သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးမိတ်မြို့တိုက်ပွဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိဟု ရှမ်းလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်


မိုးမိတ်မြို့
မိုးမိတ်မြို့

ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းယူခဲ့ပေမဲ့ မြို့ခံအများစုကတော့ စိုးရိမ်စိတ်ကြောင့် နေရပ်မပြန်ရဲကြပါဘူး။ ဒါ့အပြင် မိုးမိတ်ကို စစ်ကောင်စီက ပြန်သိမ်းယူဖို့ကြိုးပမ်းရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့တခုက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှု၊တရားဥပဒေမဲ့ သတ်ဖြတ်မှုနဲ့ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တာတွေရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဏိုင်အဖွဲ့က ယိင်းလျန်းဟန် ကပြောပါတယ်။ တိုက်ပွဲတွေဖြစ်တာကြောင့်ရော၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်ပါ မိုးမိတ်ဒေသခံ ၆,၀၀၀ကျော်ဟာ နေရပ်စွန့်ခွာနေရတယ်လို့လည်း ပြောပါတယ်။

"အရပ်သားတွေကို ပစ်သတ်တယ်။ လေကြောင်းတိုက်ခိုက်မှုတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားရှိတဲ့နေရာတွေကိုပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ အိမ်မီးရှို့တာ၊ အရပ်သားတွေကို ပစ်သတ် သတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာ၊ အရပ်သားအမျိုးသမီးတွေကိုအဓမ္မကျင့်တာ...ဒါတွေရှိတယ်။ နောက် ပြည်သူတွေပစ္စည်းခိုးယူတာ ဒါတွေရှိတယ်။ အရပ်သားသေတာ ၂၇ ယောက်ရှိတယ်။ ဒါ ကျမတို့ကောက်ယူနိုင်သလောက်ပါ။ မြေပြင်မှာ ဒီထက် ပိုနိုင်တယ်။ စစ်ကောင်စီက သူတို့စစ်ရှုံးရင် ပြည်သူတွေကို ဒီလိုမဲတာမျိုးက သူတို့လုပ်ရပ်ဖြစ်နေပြီ။ အဓိကကတော့ နိုင်ငံတကာဘက်က နိုင်ငံတကာတရားရုံးတွေကနေ စစ်ကောင်စီကို အမြန်ဆုံးအရေးယူဖို့လိုပြီလို့ပြောချင်တယ်။"

မိုးမိတ်မြို့မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက် ကနေ ဖေဖော်ဝါရီလ ၂ ရက်အထိ တလကျော်အတွင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ကောက်ယူခဲ့တဲ့ လူ့အခွင့်အရေးချိုး‌ ဖောက်မှုမှတ်တမ်းတွေမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်တာ လက်နက်ကြီးပစ်တာနဲ့ မီးရှို့ဖျက်ဆီးတာသတ်ဖြတ်တာတွေပါဝင်ပြီး ဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၂၇ ဦး သေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါဟာ လက်လှမ်း မှီသလောက်ကောက်ယူနိုင်တဲ့စာရင်းသာဖြစ်ပြီး မြေပြင်မှာ ဒီထက် ပိုများနိုင်တယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ထုတ်ပြန်ချက်အရ ရွှေဇာလီ၊ ကြည်တော်စု၊ တောင်ပိုင်းရပ်ကွက်၊ ရွာတော်လေး၊ လက်ခုပ်တန်း၊ မိုးမိတ်စျေးတို့မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု၊ မီးရှို့ခံရမှုတွေကြောင့် အိမ်ခြေတော်တော်များများ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ လတ်တလောမှာတော့ မိုးမိတ်နဲ့ မဘိမ်းမြို့တွေကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားပါတယ်။ဒီမြို့နယ်နှစ်ခုရဲ့ အုပ်ချုပ်ရေးနဲတရားစီရင်ရေးကိစ္စတွေမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းလိုက်တယ်လို့လည်း စစ်ကောင်စီကထုတ်ပြန်ပါတယ်။

မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့က စတင်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ဇန်နဝါရီလအတွင်း မိုးမိတ်မြို့မှာ စစ်ကောင်စီနဲ့ KIA/PDF ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ပူးပေါင်းအဖွဲ့ကနယ်မြေတချို့ကိုသိမ်းခဲ့ပေမယ့် ဇန်နဝါရီလကုန်ပိုင်းမှာတော့ စစ်ကောင်စီကမြို့ကို ပြန်သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

ဒီလိုသိမ်းယူနိုင်ဖို့ စစ်ကောင်စီက တချို့နေရာတွေကို လေကြောင်းတိုက်ခိုက်တာကြောင့် တမြို့လုံးနီးပါးမီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ(၆,၀၀၀)ကျော် နေရပ်စွန့်ခွာခဲ့ရတာပါ။ လက်ရှိမှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာလိုက်တာကြောင့်လည်း အများစုက စိုးရိမ်စိတ်တွေနဲ့ နေရပ်ပြန်မနေရဲ‌သေးဘူးလို့ ပြောပါတယ်။တိုက်ပွဲတွေမရှိတော့ပေမဲ့ စစ်ကောင်စီတပ်တွေက မြို့ပတ်ပတ်လည်မှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ပွဲတွေကြောင့် ဒေသခံတွေအဖို့ မန္တလေး၊ ကျောက်မဲ၊ ပြင်ဦးလွင်ဘက် ထွက်ပြေးခဲ့ကြရသလို မိုးမိတ်အနီးအနားတော့ လယ်ကွင်းတွေမှာလည်း ခိုလှုံနေကြရပါတယ်။ မြို့ကိုမပြန်ရဲတဲ့ စစ်ဘေးရှောင်တွေအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူ ဦးဇင်းတပါးက ခုလိုမိန့်ပါတယ်။

"ပြန်ဖို့ကမလွယ်‌သေးဘူး။ ရေရှည်ဆိုလည်း ရှိတဲ့ ပါလာတဲ့‌ ငွေလေးတွေနဲ့ ဒုက္ခရောက်ကြမှာပဲ။ ခုလောလောဆယ် လှူတဲ့လူလည်းသိပ်မရှိတော့ စားဝတ်နေရေးတော်တော်ကိုဖြေရှင်းနေရတာ။ မပြန်နိုင်တာက ခုဟာက စစ်တပ်ကနေပြီးတော့ မြို့ထဲရွာထဲဝင်နေရင် လုံးဝစိတ်ချစရာမှမရှိဘဲနဲ့ အကုန်လုံး ထွက်ပြေးနေရတာ။ တော်လှန်ရေးတပ်တွေတုန်းက အဲလောက်မရှိဘူး။ စိုးရိမ်စရာလည်းမလိုဘူး။ ထွက်ပြေးစရာလည်းမလိုဘူး။ စစ်တပ်ဝင်ပြီဆိုတာနဲ့ ပြည်သူတွေအားလုံး ဒုက္ခရောက်ရတာပဲ။ မထင်ရင်မထင်သလို ဦးဇင်းတို့ကြည်တော်စုဘက်မှာ ကလေး ၂ ယောက်ကို ခေါင်းဖြတ်သတ်သွားတာ ၁၅ နှစ်အရွယ်ကလေးတွေပဲ။ ထိန်းချုပ်ထားတယ်ဆိုပြီး လမ်းတွေဘာတွေပိတ်ထားတယ်။ ရွာသူရွာသားတွေ သွားခွင့်လာခွင့်မပေးဘူး။

မိုးမိတ်မြို့ခံစစ်ဘေးရှောင်တဦးကတော့ လက်ရှိမြို့အခြေအနေနဲ့သူစစ်ဘေးရှောင်ခဲ့ရတဲ့အခြေအနေကိုခုလိုပြောပါတယ်။

"မိုးမိတ်ကရှင့်၊ စားဝတ်နေရေးအဆင်မပြေဘူးလေ။ အလုပ်မလုပ်ရတော့လေ သူတို့တွေက ဘယ်မှပေးမထွက်တော့ဘူး။ ပိတ်ထားတာ အရင်လတုန်းက။ အိမ်ကိုက မသွားတာကြာပြီ။ ကြောက်လို့။ သမီးမိန်းကလေးရှိတော့ ပိုဆိုးတယ်။ တော်လှန်ရေးအဖွဲ့ကိုမကြောက်ဘူး။ စစ်ကောင်စီပဲ။ သူများသားပျိုသမီးပျိုတွေကို မုဒိန်းကျင့်တာရှင့်။ အဲဒါကြောက်လို့၊ သမီးမိန်းကလေးရှိလို့ ကြောက်လို့ ရှောင်လာတာပါ။"

မိုးမိတ်ဟာ မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ မြို့တမြို့ဖြစ်ပါတယ်။ မဘိမ်းနဲ့ မိုင် ၄၀ လောက်ပဲ ကွာတာပါ။ မိုးမိတ်မြို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးကိုဆက်သွယ်ထားတဲ့ ဝင်ပေါက်မြို့လည်းဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ မိုးမိတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဇန်နဝါရီ ၂၉ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းလူ့အခွင့်အရေး မဏ္ဏိုင်အဖွဲ့ပြောဆိုချက်ထုတ်ပြန်ချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီကိုမေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရပါဘူး။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ရှမ်းမြောက်ဒေသနဲ့ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်တိုက် ဆိုသလို ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG