ရခိုင်မြောက်ပိုင်း ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့နေရာတွေက လူ့အခွင့်အရေးအခြေအနေတွေကို အသေအချာ စောင့်ကြပ် ကြည့်ရှုနိုင်ခြင်းမရှိပဲနဲ့တော့၊ ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ဆိုတာ မဖြစ်သင့်ဘူးလို့ လူ့အခွင့်အရေးမဟာမင်းကြီးက ပြောလိုက်ပါတယ်။ ရခိုင်မြောက်ပိုင်း ပဋိပက္ခတွင်းက လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဆွေးနွေးကြတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အထူးအစည်းအဝေးမှာ ပြောသွားတာပါ။ အစည်းအဝေးတက်ရောက်လာတဲ့ မြန်မာသံအမတ်ကြီးကတော့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအစီအစဉ်ဆောင်ရွက်ထားမှုတွေကို ရှင်းပြသလို၊ အခိုင်အမာမရှိတဲ့ စွတ်စွဲချက်တွေကြောင့် အခြေအနေအပေါ် အမှန်အတိုင်းသုံးသပ်နိုင်ဖို့ ခက်လိမ့်မယ်လို့ပဲ သတိပေးသွားပါတယ်။ ဒီ အစည်းအဝေးသတင်းကိုတော့ စောင့်ကြည့်သတင်းယူနေတဲ့ ကိုသားညွန့်ဦးက ပြောပြပေးမှာပါ။
မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံရဲ့ တောင်းဆိုချက်နဲ့ ဒီကနေ့မှာ ခေါ်ယူတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေးမှာ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေနဲ့ လက်ရှိသူတို့ကြုံနေရတဲ့ အကြပ်အတည်းတွေအပြင်၊ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စတွေကိုပါ ကုလသမဂ္ဂ အကြီးတန်းအရာရှိတွေနဲ့ အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။
အထူးသဖြင့်တော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်စုဆောင်းရေးအဖွဲ့ မြန်မာနိုင်ငံတွင်း ဝင်ရောက်စစ်ဆေးခွင့်မရတာ အခြားနိုင်ငံတကာအဖွဲ့အစည်းတွေ ရခိုင်မြောက်ပိုင်းအခြေအနေကို လွတ်လွတ်လပ်လပ်သွားရောက် စစ်ဆေးခွင့်မရတာတွေကြောင့် အဲဒီက လူ့အခွင့်အရေးအခြေအနေတွေအပေါ် စိုးရိမ်မကင်းဖြစ်နေကြတာတွေ့ရပါတယ်။
မြန်မာအာဏာပိုင်တွေအနေနဲ့ ဖုံးကွယ်ထားစရာမရှိဘူးဆိုရင်၊ သီးခြားလွတ်လပ်တဲ့ စောင့်ကြပ်ရေးအဖွဲ့တွေ သွားရောက်တာကို ဘာမှ ထိတ်လန့်စရာမလိုဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Zeid al Hussein က ပြောပါတယ်။
အကြမ်းဖက်မှုတွေ ထပ်မံမဖြစ်လာဖို့နဲ့ အဲဒီဒေသအပေါ် နိုင်ငံတကာယုံကြည်မှုတွေ ရလာဖို့ဆိုရင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေ အဲဒီဒေသသွားရောက်ခွင့်ပြုရမှာဖြစ်ပြီး၊ လူ့အခွင့်အရေးအခြေအနေတွေကို စောင့်ကြည့်နိုင်ခြင်းမရှိဘူးဆိုရင်တော့ ဒုက္ခသည်တွေ ပြန်ပို့ဖို့ဆိုတာ မဖြစ်သင့်ဘူးလို့ ကုလသမဂ္ဂမဟာမင်းကြီးက ပြောခဲ့ပါတယ်။
“ ဒုက္ခသည်တွေအနေနဲ့ နေရပ်မှာ ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်လည်နေနိုင်ဖို့ဆိုတာ အဲဒီဒေသ လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်နိုင်မှုမရှိပဲနဲ့ မဖြစ်နိုင်ဘူးဆိုတာ ရှင်းပါတယ်။ တုန့်လှုပ်စရာဒီအဖြစ်အပျက်တွေအပေါ်မှာ အပေါ်ယံဟန်ပြပြီး အလျင်အမြန်ဖြေရှင်းတာမျိုးကို လက်ခံလို့ မဖြစ်ပါဘူး။ ဆိုးဆိုးဝါးဝါး ခွဲခြားဆက်ဆံမှုတွေနဲ့ နောက်တကြိမ်ပြန်ပြီး အကြမ်းဖက်မှုတွေကို ပြန်ဦးတည်ပြီး လူတွေ နောက်ထပ် ထွက်ပြေးရတာမျိုးပဲဖြစ်လာစေမှာပါ။”
ဒါကြောင့်လည်း ရခိုင်မြောက်ပိုင်းအဖြစ်အပျက်တွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ လွတ်လပ်တဲ့အဖွဲ့တဖွဲ့ ဖွဲ့စည်းရေး လူ့အခွင့်အရေးကောင်စီကနေ အကြံပြုဆုံးဖြတ်ဖို့ကိုလည်း လူ့အခွင့်အရေးမဟာမင်းကြီးက အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းသွားပါတယ်။ ပြီးခဲ့တဲ့ ရခိုင်မြောက်ပိုင်း စစ်ဆင်ရေးအတွင်း လုံခြုံရေးတပ်ဖွဲပတွေက ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေအပြင်၊ ဒီ လူ့အသိုင်းအဝိုင်းအနေနဲ့ သူတို့ကိုယ်သူတို့ သတ်မှတ်ခေါ်ဝေါ်တဲ့ ရိုဟင်ဂျာဆိုတဲ့ နာမည်ကိုပါ သုံးနှုံးခွင့်မပေးတာဟာ အင်မတန်လူ့ကျင်ဝတ်မညီတဲ့ ရှက်ဖွယ်ကိစ္စဖြစ်တယ်လို့လည်း လူ့အခွင့်အရေးမဟာမင်းကြီးက ဝေဖန်ခဲ့ပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်စုဆောင်းရေးအဖွဲ့ ခေါင်းဆောင် Marzuki Darusman နဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ ကုလ အထူးကိုယ်စားလှယ်တို့ကလည်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ သူတို့ တွေ့ကြုံ မြင်ခဲ့ရတဲ့ အခြေအနေတွေ၊ ရိုဟင်ဂျာဒုက္ခသည်တွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တင်ပြသွားပါတယ်။
မြန်မာသံအမတ်ကြီး ဦးထင်လင်းကတော့ ဘင်္ဂလားဒေ့်ရ်ှနိုင်ငံနဲ့ ညှိုနှိုင်းနေတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအစီအစဉ်ကို ရှင်းလင်းခဲ့ပါတယ်။ နှစ်နိုင်ငံအကြား ပူးတွဲအလုပ်အဖွဲ့ ဖွဲ့စည်းနိုင်ဖို့ဆောင်ရွက်နေပြီး၊ လာမယ့် နှစ်လအတွင်းမှာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအစီအစဉ်ကို စတင်နိုင်မှာဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒုက္ခသည်တွေအနေနဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့လည်း မြန်မာသံအမတ်ကြီးက တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လို့ စွတ်စွဲချက်တွေနဲ့ပတ်သက်လို့ကတော့ ဒုက္ခသည်တွေအနေနဲ့ သူတို့ကို ပြောခိုင်းတာ၊ သူတို့ဖြစ်ချင်တာမျိုးတွေကို လိုရာစွဲပြောနေတာလို့ ချေပပါတယ်။ မခိုင်မာတဲ့ စွတ်စွဲချက်တွေကြောင့် အခြေအနေတွေ ပိုဆိုးမယ်ဆိုတာကိုလည်း သတိပေးခဲ့ပါတယ်။
“ လူတွေကို တွေ့ဆုံမေးမြန်းထားတာတွေမှာ လူတွေက သူတို့ထင်တာတွေနဲ့ အချို့က သူတို့ကို ပြောခိုင်းတာတွေကို ပြန်ပြောကြပါလိမ့်မယ်။ အခိုင်အမာအထောက်အထားမရှိတဲ့ စွတ်စွဲချက်တွေဟာ လူတွေကို ထင်ယောင်ထင်မှားဖြစ်စေပြီးတော့၊ အခြေအနေမှန်ကို သုံးသပ်ဖို့ခက်ပြီး အမှန်တရားနဲ့ဝေးကွာသွားနိုင်ပါတယ်။”
ကုလသမဂ္ဂမဟာမင်းကြီး Zeid ကတော့ ရခိုင်ဒေသကို သွားရောက်စစ်ဆေးနိုင်ခြင်းမရှိတာကြောင့် အခြေအနေတွေကို လုံး၀ ဆန်းစစ်ဖို့ စောင့်ကြည့်ဖို့ဆိုတာ ခက်ခဲတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ရိုဟင်ဂျာတွေအပေါ်မှာ စနစ်တကျ ခွဲခြားဆက်ဆံမှုတွေဟာ ဆယ်စုနှစ်နဲ့ချီ ကြာခဲ့ပြီလို့ ထောက်ပြပါတယ်။ ရိုဟင်ဂျာတွေအပေါ် ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံတာ နှိပ်စက်ညှင်းပမ်းတာ ရွာတွေကို အတင်းရွေ့ပြောင်းတာ စတာတွေကိုကြည့်ရင် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်မှုတွေ မဖြစ်ဘူးဆိုတာကို ဘယ်သူက ငြင်းနိုင်မလဲဆိုပြီး မေးခွန်းပြန်ထုတ်သွားပါတယ်။
“ ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခွဲခြားဆက်ဆံမှုတွေကို ကြည့်ရင် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်မှုမရှိဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။ ဒီ စကားလုံးသုံးနှုံးမှုကိုတော့ တရားဝင်အားဖြင့် သတ်မှတ်ပေးနိုင်တဲ့ တရားရုံးတခုကနေ နောက်ဆုံး ဆုံးဖြတ်အတည်ပြုပေးရမှာပါ။ ဒါပေမယ့် အခြေအနေတွေဟာ စိုးရိမ်စရာအလွန်ကောင်းပြီး ဒီလိုဖြစ်နေပြီဆိုတာ အတည်ပြုနိုင်ဖို့ အခြေအနေ ရှိဖို့လိုနေပါပြီ။”
ရခိုင်မြောက်ပိုင်းက အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ၊ နိုင်ငံတကာ စုံစမ်းရေးအဖွဲ့တွေကို မြန်မာဖက်က လက်ခံဖို့နဲ့၊ အပြစ်ကျူးလွန်သူတွေကို အရေးယူကိုင်တွယ်သွားဖို့ဆိုတာတွေကို အခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့ ကုလသမဂ္ဂ အကြီးတန်းတာဝန်ရှိသူတွေက ဒီ ဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ပါတယ်။
မြန်မာအိမ်နီးချင်း တရုတ်နိုင်ငံကတော့ အခြေအနေတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအကြပ်အတည်းကို နားလည်မှုရှိပြီး၊ တဖက်မှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံရဲ့ ဝန်ထုပ်ဝန်ပိုးအခြေအနေကိုလည်း သိရှိကြောင်းပြောပါတယ်။ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ သူတို့အနေနဲ့ အဆိုပြုချက်သုံးရပ် နှစ်ဖက်အစိုးရကို အဆိုပြုထားတယ်လို့ဆိုပါတယ်။ အခု လူ့အခွင့်အရေးအထူးညီလာခံအပြီးမှာတော့ ကုလ လူ့အခွင့်အရေးကောင်စီရဲ့ သီးခြား ဆုံးဖြတ်ချက်တရပ်ထွက်မယ်လို့ မျှော်လင့်ရပါတယ်။