သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို ပစ်မှတ်ထား ဒဏ်ခတ်မှုတွေ သတိထားလုပ်ဆောင်ဖို့ ICG သတိပေး


ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။
ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။

နိုင်ငံတကာ ပဋိပက္ခ လေ့လာရေး အဖွဲ့ ICG က မြန်မာ့ ရိုဟင်ဂျာ ပြသနာဟာ အန္တရာယ်ရှိတဲ့ အခြေအနေသစ် တရပ် ဖြစ်လာနေပြီဆိုပြီး ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးက လွယ်လွယ်ကူကူ ဖြစ်လာမှာ မဟုတ်တာကြောင့် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းကြီးမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဒုက္ခကြီး ဖြစ်လာနိုင်သလို နိုင်ငံဖြတ်ကျော် အကြမ်းဖက်မှုတွေလည်း ပေါ်ပေါက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် အနောက်အုပ်စု အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ ဆိုးကျိုး ထိခိုက်မှုတွေကို သတိထားဖို့၊ မြန်မာ အစိုးရနဲ့ ဆက်လက် ထိတွေ့ ဆက်ဆံဖို့လည်း တိုက်တွန်းထားပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြမှာပါ။

နိုင်ငံတကာ ပဋိပက္ခ လေ့လာရေး အဖွဲ့ ICG ရဲ့ မြန်မာ့ ရိုဟင်ဂျာ ပြသနာဟာ အန္တရာယ်ရှိတဲ့ အခြေအနေသစ်တရပ် ဖြစ်လာနေပြီဆိုတဲ့ အစီရင်ခံစာကို ဒီကနေ့ ထုတ်ပြန်တာပါ။ ဒုက္ခသည် အရေး အချိန်တို အတွင်း ပြေလည်နိုင်မှာ မဟုတ်တာကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခက်အခဲကြီး တရပ် ဖြစ်လာနိုင်သလို နိုင်ငံဖြတ်ကျော် အကြမ်းဖက်မှုတွေလည်း ဖြစ်လာနိုင်တယ်လို့ သတိပေးထားတာပါ။

အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေဘက်က ရိုဟင်ဂျာ သိန်းနဲ့ချီ ထွက်ပြေးရမှုဟာ မြန်မာ စစ်တပ်ရဲ့ အင်အား အလွန်အကျွံသုံး နှိမ်နင်းမှုကြောင့်လို့ ပြောဆိုထားပြီး အထူးသဖြင့် မြန်မာ စစ်တပ် အကြီးအကဲတွေကို ပစ်မှတ်ထား ဒဏ်ခတ်ထားတာပါ။

ICG ကတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက တခြား လူနည်းစုတွေ အပေါ် အလားတူ လုပ်မလာနိုင်စေရေး အတွက် အရေးကြီးတဲ့ သတင်းစကား ဖြစ်နိုင်ပေမယ်လို့ မြန်မာနိုင်ငံတွင်းမှာတော့ အပြုသဘောဆောင် အပြောင်းအလဲ ထွက်လာစေမယ့် ပုံ မရှိဘူးလို့ ထောက်ပြထားပါတယ်။ မြန်မာ့အရေး သုံးသပ်သူတွေ နိုင်ငံရေး သမားတွေ ဘက်ကလည်း ဒီသဘောထားကို လက်ခံထားပါတယ်။ မြန်မာ့အရေး သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိန်းက ပြောပါတယ်။

" ကျနော်တို့နိုင်ငံရဲ့ လက်ရှိ ဒီမိုကရေစီအပြောင်းအလဲမှာတော့ လတ်တလောကြုံနေရတဲ့ စိန်ခေါ်မှုတွေအကျပ်အတည်းတွေ နဲ့ ဆက်စပ်ပြီးတော့ Targeted Sanctions တွေက အလုပ်ဖြစ်နိုင်ခြေ နည်းတယ်လို့ ကျနော်ကတော့မြင်တယ်။ ဒီလိုTargeted Sanctions မျိုး လုပ်တာထက်ပေါ့ ကျနော်တို့နိုင်ငံရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ ပြသနာတွေ စိန်ခေါ်မှုတွေကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာနိုင်ဖို့အတွက်ကို နိုင်ငံတကာ ထိထိရောက်ရောက်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် ပိုအကျိုးရှိမယ်လို့ ကျနော်ကတော့ မြင်တယ်။"

ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးကြရပြီး နောက်ပိုင်းမှာတော့ အရင်က စစ်ရှိန်မြင့်ခဲ့တဲ့ မြန်မာပြည် မြောက်ပိုင်းမှာ မြန်မာ စစ်တပ်ရဲ့ ထိုးစစ်တွေ သိသိသာသာ လျော့ကျသွားတယ် လို့ ကချင်နိုင်ငံရေးသမား ဒေါက်တာ တူးဂျာက ပြောပါတယ်။

ရိုဟင်ဂျာ အရေး ဖြေရှင်းနိုင်ရေးကတော့ ညှိနှိုင်းဆွေးနွေးမှုသာ ဖြစ်တယ်လို့လည်း ဒေါက်တာ တူးဂျာက သုံးသပ်တာပါ။

" ဒီအခြေအနေ ပိုဆိုးမသွားအောင် အခြေအနေတွေ ပိုပြီး ပြေလည်မှုရှိလာအောင် ဦးတည်ရမယ်လို့ ကျနော်မြင်တယ်။ ဒါကြောင့်မို့လို့ ကွင်းဆင်းလေ့လာရေးကတော့ ပြည်ပကဖြစ်ဖြစ် ပြည်တွင်းကဖြစ်ဖြစ် ကွင်းဆင်းလေ့လာရေးက ဦးစားပေးသင့်တယ်။ ဦးစားပေးပြီးတော့ နောက်ဆုံးမှာတော့ ညှိနှိုင်းရေး ဆောင်ရွက်ရေးပေါ့ ဥပမာဆိုရင် နိုင်ငံတကာနဲ့ပြည်တွင်း ညှိနှိုင်းဆောင်ရွက်တဲ့ပုံစံမျိုးပေါ့။ ဒါမှမဟုတ်ရင်တော့ နိုင်ငံတကာကပုံစံတမျိုး ပြည်တွင်းက ပုံစံတမျိုး ဖြစ်နေလို့ရှိရင် အခြေအနေ ပိုရှုပ်ထွေးလာနိုင်တယ်လို့ ကျနော်မြင်တယ်လေ။"

ဒါပေမယ့် မြန်မာ အစိုးရနဲ့ မြန်မာ စစ်တပ် တို့ အနေနဲ့ နိုင်ငံတကာရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ အပေါ် အလေးထားတယ်လို့တော့ ဒေါက်တာ ရန်မျိုးသိန်းက ရှုမြင်ပါတယ်။

" လက်ရှိအခြေအနေမှာ မြန်မာအစိုးရရော မြန်မာ့တပ်မတော်ကရောပေါ့လေ အရင်ကာလကထက်ပေါ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မယ့်အနေအထားတွေ ဖိအားပေးတဲ့ အနေအထားတွေအပေါ်မှာ ပိုပြီးတော့ အလေးထားတယ်လို့ ကျနော်ကတော့ အဲ့လိုမြင်တယ်။ အဲ့တော့ နောက်တခုကတော့ ဘာလဲဆိုတော့ အရင်ကျနော်တို့ တပ်မတော် အစိုးရအဆက်ဆက်နဲ့ ပုံစံမတူတာကတော့ လက်ရှိအစိုးရက ပြည်သူကနေ တိုက်ရိုက်မဲပေးပြီးတော့ ရွေးတင်တဲ့သူတွေကနေ ဖွဲ့ထားတဲ့အစိုးရဖြစ်တဲ့အခါကျတော့ အဲ့ဒီ့အပေါ်မှာတော့ အစိုးရအပိုင်းရဲ့ ယုံကြည်မှုကတော့ နည်းနည်းမြင့်မားနေတယ်လို့ ပြောလို့ရတယ်။ နောက်ပြီးတော့ အစိုးရအပေါ်မှာ ပြည်သူလူထုရဲ့ယုံကြည်မှုကလည်း မြင့်မားတဲ့အနေအထားမျိုးတော့ရှိတယ်။ အဲ့ဒီ့အခါကျတော့ အဲ့လိုအခြေအနေဖြစ်နေပေမဲ့ လည်း ကျနော့်အမြင်အားဖြင့် အစိုးရနဲ့ တပ်မတော်အနေနဲ့ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အပေါ်မှာ အရင်ကထက်တော့ ပိုပြီးတော့ အလေးထားတယ်လို့ ကျနော်ကတော့မြင်တယ်။ ဒါပေမဲ့ တဘက်က နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှု အပိုင်းနဲ့ မြန်မာအစိုးရ မြန်မာ့တပ်မတော်ရဲ့ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နိုင်မှု အပိုင်းတွေမှာ နှစ်ဘက်စလုံးမှာ အားနည်းချက်တွေရှိတယ်လို့ ကျနော်ကတော့ အဲ့လိုသုံးသပ်ပါတယ်။ "

ICG အစီရင်ခံစာသစ်မှာတော့ ရခိုင်ပြည်နယ်တွင်း Arkhan Rohingya Salvation Army အပေါ် မြန်မာ စစ်တပ်ရဲ့ နှိမ်နင်းမှု အတွင်း ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာ ၆ သိန်း ၂ သောင်း ၄ ထောင် ထွက်ပြေးရပြီး ကမ္ဘာ့ အကြီးဆုံး ဒုက္ခသည် စခန်းကြီး ဖြစ်ခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံတွင်းကနေ ရိုဟင်ဂျာတွေကို မောင်းထုတ်လိုက်တာကတော့ ပဋိပက္ခကို ပြေလည်စေမှာ မဟုတ်ဘူးလို့လည်း ထောက်ပြထားပါတယ်။

ဒီအခြေအနေကြောင့် မြန်မာ့ ပြည်တွင်း နိုင်ငံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး အခြေအနေကို ပြောင်းလဲသွားစေပြီး ARSA အဖွဲ့က နိုင်ငံဖြတ်ကျော် အကြမ်းဖက်မှုတွေ လုပ်လာနိုင်တာကြောင့် မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ကြား တင်းမာမှုတွေ တိုးလာနိုင်တယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြန်မာ အပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်နေတဲ့ တချိန်တည်းမှာဘဲ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ဆက်လက်ပေးအပ်ဖို့၊ မြန်မာ အစိုးရနဲ့ ဆက်ပြီး ထိတွေ့ဆက်ဆံဖို့လည်း အကြံပြုထားတာပါ။ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေက ဆိုးကျိုးထိခိုက်မှုတွေ ရှိလာနိုင်တာကိုလည်း သတိထားဖို့လိုအပ်ပြီး ဒီလို ဒဏ်ခတ်မှုတွေ မလုပ်ခင် မြန်မာ အစိုးရ ၊ မြန်မာ စစ်တပ်တို့နဲ့ ဆွေးနွေးဖို့ကိုလည်း အကြံပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG