သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး စုံစမ်းစစ်ဆေးဖို့ ICC ရှေ့နေချုပ် ဘင်္ဂလားဒေ့ရှ်ရောက်


ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ ICC ရှေ့နေချုပ် Karim AA Khan. (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂။ ဓာတ်ပုံ - Socail Khan Facebook)
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ ICC ရှေ့နေချုပ် Karim AA Khan. (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂။ ဓာတ်ပုံ - Socail Khan Facebook)

ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး ရှေ့နေချုပ် ကာရင်း အေအေ ခန်း (Karim AA Khan) နဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူလ် မိုမန် (AK Abdul Momen) နဲ့ မနေ့ ဇူလိုင်လ ၄ ရက်နေ့က တွေ့ဆုံခဲ့သလို၊ ကော့ဘဇားမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။ သတင်းပေးပို့ချက် အပြည့်အစုံကို မခင်ဖြူထွေး တင်ပြပေးပါမယ်။

နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူလ် မိုမန် (AK Abdul Momen) က မနေ့က ICC ရှေ့နေချုပ် ကာရင်း အေအေ ခန်း (Karim AA Khan) နဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်း ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနတွေက ဖော်ပြကြပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုတွေ ထပ်မကြုံရစေဖို့ အတွက် ကျူးလွန်သူတွေကို အမြန်ဆုံး အရေးယူရလိမ့်မယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး က ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှိ မရှိ စုံစမ်းစစ်ဆေးနေတဲ့ ရှေ့နေချုပ် ခန်း နဲ့အဖွဲ့ဟာ ဒီသီတင်းပတ်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပြီး သူ့ခရီးစဥ်အတွင်း ကော့ဘဇားမှာရှိတဲ့ ရိုဟင်ဂျာတွေနဲ့လည်း သွားရောက်တွေ့ဆုံဖို့ ရှိတယ်လို့ဆိုပါတယ်။

ရှေ့နေချုပ် ခန်း လာရောက်မယ့်ကိစ္စနဲ့ပတ်သက်လို့ ကော့ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် စခန်း တာဝန်ခံတဦးက ဗွီအိုအေကို ခုလို ပြောပါတယ်။

"ကော့ဘဇားကိုလာဖို့ဆိုတာက ဒီမှာပဲ ကျနော်တို့ သတင်းရထားတာပါ။ အစိုးရဘက် ကတော့ တရားဝင် ပြောတာမရှိသေးပါဘူး။ လာမယ်ဆိုတာပဲ ပြောတယ်။ သူတို့ဘယ်မှာလဲ ဆိုတာ ပြောလို့ မရသေးဘူး။ သူတို့က ဒီမှာရှိတဲ့ မျက်မြင်သက်သေ witness တွေကို တွေ့ပြီး သက်သေတွေ စုဆောင်းဖို့အတွက် မေးမြန်းတာတွေ လုပ်မယ်လို့တော့ သူတို့ဆီက လူတွေကပြောတယ်။ ရိုဟင်ဂျာတွေအပေါ် ၂၀၁၇ မှာဖြစ်ခဲ့တဲ့ ကိစ္စတွေ၊ ပထမ ကျနော်တို့ကို ARSA နဲ့ပတ်သတ်တဲ့ အမှု။ အဲ့မှာ ကြုံပြီး ပါဝင်ခဲ့တဲ့သူတွေကို တွေ့မယ်လို့ပြောတယ်။"

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်းမှာ ရိုဟင်ဂျာကျေးရွာတွေ ဖျက်ဆီးခံခဲ့ရပြီး သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခဲ့ရတာ ဖြစ်ရပ်နဲ့ပတ်သက်လို့ ဒါဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်ရာ ရောက်နိုင်တယ်ဆိုပြီး စုံစမ်း ဖော်ထုတ် အရေးယူပေးဖို့ ဘင်္ဂလားဒေ့ရှ်က ICC မှာ တင်သွင်းထားတာပါ။ ဒီလို တင်ခဲ့တာကို လက်ခံ စုံစမ်းစစ်ဆေးဖို့ ICC က ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ခွင့်ပြုခဲ့တာသလို၊ အဲ့ဒီနောက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။

ICC ရှေ့နေချုပ် ခန်း အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက်ခဲ့သလို၊ အခုခရီးစဥ်ကတော့ ဒုတိယမြောက် ခရီးစဉ်ဖြစ်ပါတယ်။ တပတ်ကြာခဲ့တဲ့ သူ့ရဲ့ ပထမခရီးစဥ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီးတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ကနေ လွတ်မြောက်လာသူတွေ အပါအဝင် ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီတခေါက်မှာတော့ ဘယ်သူတွေနဲ့ ဘယ်ချိန်တွေ့မယ် ဆိုတာ လောလောဆယ် သေချာ မသိရသေးပါဘူး။

ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က စွပ်စွဲထားတဲ့ အမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကတော့ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တာမို့ ဒီအမှုကို လက်ခံစဉ်းစားစရာ မလိုကြောင်းနဲ့ စွပ်စွဲထားသလို ရာဇဝတ်မှု ကျူးလွန်ခဲ့တာ မရှိကြောင်း ပြန်လည် တုံ့ပြန်ထားပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာ တရားရုံး ICJ မှာလည်း ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားတဲ့ အမှုကို လက်ရှိ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG