်ခဲ့ပေမယ့် သေဆုံးသူမရှိခဲ့ဘူးလို့ သိရပါတယ်။ ကားမောင်းသမားကတော့ ထွက်ပြေးတိမ်းရှောင် သွားတဲ့အတွက် အထုတ်အပိုးကိုယ်စီပါလာတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးဖို့ အတွက် ဖမ်းဆီးထားပါတယ်။

ပြီးခဲ့တဲ့မေလ ၂၆ရက်နေ့ ကလည်း ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ ဘက်ခြမ်း ကန်ချနာပူရီမြို့ ရဲစစ်ဆေးရေးဂိတ်တခုကနေ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၂၄ယောက်ကို တင်ဆောင်လာတဲ့ ကားတစီးကို ဖမ်းဆီးခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံအတွင်းပိုင်းကို အလုပ်အကိုင်ရှာဖွေဖို့ လာရင်းနဲ့ လူကုန်ကူးခံရတာဖြစ်ပါတယ်။

လူကုန်ကူးမူ တိုက်ဖျက်ရေးတွေနဲ့ ပတ်သက်လို့အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန က ၂၀၁၆ ခုနှစ်အတွက် ထုတ်ပြန်တဲ့ လူကုန်ကူးမှု အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို Tier 3 အနိမ့်ဆုံး စာရင်းထဲသတ်မှတ်ခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၃သန်းထက် မနည်းနေထိုင်နေတဲ့ ထိုင်းနိုင်ငံကိုတော့ တီယာ၂ စောင့်ကြည့်အဆင့်ကို သတ်မှတ်ပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG