သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက်သယူးမုန်တိုင်း အမေရိကန်အဝင် ပြင်းအားပျော့


မက်သယူးမုန်တိုင်း အမေရိကန် ဖလော်ရီဒါကို ဝင်ပြီ။ (အောက်တိုဘာ ၇၊ ၂၀၁၆)
မက်သယူးမုန်တိုင်း အမေရိကန် ဖလော်ရီဒါကို ဝင်ပြီ။ (အောက်တိုဘာ ၇၊ ၂၀၁၆)

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်၊ ဂျော်ဂျီယာပြည်နယ်၊ တောင် နဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်တွေက ကမ်းရိုးတန်း ဒေသတွေမှာ နေုထိုင်ကြတဲ့ လူ ၂ သန်းလောက်ကို မက်သယူးဟာရီကိန်းမုန်တိုင်း မတိုင်ခင်မှာ ဘေးလွတ်ရာ ကို ရွှေ့ကြဖို့ အမိန့် ထုတ်လိုက် တဲ့အတွက် အမေရိကန်အရှေ့တောင်ဘက် အခြမ်းက အဝေးပြေးလမ်းတွေပေါ်မှာ ကြာသာပတေးနေ့က လမ်းတွေ ပိတ်ဆို့ကုန်ကြပါတယ်။ ဟေတီ၊ ကျူးဘား နဲ့ ဘဟားမားစ်ကျွန်းတွေကို အခုတပတ် အတွင်း ဝင်ရောက်တိုက်ခတ်ပြီးတဲ့နောက် မုန်တိုင်းက အားကောင်းလာနေပြီး၊ အမေရိကန်နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုတန်းကို ဦးတည်လာနေပါတယ်။ ပြင်းအား အဆင့် ၄ သတ်မှတ်ထားတဲ့ မုန်တိုင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အမေရိကန် ကမ်းရိုတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အဆိုးဆုံး မုန်တိုင်းဖြစ်ပြီး၊ မုန်တိုင်းနဲ့အတူ မိုးအသည်းအသန်ရွာတဲ့အတွက် တချို့နေရာတွေမှာ အပျက်အစီးတွေဆက်ဖြစ်နေမှာဖြစ်တယ်လို့ မိုးလေဝသ နဲ့ ဇလဗေဒ ပညာရှင်တွေက ပြောပါတယ်။ Zlatica Hoke သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

Matthew ဟာရီကိန်းမုန်တိုင်းရဲ့ အလယ်ဗဟိုချက်ဟာ အမေရိကန်အရှေ့ဘက် ကမ်းရိုးတန်းတလျှောက် မြောက်ဘက်ကိုဦးတည်ရွေ့လျား လာတာနဲ့အမျှ၊ မိုးသက်လေပြင်းနဲ့ အတူ လှိုင်းလုံးကြီးတွေဖြစ်လာမယ်လို့ မိုးလေဝသ တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ခန့်မှန်းလိုက်ပါတယ်။ မုန်တိုင်းက ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက်တာနဲ့ မုန်တိုင်းလမ်းကြောင်းတလျှောက်မှာ အပျက်အစီးတွေ ပိုဖြစ်မယ်လို့ ပြောလိုက်ပါတယ်။ မုန်တိုင်းက ဘယ်လမ်းကြောင်းကိုပဲ ဦးတည်ဦးတည် ထိခိုက်ပျက်စီးမှုတွေ ကြီးကြီးမားမားရှိမယ်လို့ အမေရိကန်အစိုးရရဲ့ ပြည်ထောင်စုအရေးပေါ် စီမံခန့်ခွဲရေးဌာနက Raphael Lemaitre က ပြောပါတယ်။

"ပျက်စီးဆုံးရှုံးမှုတွေ သိပ်မကြီးမားဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ လက်တွေ့အခြေအနေမှာတော့ ကျနော်တို့အနေနဲ့ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားဖို့ိလိုပြီး၊ ဒီအတွက်လည်း ကျနော်တို့ အခုလုပ်နေပါတယ်။"

