သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းကုမ္ပဏီတရားစွဲဆိုမှု ရုပ်သိမ်းပေးဖို့ မြန်မာနဲ့ ထိုင်း NGO အဖွဲ့တွေ တောင်းဆို


 မြန်မာပွန်ပီပက် ကုမ္ပဏီလိမိတက် (MPC) ( Karen News)
မြန်မာပွန်ပီပက် ကုမ္ပဏီလိမိတက် (MPC) ( Karen News)

မြန်မာနိုင်ငံအတွင်း သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ ထိုင်းသတ္တုတွင်းလုပ်ငန်း ကုမ္ပဏီတခုက တရားစွဲဆိုခြင်းခံထားရတဲ့ ထိုင်းသတင်းထောက် Pratch Rujivanarong ရဲ့အမှုကို ရုပ်သိမ်းပေးဖို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF အပါအဝင် ထိုင်းနဲ့ မြန်မာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ သဘာ၀ ပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေ ပူးပေါင်း တောင်းဆိုလိုက်ပါတယ်။ အကြာင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ရှားဖောင် က တင်ပြပေးပါမယ်။

ထိုင်းသတ္တုတွင်း လုပ်ငန်း ကုမ္ပဏီတခုဖြစ်တဲ့ မြန်မာပွန်ပီပက် ကုမ္ပဏီလိမိတက် (MPC) ကနေ တရားစွဲတာခံထားရတဲ့ ထိုင်း သတင်းထောက် Pratch Rujivanarong ရဲ့ အမှုကို ချက်ခြင်း ပြန်ပြီး ရုတ်သိမ်းဖို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF အပါအဝင် ထိုင်းနဲ့ မြန်မာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ သဘာ၀ ပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အားလုံးပေါင်း ၈၀ ကနေပြီးတော့ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့ကြပါတယ်။

မေလ ၁၄ ရက်နေ့ထုတ် ပူးတွဲကြေညာချက်ထဲမှာ ပါဝင်တဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ တာကပေါလူငယ်အဖွဲ့ရဲ့ အကြံပေးတဦးဖြစ်တဲ့ နော်ပီသလောက ကြေညာချက်ထုတ်ပြန်ရတာနဲ့ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။

“ဒီထိုင်းသတင်းထောက်က ထိုင်းလူ့အခွင့်အရေးကော်မရှင်က ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီးတော့မှ စုံစမ်းစစ်ဆေးတုန်းက လိုက်လာတယ်။ အခုဖြစ်ပျက်နေတဲ့ မြန်မာပွန်ပီပက် ကုမ္ပဏီ ထိုင်းလုပ်ငန်းကြောင့် ထိခိုက်နစ်နာတဲ့ ရွာသူရွာသားတွေနဲ့လည်းတွေ့တယ် အဲဒီမိုင်းကိုလည်လည်း သွားလေ့လာတယ်။ ရွာသူရွာသားတွေကိုလည်း တွေ့ဆုံမေးမြန်းတယ်။ သူတို့တွေ့ရှိချက်၊ ရွာသူရွာသား ဖြေကြားချက်အပေါ်မှာ အမှန်တရားပေါ်မှာရေးတယ်နော်။ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာထိခိုက်အောင်ရေးတာမဟုတ်ဘူး။ တကယ့်အဖြစ်အပျက်ပေါ်မှာ အခြေခံပြီးတော့ အမှန်တရားပေါ်မှာ ရေးတဲ့အတွက် သူ့ရဲ့လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့် ကို ထိခိုက်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ဒါကို ကျမတို့အနေနဲ့ မီဒီယာရဲ့ လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့် ကိုပိတ်ပင်တယ်။ ဒါကြောင့်မို့လို့ ကျမတို့ ဒီလိုတရားစွပ်စွဲထားတဲ့အမှုကို ရုပ်သိမ်းပေးဖို့ တောင်းဆိုရခြင်းဖြစ်ပါတယ်။”

တာကပေါလူငယ်အဖွဲ့ဟာ တနင်္သာရီတိုင်း ပြည်ပသတ္တုတွင်း တူးဖေါ်ရေးအပါအဝင် တခြား စီးပွားရေးရင်းနှီးမြုနှံမှုတွေနဲ့ ပတ်သက်တဲ့ နစ်နာမှုတွေကို ဒေသခံတွေ သိရှိနိုးကြားမှုရှိဖို့ လှုပ်ရှားဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အရှေ့ဘက်မှာရှိတဲ့ ဟိန္ဒား သတ္တုတွင်းလုပ်ငန်းကို လုပ်ဆောင်နေတဲ့ မြန်မာပွန်ပီပက် ကုမ္ပဏီ ဟာ သူတို့သတ္တုတူးဖော်ရာကနေထွက်လာတဲ့ စွန့်ပစ် ညစ်ညမ်းရေတွေကို အနီးအနားနဲ့ ဒေသတဝိုက်မှာရှိတဲ့ ရွာသူရွာသားတွေ သုံးစွဲနေတဲ့ မြစ်ချောင်းအတွင်း ဒီအတိုင်း လွတ်ချလိုက်တဲ့အတွက် ရွာသူရွာသားတွေ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်နေရကြောင်း ထိုင်းသတင်းထောက် Pratch Rjivanarom ကနေ သတင်းဆောင်းပါးရေးသားပြီး ၂၀၁၇ မတ်လ ၁ ရက်နေ့မှာ ထိုင်းနိုင်ငံထုတ် The Nation သတင်းဌာနကနေ သူတို့ရဲ့ အွန်လိုင်းစာမျက်နှာမှာ ဖော်ပြခဲ့တာပါ။

ဒီရေးသား ဖော်ပြချက်တွေဟာ သူတို့ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီးတော့ မြန်မာပွန်ပီပက်ကုမ္ပဏီက သတင်းထောက်နဲ့အတူ The Nation သတင်းဌာနကိုပါ ၂၀၀၇ - ကွန်ဗြူတာ ဆိုင်ရာ ရာဇဝတ်မှု အက်ဥပဒေနဲ့ မတ်လ ၂၀ ရက်နေ့မှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ သတင်းထောက် Pratch Rujivanarom ကို ပထမ တရားခံအဖြစ်နဲ့ တရားစွဲဆိုထားပြီး The Nation သတင်းဌာနကိုတော့ ဒုတိယ တရားခံအဖြစ် တရားစွဲဆိုထားတာပါ။

တကယ်လို့သာ ကုမ္ပဏီက စွပ်စွဲဆိုထားတဲ့အတိုင်း ပစ်မှုမြောက်တယ်လို့ တရားရုံးက ဆုံးဖြတ်ချက်ချခဲ့ရင်တော့ သတင်းထောက်အနေနဲ့ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရမှာဖြစ်ပြီး၊ ငွေဒဏ်အနေနဲ့ ဒေါ်လာ ၅ ထောင် ၆ ရာနဲ့ ညီမျှတဲ့ ဘတ်ငွေ ၂ သိန်း ပေးဆောင်ရမှာပါတယ်။ ဒါမှမဟုတ်ရင်လည်း ထောင်ဒဏ် ငွေဒဏ် နှစ်ခုစလုံး ကျခံရနိုင်ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံ Nakhoh Pathom ခရိုင်တရားရုံးကနေ ပဏာမ ကြားနာစစ်ဆေးမှုကို ဇူလိုင်လ ၁၇ ရက်နေ့မှာပြုလုပ်မှာဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ ပူးတွဲကြေညာချက်နဲ့ပတ်သက်လို့ The Nation သတင်းဌာနရဲ့ အမှုဆောင်အယ်ဒီတာတဦးဖြစ်တဲ့ Jintana Panyaarvudh ကလည်း ထောက်ခံကြောင်းပြောဆိုသလို၊ သတင်းထောက် Pratch အနေနဲ့ သတင်းထောက်တဦး လုပ်ရမယ့် အလုပ်တာဝန်ကို မှန်ကန်ရိုးသားစွာ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်တယ်ဆိုပြီး The Nation သတင်းတပုဒ်မှာ ပြောဆိုထားပါတယ်။

ထားဝယ်မြို့အရှေ့ဘက် ဟိန္ဒားသတ္တုတွင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မြန်မာပွန်ပီပက်ကုမ္ပဏီရဲ့ လက်ရှိ သတ္တုတူးဖော်ရေးလုပ်ငန်း အခြေအနေနဲ့ ပတ်သက်လို့လည်း နော်ပီသလောက အခုလို ပြောပြပါတယ်။

“ဒီထိုင်းကုမ္ပဏီက လုပ်ငန်းကို စပြီးတော့ အကောင်အထည်ဖော်တဲ့အချိန်မှာ ပြဿနာစဖြစ်တယ်ပေါ့နော်။ဒီ၂၀၁၀ မှာဆိုရင် အဆိုးဝါးဆုံးက သူ့မိုင်းတွေကို ဒီအတိုင်းပဲ လုပ်ချလိုက်တယ် ကုမ္ပဏီက စွန့်ပစ်ရေပေါ့နော် မြစ်ထဲကို လွှတ်ချလိုက်တယ် ဟိန္ဒားကနေပြီးတော့ လွှတ်ချလိုက်တာတွေဆိုရင် အဝါရောင် လဘက်ရည်အရောင်မျိုးပဲ ဒီတနင်္သာရီမြစ်တလျှောက်မှာ ဆိုရင် ကျမတို့က ထင်ထင်ရှားရှားတွေ့ရတယ်။ တနင်္သာရီမြစ်တလျှောက်မှာရှိတဲ့ ကျေးရွာတွေကပေါ့နော် ဒီမိုင်းရေကိုပဲ သောက်သုံးရတယ်၊ မိုင်းရေက ဝါနေပေမယ့်လည်း သူတို့မှာ ရွေးချယ်စရာမရှိတော့ ဒီမိုင်းရေကိုပဲ သုံးနေရတယ်ပေါ့နော်။”

မြန်မာပွန်ပီပက်ကုမ္ပဏီဟာ ထိုင်းသတင်းထောက်နဲ့ ထိုင်းသတင်းဌာနကို တရားစွဲဆိုထားပေမယ့် တဖက်မှာတော့ ဟိန္ဒားသတ္တုတွင်း အောက်ဘက်တက်တက်မှာရှိတဲ့ မြောင်းပြိုရွာက ရွာသူရွာသား ၉ ဦးကနေ တရားစွဲဆိုထားတာကို ခံနေရပါတယ်။ မိုးရာသီအတွင်း သတ္တုမိုင်းတွင်းကနေထွက်လာတဲ့မိုင်းရေနဲ့အတူ ကုမ္ပဏီရဲ့ နှုန်းစစ်ကန်ပြိုကျရာကနေ အဲဒီရွာသားတွေရဲ့ ဥယျာဉ်ခြံနဲ့နေအိမ်တွေပါသွားတဲ့အတွက် ရွာသားတွေကကုမ္ပဏီကို တရားစွဲဆိုထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG