မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြား အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာ ပေးအပ်ဖို့ အပါအဝင် လူသားချင်းစာနာမှု အကူအညီ အရေးပေါ် လိုအပ်နေတဲ့အကြောင်း ICRC နိုင်ငံတကာ ကြက်ခြေနီ အသင်းကြီးရဲ့ ဥက္ကဋ္ဌ Mirjana Spoljaric က ပြောပါတယ်။
လက်နက်ကိုင်တိုက်ပွဲတွေကြား ထောင်သောင်းချီတဲ့ လူတွေ စိုးရိမ်ထိတ်လန့်နေရသလို သန့်ရှင်းတဲ့ ရေနဲ့ မိလ္လာစနစ် မရှိတဲ့နေရာတွေမှာ ဆေးဝါးနဲ့ အစားအစာမရှိ၊ အဝတ်တထည် ကိုယ်တခုနဲ့ ရရာပစ္စည်း ဆွဲပြီး ထွက်ပြေး ပုန်းရှောင်နေရတဲ့အကြောင်းတွေကို သူ့ရဲ့ စက်တင်ဘာ ၅ ရက်နေက ၉ ရက် မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ Mirjana Spoljaric က ပြောဆိုတာကို ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်အတွင်းက ပြည်သူတွေရဲ့ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့ အခြေအနေတွေကို ICRC အကြီးအကဲ မျက်မြင်သွားရောက် ကြည့်ရှု့ခဲ့တာပါ။ အရပ်သားတွေ နေထိုင်တဲ့နေရာတွေမှာ ပြင်းထန်ပြီး ပေါက်ကွဲစေတဲ့ လက်နက်တွေ အသုံးပြု တိုက်ခိုက်နေတာကြောင့် ပြည်သူတွေစိုးရိမ်ကြောက်လန့်နေရတာ၊ အခြေခံစားကုန် သယ်ယူခွင့်နဲ့ သွားလာခွင့် ကန့်သတ် ပိတ်ပင် ကန့်သတ်ခံထားရတာ စတာတွေကိုလည်း ICRC အကြီးအကဲက ထောက်ပြ ပြောဆိုပါတယ်။
ခရီးစဉ်မှာ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး ICRC ရဲ့ အခန်းကဏ္ဍနဲ့ ပဋိပက္ခတွေကြား ဘက်မလိုက်ဘဲ လိုအပ်နေသူတွေကို အကူအညီပေးနိုင်ရေး ရည်မှန်းချက်တွေကို ရှင်းပြခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
Forum