ပြည်ထောင်စုအရေးပေါ်စီမံခန့်ခွဲမှုဌာနက မုန်တိုင်းနဲ့ နီးတဲ့ ဒေသတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ နဲ့ ပစ္စည်းတွေကို ပို့ဆောင်လိုက်ပြီး၊ ဒေသခံ တာဝန်ရှိသူတွေက အကူအညီတွေတောင်းတဲ့အခါမှာ အကူအညီတွေ ချက်ချင်း ပေးနိုင်ဖို့အတွက် အသင့်ပြင်ထားပြီဖြစ်ပါတယ်။ ကမ်းရိုးတန်းဒေသက မြို့နယ်တွေကိုတော့ ဘေးလွတ်ရာကို မဖြစ်မနေရွှေ့ဖို့ အမိန့်ထုတ်ပြန်ထားပြီး၊ အချိန်မီ မထွက်ခွာတဲ့သူတွေအနေနဲ့ အသက်အန္တရာယ်ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးထားပါတယ်။

"ဒီကိစ္စကို အလေးအနက်ထားဖို့လိုပါတယ်။ ခင်ဗျားတို့ကို ဘေးလွတ်ရာ ကို ရွှေ့ဖို့ပြော တယ်ဆိုရင်၊ ရွှေ့ကြပါ။ မုန်တိုင်းအတွက် ပြင်ဆင်ထားဆိုရင် ၊ ပြင်ဆင်မှုတွေလုပ်ကြပါ။ သိပ်ပြီးတော့ နောက်မကျခင် အခုလုပ်ကြပါ။"

ဖလော်ရီဒါပြည်နယ်တောင်ပိုင်းက လေဆိပ်တွေကို ကြာသပတေးနေ့ နေ့လည်ပိုင်း က ပိတ် လိုက် တာကြောင့် လေကြောင်းခရီးစဉ်တွေကို စတင်ဖျက်သိမ်းနေပြီး၊ တခြားပြည်နယ်တွေမှာလည်း ခရီးစဉ်တွေဖျက်တာတွေဖြစ်လာနေပါပြီ။

"ကျမတို့ အိမ်ကိုပြန်တော့မယ်။"

"အစောကြီးကတည်းက လေယာဉ်လက်မှတ်ကိုမှာထားပေမယ့် ကျမတို့လေယာဉ်က ခရီးစဉ်ဖျက်လိုက်ပါပြီ။"

"ကျနော်တို့ ဖီလာဒဲလ်ဖီးယားကနေ ဆန်ဟွမ်းကို တိုက်ရိုက်သွားတဲ့ လေယာဉ်ရလို့ ကံကောင်းတယ်။ Miami ကို သွားစရာမလိုတော့ပါဘူး။"

မုန်တိုင်းရဲ့ အခြေအနေကိုစောင့်ကြည်နေပြီး၊ တကယ်လို့ အကူအညီတောင်းလာရင်၊ တပ်ဖွဲ့တွေ စေလွှတ်ဖို့ ပြင်ဆင်ထားတယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ တခြားနိုင်ငံတွေကိုလည်း အကူအညီပေးနေတယ်လို့ Pentagon စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် Peter Cook က ပြောပါတယ်။

"ကာရစ်ဘီယံဒေသထဲမှာ မုန်တိုင်းဒဏ်ခံရတာတွေ နဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီရဲ့ ပန်ကြားချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ ၊ ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက အမေရိကန်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဘေးဒုက္ခကယ်ဆယ်ရေး အကူအညီတွေ ပေးနိုင်ဖို့ ပင်လယ်ရပ်ခြား လူမှုဘေးဒုက္ခ နဲ့ စာနာမှု အထောက်အပံ့ရံပုံငွေ ဒေါ်လာ ၁၁ သန်းကို သုံးစွဲဖို့ ခွင့်ပြုလိုက်ပါတယ်။ အဲဒီထဲမှာ ကာရစ်ဘီယန်ဒေသမှာ ပို့ဆောင်ဆက်သွယ်ရေး အထောက်အပံ့တွေ နဲ့ လေယာဉ်ကွင်း နဲ့ ဆိပ်ကမ်းတွေရဲ့ အခြေအနေတွေ သုံးသပ်ဖု့ိ နဲ့ လေယာဉ်ကွင်းတွေလည်ပတ်နိုင်ဖို့ အထောက်အပံ့တွေ ပါဝင်ပါတယ်။"

မုန်တိုင်းကြောင့်ဖြစ်လာမယ့် အပျက်အစီးတွေ ကြီးကြီးမားမားဖြစ်လာမယ်လို့ ဖလောရီဒါပြည်နယ်တာဝန်ရှိသူတွေကတော့ ခန့်မှန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG