ညှင်းပမ်းနှိပ်စက်မှု နဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရာဇဝတ်မှုအဖြစ်နဲ့ ဥပဒေပြဋ္ဌာန်းသွားဖို့အတွက် ထိုင်းနိုင်ငံက စဉ်းစား သုံးသပ်နေပြီဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့အမျိုးသားလွှတ်တော်ကို တင်သွင်းမယ့် ဥပဒေကြမ်းထဲမှာ ပြစ်ဒဏ်တွေ အတော်များများကို ထည့်သွင်းထားပြီး၊ - အစိုးရတာဝန်ရှိသူတွေ ညှင်းပမ်းနှိပ်စက်မှုကိုကျူးလွန်ရင်၊ ထောင်ဒဏ်နှစ် ၂၀ ထိကျခံရမှာဖြစ်ပြီး၊ အဲဒီညှင်းပမ်းနှိပ်စက်မှုကနေ အပြင်းအထန်ဒဏ်ရာရသွားမယ်ဆိုရင် ထောင်ဒဏ် နှစ် ၃၀ နဲ့ တကယ်လို့ သေဆုံးသွားခဲ့မယ်ဆိုရင်တော့ တသက်တကျွန်း ကျခံရမှာဖြစ်ပါတယ်။
ဒီဥပဒေကြမ်းကို ထိုင်းအစိုးရက လက်ခံထားပြီဖြစ်သလို၊ နိုင်ငံတော်ကောင်စီ ကလည်း လေ့လာဆန်းစစ်ပြီးသွားပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ လူ့အခွင့်အရေးဥပဒေ နဲ့ ကာကွယ်စောင့်ရှောက်မှုတွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရတာဖြစ်ပါတယ်။
လူတွေလျှို့ဝှက်ဖမ်းဆီး ခေါ်ဆောင်တာတွေ နဲ့ ပတ်သက်ပြီး တရားဥပဒေအရ တာဝန်ခံမှုအပိုင်းမှာ အောင်မြင်မှုတစုံတရာမရှိသေးဘူးလို့ ကုလသမဂ္ဂရဲ့ လျှို့ဝှက်ဖမ်းဆီးခေါ်ဆောင်ခြင်းဆိုင်ရာ အလုပ်ကော်မတီက ပြောပါတယ်။ ၁၉၈၀ ခုနှစ်ကစပြီး ထိုင်းနိုင်ငံမှာ လူတွေကို လျှို့ဝှက်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမှုပေါင်း ၈၂ မှုရှိတယ်လို့ ကုလသမဂ္ဂရဲ့ လျှို့ဝှက်ဖမ်းဆီးခေါ်ဆောင်ခြင်းဆိုင်ရာ အလုပ်ကော်မတီက ပြောပါတယ်။
လူတွေကို လျှို့ဝှက်ဖမ်းဆီးခေါ်ဆောင်တာတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ တလျှောက်လုံး ပျက်ကွက်ခဲ့တယ်လို့ ထိုင်းနိုင်ငံရဲ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နာ Angkhana Neelapaichit က ပြောပါတယ်။ သူမရဲ့ အမျိုးသား Somchai Neelapaichit ဟာ လူ့အခွင့်အရေးရှေ့နေတဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မတ်လက ပျောက်သွားခဲ့တာဖြစ်ပါတယ်။