သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ


အီဒီယံအသုံး အင်္ဂလိပ်စာ

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်သတင်းလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့  ဖြစ်တဲ့ Pull no Punches, Bear the brunt နဲ့ Saber Rattling တို့ကို တင်ပြထားပါတယ်။

(၁) Pull no Punches

Pull (သာမန်အားဖြင့်ဆွဲတယ်လို့ အဓိပ္ပါယ်ရပေမဲ့ ဒီနေရာမှာလက်သီးနဲ့ဆိုင်တဲ့အတွက် အဓိပ္ပါယ်က ထိုးတာ )၊ (no) က မဟုတ်သဘောပြတာ၊ punches (လက်သီးထိုးရာမှာညှာပြီး ထိုးတဲ့ လက်သီး လုံးတွေ) ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက် အဓိပ္ပါယ်က ညှာပြီးထိုးတဲ့လက်သီးတွေ မရှိတာ ဖြစ်ပါတယ်။ ထိုးလိုက်တဲ့လက်သီးတိုင်းက တဘက်သားကို ညှာပြီးထိုးတာမဟုတ်တဲ့အတွက်၊ တနည်းတော့ ထိုးလိုက်တဲ့ လက်သီးတိုင်းက တဘက်သားကို အထိနာစေတဲ့သဘောမျိုး ဖြစ်ပါတယ်။

ဒီအသုံးကလက်ဝှေ့ပွဲကနေ ဆင်းသက်လာတာဖြစ်ပြီး Pull a punch ဆိုရင် လက်ဝှေ့သမားက တဘက် လူကို ညှာပြီး သက်သက်သာသာ လျှော့လျှော့ပေါ့ပေါ့ ထိုးတာဖြစ်ပါတယ်။

အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ တဘက်လူကိုမညှာမတာ အထိနာအောင်ပြော ဆို ဝေဖန်တာ၊ ပြတ်ပြတ်သားသား ဗြောင်ကျကျ၊ အားမနာဘဲ ပြောဆိုတာ ဖြစ်ပါတယ်။ ဒီအီဒီယံအသုံးကို သမ္မတ Donald Trump နဲ့ ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ၀င်ယှဉ်ပြိုင် နိုင်ဖို့ Democrat ပါတီက သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရဖို့ ကြိုးပမ်းနေကြတဲ့သူတွေကြား စကား စစ်ထိုးပွဲတွေ ကျင်းပနေရာမှာ ဗုဒ္ဒဟူးနေ့ညက Detriot မှာကျင်းပခဲ့တဲ့စကားစစ်ထိုးပွဲမှာ ဒုတိယသမ္မတဟောင်း Joe Biden အပါအ၀င် တခြား Democrat ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်းဖြစ်လာရေးအတွက် ကြိုးပမ်း နေကြတဲ့သူတွေ စုစုပေါင်း ၁၀ ဦး တို့ရဲ့ စကားစစ်ထိုးပွဲမှာ ကိုယ့်ပါတီဝင်ချင်းဖြစ်ပေမဲ့ အချင်းချင်း မညှာမတာ ၀ိုင်းပြီး အထိနာအောင်ပြောဆိုဝေဖန်ခဲ့ကြတဲ့အတွက် The Washington Post သတင်းစာကြီးက “The Democrats Pull No Punches “ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

The ethnic leaders “pulled no punches” during the recent peace negotiations.

တိုင်းရင်းသားခေါင်းဆောင်တွေက မကြာသေးမီ က ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မှာ ပြတ်ပြတ်သားသား ဗြောင်ကျကျ၊ အားမနာဘဲ ပြောဆိုခဲ့ကြတယ်။

(၂) Bear the Brunt

Bear (ခံရတာ)၊ the brunt (အဆိုးဆုံးဒဏ်) ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက် အဓိပ္ပါယ် က အဆိုးဆုံးဒဏ်ကိုခံရတာဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ တခုတခုနဲ့ပတ်သက်လို့ ကျမတို့ မြန်မာအခေါ် “ခါးစည်းခံရတာ” မျိုးဖြစ်ပါတယ်။ ဘန်းစကားအရ ဆိုရင်တော့ အဆော်ခံရဆုံး၊အတီးခံရဆုံး နဲ့ ဆင်တူ တယ်လို့ ဆိုရမှာပါ။စောစောတင်ပြခဲ့တဲ့ Democrat ပါတီက သမ္မတ ကိုယ်စား လှယ် လောင်း ဖြစ်လာနိုင်ဖို့ ကြိုးပမ်းနေကြသူတွေကြားကျင်းပတဲ့ စကားစစ်ထိုးပွဲတွေနဲ့ပဲ ပတ်သက်ပြီး ဗုဒ္ဒဟူးနေ့ ညက ကျင်းပခဲ့တဲ့စကားစစ်ထိုးပွဲမှာ စုစုပေါင်း ၁၀ ဦးတို့ ပါဝင်ခဲ့ရာမှာ ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်းဖြစ်လာဖို့ အလားအလာအကောင်းဆုံး တစ်ပြေးနေတဲ့ ဒုတိယသမ္မတဟောင်း Joe Biden ကို သူနဲ့အတူဝင်ယှဉ်ကြတဲ့ Democrat တွေက အဓိက ၀ိုင်းပြီး မညှာမတာပြောဆိုဝေဖန်ခဲ့ကြတဲ့အတွက် Biden ဟာ သူ့ယှဉ်ပြိုင်ဘက်တွေရဲ့ ၀ိုင်းပြီး တိုက်ခိုက်မှုတွေဒဏ်ကိုအဆိုးဆုံးခံခဲ့ရတယ်ဆိုပြီး The Washinton Post သတင်းစာကြီးက “Biden bears brunt of rivals’ attacks” ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဥပမာ

Young people “bear the brunt” of unemployment in our city.

ကျနော်တို့ မြို့မှာ လူငယ်တွေကအလုပ်လက်မဲ့ဖြစ်ရတဲ့အခြေအနေရဲ့ ဒဏ်ကို အဆိုးဆုံးခံကြရတာ ဖြစ်တယ်။

(၃) Saber Rattling

Saber (ဓါးရှည်)၊ rattling (အသံမြည်အောင်လုပ်တာ ၊ လှုပ်ပြတာ ၊ ရမ်းပြတာ) ဖြစ်ပြီး စကားစု တခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ဓါးရှည်နဲ့အသံမြည်အောင်လုပ်ပြတာ ဖြစ်ပါတယ်။ ဒီအသုံး ဆင်းသက်လာတာက ၂၀ ရာစုစောစောပိုင်း က အင်္ဂလိပ် စစ်ဗိုလ်တွေ ခါးဘေးမှာ ချိတ် လေ့ရှိကြတဲ့ Saber ဆိုတဲ့ ဓါးရှည်ကို ထုတ်ပြီး ခုတ်မယ် ၊ထစ်မယ် ၊ သတ်မယ်၊ဖြတ်မယ်လို့ ခြိမ်းခြောက်တဲ့ ရန်မူတဲ့အပြုအမူမျိုးလို့ ဆိုပါတယ်။ ကျမတို့မြန်မာမှာတော့ ဓါးရှည်တရမ်းရမ်းနဲ့ ရပ်ကွက်ထဲ လူမိုက်လုပ် ဗိုလ်ကျတာမျိုးဖြစ်ပါ တယ်။ ခုခေတ်မှာတော့ ဓါးရှည်အစားလည်း သေနတ် ခါးကြားထိုး လိုက်ရမ်း၊ လိုက် ခြိမ်းခြောက် ဗိုလ်ကျတာမျိုးနဲ့ဆင်တူတယ်လို့ ဆိုရမှာပါ။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ် ကတော့ နိုင်ငံအတိုင်းအတာနဲ့ဆိုရင် လက်နက်စစ်အင်အားသုံး ခြိမ်းခြောက်တာတွေကို မကြာခဏပြုလုပ်တာမျိုးဖြစ်ပါတယ်။ သာမာန်လူအနေနဲ့ကတော့ ကိုယ့်မှာရှိတဲ့ အာဏာကို သုံးပြီး ပါးစပ်ကဖြစ်စေ၊ အမူအရာအားဖြင့်ဖြစ်စေ အာဏာ ပါဝါပြတာမျိုး ဖြစ်ပါတယ်။ ကျမတို့မြန်မာအသုံးဓါး ကြိမ်းကြိမ်း သလို လုပ်တာမျိုးဖြစ်ပါ တယ်။ ဒီအသုံးကို မကြာသေးမီက မြောက်ကိုးရီးယားကနေ ဒုံးလက်နက်တွေ တခုပြီးတခု ပစ်လွှတ်ပြီး ရန်မူတဲ့ အင်အားပြမှုတွေနဲ့ ဓါး ကြိမ်းကြိမ်းသလို ခြိမ်းခြောက်ခဲ့တဲ့အတွက် အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုးရီးယား ခေါင်းဆောင် Kim Jong Un တို့နှစ်ဦး တောင်နဲ့မြောက်ကိုးရီးယားကြားရှိစစ်မဲ့ဇုံနယ်မြေ DMZ မှာ ဇွန်လက တွေ့ ဆုံခဲ့လို့ ရရှိခဲ့တဲ့ ဂုဏ်ယူစရာစိတ်ဓါတ်တက်ကြွမှုတွေကို မှေးမှိန်စေခဲ့တယ်ဆိုပြီး The Washington Post သတင်းစာကြီးက “ North Korean saber-rattling dims euphoria of Trump’s DMZ meeting”ဆိုတဲ့ခေါင်းကြီးနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဥပမာ

World leaders were concerned because there had been a great deal of “saber rattling” between the two countries.

နှစ်နိုင်ငံကြား အင်အားသုံးခြိမ်းခြောက်မှုတွေ အတော်လေးရှိခဲ့တဲ့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေက စိုးရိမ်နေကြတယ်။

Pull no Punches, Bear the brunt နဲ့ Saber Rattling
please wait

No media source currently available

0:00 0:04:33 0:00
တိုက်ရိုက် လင့်ခ်

----------------------------------

XS
SM
MD
LG