သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေထုစီးဆင်းမှု နည်းလာတဲ့ကမ္ဘာ့အကြီးဆုံး အီဂွါဇူ ရေတံခွန်ကြီး


ကမ္ဘာ့အကြီးဆုံးရေတံခွန်စနစ်တွေရှိရာ အီဂွါဇူတံခွန်ကြီးမှာရေထုစီးဆင်းမှု နည်းလာနေပါပြီ။ ဘရာဇီးလ်နဲ့ အာဂျင်တီးနားနှစ်နိုင်ငံကြားက ကမ္ဘာ့အံ့ဖွယ်သဘာဝစာရင်းဝင် အီဂွါဇူရေတံခွန်လည်း ကမ္ဘာ့ပူနွေးမှုမြင့်တက်မှု ဘေးနဲ့ရင်ဆိုင်နေရပါပြီ။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်အတွက်  နန်းလောင်ဝ်က ရိုက်ကူးတင်ပြထားပါတယ်။

ဒီနေရာကတော့ ဘရာဇီးလ်နဲ့ အာဂျင်တီးနား နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ အီဂွါဇူ ရေတံခွန်ပါ။ ဒါကတော့ ကမ္ဘာမှာ အကြီးဆုံးရေတံခွန်စနစ်ရှိတဲ့နေရာဖြစ်ပါတယ်။ သူ့မှာက ရေတံခွန်ပေါင်း ၂၇၀ကျော်စီးဆင်းနေတာဖြစ်ပါတယ်။ ဒီရေတံခွန်မှာရော သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ကမ္ဘာ့ရာသီဥတုပူပြင်းလာတဲ့အတွက် ရေတံခွန်အပေါ် ဘယ်လောက်ထိခိုက်မှုရှိလာသလဲဆိုတာ ကြည့်ကြရေအာင်ပါ။

Wonder of Nature ကမ္ဘာ့အံ့ဖွယ်သဘာဝတရားကြီး ၇ ခုထဲက တခုအပါအဝင်ဖြစ်တဲ့ Iguazu ရေတံခွန်ကြီးဟာ အမေရိကန်နဲ့ ကနေဒါနှစ်နိုင်ငံကြားက Niagara ရေတံခွန်ကြီးထက်ပိုမြင့်သလို ဇမ်ဘီယားနဲ့ ဇင်ဘာဘွေနှစ်နိုင်ငံကြားက Victoria ရေတံခွန်ထက်လည်း ၃ ဆလောက် ပိုကျယ်ပါတယ်။ UNESCO ရဲ့ ထိန်းသိမ်းရမဲ့ အမွေအနှစ်စာရင်းဝင် ဖြစ်တဲ့ Iguazu အမျိုးသားဥယျာဥ်ထဲက ရေတံခွန်ကြီးဆီ နှစ်စဥ် ကမ္ဘာအရပ်ရပ်က လူပေါင်း သန်းနဲ့ချီလာရောက်ကြည့်ရှုကြတဲ့အတွက် ဒေသတွင်းအလုပ်အကိုင်နဲ့ နိုင်ငံဝင်ငွေ အများအပြား ဖန်တီးပေးနေတဲ့ နေရာတခုလည်းဖြစ်ပါတယ်။ ခုနှစ်ပိုင်း ရေတံခွန်မှာ ရေအကျနည်းလာတဲ့အတွက် ခရီးသည်အဝင်နည်းလာတယ်လို့ ဒေသခံ Mario က ဗွီအိုအေကို ပြောပါတယ်။

"ပြီးခဲ့တဲ့နှစ်ကတော့ ရေတံခွန်တွေထဲမှာ ရေထုအပြောင်းအလဲတွေအများကြီးရှိခဲ့ပါတယ်။ သစ်တောပြုန်းတီးတာက အဓိကအကြောင်းရင်းဖြစ်ပါတယ်။ မိုးခေါင်ရေရှားတာရော ရေကြီးရေလျှံတာတွေပါ ဒေသအလိုက်ဖြစ်နေတာပါ။ ရေတံခွန်မှာ ရေတွေ အတော်နည်းသွားတာကတော့ သစ်တောပြုန်းတီးမှုကြောင့်ဖြစ်ပါတယ်။ ရေတံခွန်စနစ်က မိုးရေကို အဓိက အားထားနေရတာဖြစ်တဲ့အတွက် သစ်တောပြုန်းတီးပြီး မိုးမမှန်တာကြောင့် အမျိုးသားဥယျာဥ်ကြီးထဲမှာ ရေတွေနည်းလာတာဖြစ်ပါတယ်။"

ကမ္ဘာအရပ်ရပ်က သစ်တောပြုန်းတီးမှုကို စောင့်ကြည့်တဲ့ Global Forest Watch ရဲ့ အဆိုအရ ၂၀၂၃ ခုနှစ်အတွင်း အာဂျင်တီးနားနိုင်ငံထဲက သဘာဝသစ်တော ဧက ၁၂၀၀ လောက်ထိပျက်စီးခဲ့ရတာပါ။ သစ်တောတွေ ပြုန်းတီးလာတဲ့အတွက် မိုးနည်းပြီး မြစ်ရေစီးဆင်းမှုကျဆင်းလာသလို မြစ်ကမ်းပါးတွေပြိုလာပြီး ရေတံခွန်အနီး ဘေးပတ်ဝန်းကျင်က ဂေဟဗေဒစနစ်တွေထိခိုက်ပျက်စီးလာပါတယ်။ Iguazu ရေတံခွန်တဝိုက်မှာ တောရိုင်းတိရိစ္ဆာမျိုးစုံနဲ့ အန္တလန်တိတ်သစ်တောထဲက သစ်ပန်ပန်းမန်မျိုးစုံတို့က ရေတံခွန်ကို အမှီပြုပြီးရှင်သန်ပေါက်ရောက်နေတာဖြစ်ပါတယ်။ Iguazu မှာစီးဆင်းနေကြတဲ့ ရေတံခွန်တွေရဲ့ ပျှမ်းမျှ အမြင့်က ပေပေါင်း ၁၃၀ ကျော်ပါတယ်။ အာဂျင်တီးနားနိုင်ငံထဲမှာ ရေတံခွန် ၇၀ ရာခိုင်နှုန်းလောက်ရှိပြီး ဘရာဇီးလ်ဖက်မှာတော့ ၃၀ ရာခိုင်နှုန်းလောက် ရှိတာပါ။

Iguazu ရေတံခွန်မှာ စီးဆင်းနေတဲ့ ရေထုတွေဟာ ဘရာဇီးလ်နိုင်ငံက Serra do Mar တောင်တန်းတွေပေါ်က မြစ်ဖျားခံစီးဆင်းလာတဲ့ မြစ်ရေတွေဖြစ်ပါတယ်။ ခုနှစ်ပိုင်းကမ္ဘာ့ပူနွေးမှုမြင့်တက်ပြီး ဘရာဇီးလ်မှာ မိုးခေါင်ရေရှားလာတဲ့အတွက် မြစ်အောက်ပိုင်းက Iguazu ရေတံခွန်မှာ ရေထုစီးဆင်းမှု နည်းလာတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေမှာလည်း မျှော်လင့်ထားသလို ရေတံခွန်ကို အပြည့်အဝ ခံစားကြည့်ခွင့်မရကြပါဘူး။ အမေရိကန်ခရီးသည် Michael Mason က ဗွီအိုအေကို ခုလိုပြောပါတယ်။

“ အီဂွါဇူရေတံခွန်စနစ်က သိပ်အံ့သြစရာကောင်းတယ်လို့ ထင်ပါတယ်။ ဒီ ရေတံခွန်ကို Youtube မှာ ကြည့်ဖူးထားပေမယ့် အပြင်မှာတွေ့ရတော့ မယုံနိုင်လောက်အောင်ကြီးပြီး သိပ်ပြီးလှပါတယ်။ ကျနော်တို့တိုင်းပြည်ထဲက Niagara ရေတံခွန်ဆိုတာ အီဂွါဇူရေတံခွန်နဲ့ယှဥ်လိုက်ရင် ဘာမှမပြောပလောက်ပါဘူး။ ကျနော်ရောက်တဲ့အချိန်က ရေထုနည်းတဲ့အချိန်ပါ။ မိုးရာသီဆိုရင်တော့ ရေတံခွန်တွေ ပိုလှမယ်လို့ ထင်ပါတယ်။ ဒီဒေသမှာ မိုးခေါင်ရေရှားမှုနဲ့ ကြုံနေကြရတာပါ။ မြစ်ထဲကနေ စက်လှေတွေ နဲ့ ရေတံခွန်တွေကို အောက်ဖက်ကနေ လိုက်ကြည့်ဖို့ ကြိုးစားကြည့်ပါသေးတယ်။ ရေတံခွန်တွေကနေစီးဆင်းလာတဲ့ ရေထုတွေနည်းပြီး မြစ်ထဲမှာ ရေတွေတိမ်လာတဲ့အတွက် ခရီးသည်တွေကို အကန့်အသတ်နဲ့ လိုက်ပြနေရတယ်လို့ ခရီးသွားကုမ္ပဏီက ပြောပါတယ်။ နောက်နေ့တွေဆိုရင်တော့ မော်တော်ဘုတ်ခရီးစဥ်တွေ ရှိမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။ ဒါတောင်မှ ရေတံခွန်တွေက တကယ်အံ့သြရလောက်အောင် လှတာပါ”

ရေတံခွန်မှာ ရေထုစီးဆင်းမှုနည်းလာတဲ့အတွက် ကမ္ဘာလှည့်ခရီးသည်အရေအတွက်က ကျဆင်းမ သွားပေမယ့် ပြည်တွင်းခရီးသွားတွေအလာနည်းသွားတဲ့အတွက် အစိုးရဝင်ငွေထိခိုက်တာတယ်လို့ ဒေသခံ Mario က ဗွီအိုအေကို ပြောပါတယ်။

"ရေတံခွန်မှာ ရေမရှိရင် လူတွေလာကြည့်ကြမှာမဟုတ်ပါဘူး။ အာဂျင်တီးနားနိုင်ငံသားတွေကတော့ ရေတံခွန်မှာ ရေနည်းသလား၊ များသလားဆိုတာ ရုပ်မြင်သံကြားအစီအစဥ်နဲ့ ကြေညာနေတာဖြစ်တဲ့အတွက် သူတို့ကတော့ ရေနည်းရင်မလာကြပါဘူး။ကမ္ဘာအရပ်ရပ်က ဧည့်သည်တွေကတော့ ရေတံခွန်ရဲ့ အခြေအနေကို မသိတဲ့အတွက် လာကြတာပါပဲ။ အမျိုးသားဥယျာဥ်ကြီးရဲ့ အဓိက ဝင်ငွေက အာဂျင်တီးနားနိုင်ငံသားတွေဆီက လာတာပါ။ ခုလိုရေတွေနည်းလာရင် သူတို့တတွေ မလာကြတော့တဲ့အတွက် အစိုးရ ဝင်ငွေလည်း ထိခိုက်ပါတယ်။"

မိုးနည်းလာတဲ့အတွက် ဘရာဇီးလ်နိုင်ငံထဲက Iguazu မြစ်ပေါ်တည်ဆောင်ထားတဲ့ Salto Caxias နဲ့ José Richa ရေအားလျှပ်စစ်ထုတ်လုပ်ရေးရေလှောင်တမံက ရေတွေလွှတ်မပေးတာကြောင့်လည်း ရေတံခွန်မှာ ရေထုပမာဏ ပိုပြီးနည်းလာတာလို့လည်း ဒေသခံတွေက ယူဆနေကြတာပါ။

