သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာရီကိန်း Matthew ကြောင့် သေဆုံးသူ ၁ ထောင်နီးပါး


ကာရစ်ဘီယမ်ကျွန်းတွေကနေ အမေရိကန်ပြည်ထောင်စု အတ္တလန္တိတ်ကမ်းရိုးတန်းအထိ သီတင်းတပတ်ကြာ ဖြတ်သန်းတိုက်ခတ်လာရာက ဟေတီနိုင်ငံက အများစုဖြစ်တဲ့ လူ ၁ ထောင်နီးပါး သေဆုံးခဲ့ရပြီးနောက် Matthew ဟာရီကိန်းမုန်တိုင်းဟာ အားပျော့ပျက်ပြယ်ကာ နီးလာပြီဖြစ်ပါတယ်။ မုန်တိုင်းဟာ ဒိုမီနီကန်သမ္မတနိုင်ငံ၊ ဂျမေကာ၊ ကျူးဘားနဲ့ ဘဟားမားနိုင်ငံတွေက ဒေသခံတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို မွှေနှောက် ဖျက်စီးခဲ့တာ ဖြစ်ပါတယ်။

စနေနေ့နှောင်းပိုင်းကတော့ မုန်တိုင်းရဲ့ဗဟိုချက်ဟာ မြောက်ကာရိုလိုင်းနားပြည်နယ် Cape Fear ကနေ ၈၅ ကီလိုမီတာအကွာမှာရှိနေပြီး လူနေထူထပ်တဲ့ ဒေသတွေကနေ တဖြေးဖြေးချင်း အဝေးကို ရွေ့လျားသွားနေပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းတပတ်လောက်ကထက် တဝက်လောက်သာ ပြင်းထန်တော့တဲ့ လေတိုက်နှုန်း တနာရီကို ၁၂၀ ကီလိုမီတာလောက်နဲ့ တဖြေးဖြေး အားပျော့သွားခဲ့တာ ဖြစ်ပါတယ်။

ဖလော်ရီဒါပြည်နယ်ကနေ မြောက်ကာရိုလိုင်းနားအထိ ကီလိုမီတာ ၉၅၀ ရှည်လျားတဲ့ အမေရိကန်အရှေ့ဘက်ခြမ်း ကမ်းရိုးတန်းဒေသတလျှောက်က နေရာတော်တော်များများမှာ ဆိုးဆိုးရွားရွား ရေကြီးတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားကတော့ မုန်တိုင်းကြောင့် အနည်းဆုံး လူ ၁၀ ဦးလောက် သေဆုံးခဲ့ရတဲ့ ပြည်နယ် ၄ ခုမှာ အရေးပေါ်အခြေအနေကို ကြေညာခဲ့ပါတယ်။

Matthew ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်အရှေ့ဘက်ခြမ်းကို ၉ နှစ်အတွင်း အပြင်းထန်ဆုံး တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတခုဖြစ်ပြီး၊ ဟာရီကိန်း မုန်တိုင်းတွေထဲမှာ အချိန်အကြာဆုံး တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတခုအဖြစ် စံချိန်တင်ခဲ့ပေမဲ့ - အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးမှုကတော့ ကြိုတင် ခန့်မှန်းထားတာထက် သက်သာရာရခဲ့ပါတယ်။ လွန်ခဲ့တဲ့ သီတင်းတပတ်နီးပါးက ကာရစ်ဘီယမ်ဒေသကို စတင်ဝင်ရောက်ချိန်မှာ အင်အားအပြင်းဆုံး ဖြစ်ခဲ့တဲ့ ဟာရီကိန်းဟာ တနာရီကို လေတိုက်နှုန်း ၂၃၅ ကီလိုမီတာနီးပါး ရှိခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG