မြန်မာနိုင်ငံထဲကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာ မူဆလင် သိန်းနဲ့ ချီပြီး မြန်မာလုံခြုံရေးတပ်က အတင်းအဓမ္မ အကြမ်းဖက်မောင်းထုတ်ခဲ့တယ်ဆိုတဲ့ အပေါ် သီတင်းတပတ်ကြာ ပဏာမ စုံစမ်းစစ်ဆေးဖို့ အတွက် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး ICC အဖွဲ့တဖွဲ့ အင်္ဂါနေ့မှာ ဘင်္ဂလားဒေရှ့် နိုင်ငံကို ဆိုက်ရောက်ခဲ့ပါတယ်။
ICC ရဲ့ ရှေ့နေချုပ် Fatou Bensouda ဦးဆောင်တဲ့ အဖွဲ့ဝင် ၇ ဦးပါ အဖွဲ့က ကောဇ့်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံ စကားပြောမှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေရှ့် တရားရေး ဝန်ကြီး Anisul Huq၊ ပြည်ထဲရေး ဝန်ကြီး Asaduzzaman Khan Kamal ၊ နိုင်ငံခြားရေး ဝန်ကြီး Md Shahriar Alam ၊ နိုင်ငံခြားရေး အတွင်းဝန် Md Shahidul Haque တို့နဲ့လည်း ICC ကိုယ်စားလှယ် အဖွဲ့က ဆွေးနွေးဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာတွေ အပေါ် ရက်စက်တဲ့ကျူးလွန်မှုတွေ၊ သူတို့ကိုဘင်္ဂလားဒေရှ့်ဘက်ကို မောင်းထုတ်ခဲ့တဲ့ ရာဇဝတ်မှုတွေအပြင်၊ ဖြစ်နိုင်ခြေရှိတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ရုံးတင်တရားစွဲနိုင်မယ့် သက်သေအထောက်အထားတွေ ရှာဖွေစုဆောင်းဖို ICC အဖွဲ့က အဓိက အာရုံစိုက် ဆောင်ရွက်မှာ ဖြစ်တယ်လို့ သံတမန် သတင်းရပ်ကွက်တွေက ပြောပါတယ်။
The Hague အခြေစိုက် ICC - နိုင်ငံတကာ ရာဇဝတ်ပြစ်မှု ဆိုင်ရာ ခုံရုံးက ရိုဟင်ဂျာ အရေးကို စတင်ဆောင်ရွက်နေပြီး၊ ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းဖို့ ခုံရုံးလည်းဖွဲ့ထားပြီး ဖြစ်ပါတယ်။ အခု ဘင်္ဂလားဒေရှ့် ခရီးစဉ်ကတော့ အမှုတည်ဆောက်ရေး အတွက် ပဏာမ စုံစမ်းဖို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၈ ရက်နေ့တုန်းကတော့ ICC ရှေ့နေချုပ် Bensouda က အပြည့်အ၀ စုံစမ်းစစ်ဆေးရေး လုပ်နိုင်ဖို့ သက်သေ အထောက်အထားတွေ လုံလောက်မှုရှိ၊မရှိဆိုတာကို စတင် စုံစမ်းနေပြီလို့ ပြောဆိုခဲ့တာပါ။ မြန်မာဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံသလို မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် နိုင်ငံ မဟုတ်တဲ့ အတွက် တရားစီရင်မှုမှာအကျုံးမဝင်ဘူးလို့ အခိုင်အမာ ပြောဆိုထားပါတယ်။