ဒေသန္တရအစိုးရနဲ့ လူမှုအသိုင်းအဝိုင်းကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အလေးအနက်ထားဆောင်ရွက်နေကြတာကိုလည်း တွေ့ခဲ့ရပါတယ်။ အမျိုးသားဥယျာဥ်ထဲ က သစ်ပင်ပန်းမန်တွေကို အနှောင့်အယှက်မဖြစ်ရအောင် လူသွားလမ်းအားလုံးကို အခင်းကိုရော ဘေးက ဘောင်အားလုံးကိုပါ သံဘောင်တွေနဲ့ တည်ဆောက်ထားပါတယ်။ အမျိုးသားဥယျာဥ်ဝန်ထမ်းတွေကလည်း သစ်တောတွေထိခိုက်မှုကင်းအောင် ဧည့်သည်တွေကို အသိပညာတွေလည်း ပေးနေပါတယ်။

"အာဂျင်တီးနားတင်မကပဲ တောင်အမေရိကတိုက်တခုလုံးက လာလည်ကြတဲ့ခရီးသည်တိုင်းကိုလည်း ရေတံခွန်ကြီးတင်မဟုတ်ပဲ သစ်ပင်ပန်းမန်နဲ့ ဂေဟဗေဒစနစ်ကို မထိခိုက်အောင် ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းကြဖို့ ဒီမှာ အသိပညာလည်းပေးနေပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ ဂေဟဗေဒစနစ်ကို ကျနော်တို့အားလုံး ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းရမှာပါ။ သစ်တောကြီးတွေထဲမှာ အပြောင်းအလဲတွေဖြစ်စေတဲ့ အဓိက အကြောင်းရင်းက ရောဂါကူးစက်မှုပါ။ အပင်တွေလည်း ရောဂါကူးတတ်တဲ့အတွက် အမျိုးသားဥယျာဥ်ထဲက အပင်တွေကိုလည်း မထိခိုက်အောင် ထိန်းသိမ်းကြပါတယ်။"

Iguazu အမျိုးသားဥယျာဥ်ကြီးထဲမှာ ဒေသမျိုးရင်းအပင်မျိုးစိတ်၂ ထောင်ကျော်ရှင်သန်ပေါက်ရောက်နေပြီး ဌက်မျိုးစိတ်ပေါင်း ၄၅၀ ကျော်၊ ကျောရိုးရှိသတ္တဝါမျိုးစိတ်ပေါင်း ၈၀ ဝန်းကျင်နဲ့ ငါးအမျိုးမျိုးတင်မကပဲ တွားသွားသတ္တဝါ တွေလည်းရှင်သန်ကျက်စားနေကြတာဖြစ်ပါတယ်။ Iguazu ရေတံခွန်ကြီးမှာ ခုလို ရေထုကျဆင်းမှု နည်းလာတာနဲ့အမျှ အမျိုးသားယျာဥ်ကြီးတခုလုံးရဲ့ ဂေဟဗေဒစနစ်တွေလည်း ထိခိုက်လာနိုင်ပါတယ်။ ဥတုရာသီပြောင်းလဲမှုကြောင့် သဘာဝပတ်ဝန်းကျင်တွေ ခုလိုထိခိုက်လာတဲ့အတွက် Iကမ္ဘာအရပ်ရပ်က သဘာဝတရားတွေ ထပ်ပြီးမပျက်စီးရအောင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးနဲ့ ဥတုရာသီပြောင်းလဲမှု ထိန်းချုပ်ရေးကို နိုင်ငံတိုင်းအင်တိုက်အားတိုက် ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်နေပြီပါတယ်။

Forum

XS
SM
MD
LG