သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ice မူးယစ်ဆေး ကျပ် ၃၄ ဘီလီယံကျော်ဖိုး ကော့သောင်းမှာ ဖမ်းမိ


တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ ရေပြင်မှာမတ်လ ၂၄ ရက်နေ့က ကျပ်၃၄ဘီလျံကျော် တန်ဖိုးရှိတဲ့ အိုက်စ် မူးယစ်ဆေးဝါးများ တင်ဆောင်လာတဲ့လှေတစင်းကို လှေလုပ်သား ၇ဦးနဲ့ အတူ မြန်မာ့ရေတပ်က ဖမ်းမိခဲ့ပါတယ်။ ဒါဟာ ထိုင်းကိုဝင်နိုင်မယ့် မူးယစ်ဆေးဝါးလို့ ယူဆရပြီး ထိုင်းနိုင်ငံမှာလုပ်တဲ့ ရေလုပ်သားတွေကြားမှာလည်း အိုက်စ်လို့ ခေါ်တဲ့မူယစ်ဆေးဝါးသုံးစွဲမူတွေ လွန်ခဲ့တဲ့ ၂နှစ်ကျော်ကစပြီး ခပ်စိတ်စိတ်ဖြစ်လာတာမို့စိုးရိမ်စရာကောင်းလာတယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေ ကဆိုပါတယ်။ အပြည့်အစုံကိုမအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

တနင်္သာရီတိုင်း ကော့သောင်းရေပြင် မြောက်တော်ဝင်ကျွန်း အနောက်ဖက်
မိုင်၂၀ခန့် အကွာမှာ အိုက်စ်လို့ ခေါ်တဲ့မူးယစ်ဆေးဝါးတွေ အများအပြား သယ်ဆောင်လာတဲ့ လှေတစင်းကို မြန်မာ့တပ်မတော်က စစ်ရေယာဉ်နဲ့ စစ်ဆေးပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ထိုင်း တောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားနဲ့ မှတ်တမ်းရေးရာ တာဝန်ခံဦးမင်းဦးက အခုလိုပြောပါတယ်။

“အခုဟာက အများဆုံးပဲ ပထမဦးဆုံး နယ်စပ်မှာမိတာက။အရင်တုန်းက ဘယ်နှစ်ကြိမ်လောက်မိတာ ၊ ဘယ်နှစ်ကြိမ်လောက်ဖြစ်နေပြီလဲ မသိဘူး ဘယ်နှစ်ကြိမ်လောက် လွတ်နေလဲဆိုတာ မသိဘူး။ ဒီဘက် ထိုင်းဘက်ခြမ်းကိုဝင်နေတာတွေက ခုနပြောတဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေက ဒီလမ်းကြောင်းကပဲလားဆိုတာ တွေးစရာဖြစ်လာတယ်။ အခုက နည်းတာမဟုတ်ဘူး ကျပ်၃၄ဘီလျံကျော် တန်ဖိုးရှိတာ အကြမ်းဖျင်းဈေးတွက်ထားတာ ။”


ထိုင်းနိုင်ငံဆိုင်ရာသတင်းတွေမှာတော့ထိုင်းမူးယစ် နိမ်နင်းရေး အဖွဲ့ကမြောက်ပိုင်း တခွင် ပိတ်ဆို့ ဖမ်းဆီးမှု တွေဆက်တိုက် လုပ်ဆောင်နေလို့မူးယစ်ကုန်သယ်တွေဟာ မြန်မာနိုင်ငံ ကော့သောင်းဖက် ကနေ ထိုင်းနယ်စပ် ကော့ချန်း ဆီကို မူးယစ်ဆေးတွေ လမ်းကြောင်း ပြောင်းသယ်လာနေတာတွေ့ရတယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ ထိုင်းနိုင်ငံနဲ့ နီးတဲ့ ကော့သောင်ရေပြင်မှာ ဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေဟာ မလေးရှားတို့အင်ဒိုနီးရှားတို့ ဘက်ကို ဆက်ပို့ဆောင်မယ့် အခြေအနေရှိတဲ့အကြောင်းနဲ့ မူယစ်ဆေးဝါးတွေနဲ့ အတူဖမ်းမိတဲ့ ရေလုပ်သား ၇ဦးကိုတော့ မြန်မာအာဏာပိုင်တွေက မတ်လ ၂၅ရက်နေမှာ ကော့သောင်းရဲစခန်းမှာ ဖမ်းဆီးအရေးယူ ထားတယ်လို့ဆိုပါတယ်။ ဒီလို့မြန်မာဘက်ကနေလာနေတဲ့ မူးယစ်ဆေးဝါးတွေကြောင့် ထိုင်းဘက်ကမြန်မာရွှေ့ပြောင်းရေလုပ်သားတွေကြားမှာလည်း မူးယစ်ဆေးဝါးသုံးစွဲမူတွေ များလာတယ်လို့လည်း ဦးမင်းဦးက ဆိုပါတယ် ။

“ အဓိက မလေးရှားတို့ဘာတို့ ဆိုတာပြောနေတာ အဓိက ထိုင်းဘက်ကိုဝင်နေတယ်လို့ ကျနော်ထင်တယ်။ မလေးရှားထိသွားဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ လမ်းမှာစစ်ဆေးရေးတွေ တောက်လျောက် စစ်ဆေးရေးတွေ ရှိတယ်။ ရေလုပ်ငန်းမှာမြန်မာပြည်သားတွေ သုံးလာတာ အတော်များလာတယ် အခုမှ မဟုတ်ဘူး လွန်ခဲ့တဲ့ ၂နှစ်ကျော်လောက် ကတည်းက သုံးနေကြတာ တွေ့ရတယ်။ အရင်တုန်းက ရေခဲဆိုတာ ပိုက်ဆံရှိတဲ့သူမှ သုံးနိုင်တာ။ ဈေးကြီးလို့လေ အခုနောက်ပိုင်းကျ ရေလုပ်သားတွေလည်း သုံးလာတယ်။ ဲဒါလည်းဈေးကြီးတုန်းပဲ ။မနှစ်က နှစ်စပိုင်းလောက်မှာ ကျနော်တို့ဒီဘက်မှာ ဖြစ်သွားတယ်ဆိုရင် ရေလုပ်သားတယောက် သူရတဲ့ပိုက်ဆံ ဘတ်၂သောင်း ၃ထောင် အကုန်လုံးကို ရေခဲရှုပြီး သေသွားတယ် ။ အဲလောက်အထိဖြစ်နေတာ။”

ကော့သောင်ရေပြင်မှာဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေ ကို ဆက်သွယ်မေးမြန်းဖို့ ကြိုစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG