သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ချိုးဖောက်မှု အချက်အလက်တွေ စစ်ကောင်စီကို IIMM တောင်းဆို


မြောက်ခင်ရန်းရွာ
မြောက်ခင်ရန်းရွာ

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် စစ်ကောင်စီက ကျူးလွန်ထားတဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေအပေါ် သူတို့ဘက်က စုံစမ်းနေတာတွေကို အကြောင်းပြန်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM ရဲ့ အကြီးအကဲ Nicholas Koumjian က ဒီကနေ့ မေလ ၂၇ ရက်နေ့ ရက်စွဲနဲ့ တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီထံ IIMM အရင်က အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်းမရှိတဲ့အတွက် ဒီကနေ့ ထပ်မံတောင်းဆိုရခြင်းဖြစ်ပြီး အခုနောက်ဆုံး တောင်းဆိုမှုအပေါ် စစ်ကောင်စီဘက်က တုံံ့ပြန်လိမ့်မယ်လို့ မျှော်လင့်ကြောင်း IIMM ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အင်တာနက် လူမှုကွန်ယက်တွေပေါ်မှာ ပြန့်နှံ့နေတဲ့ ဗွီဒီယိုမှတ်တမ်းတွေအရ မကွေးတိုင်းဒေသကြီး၊ မြောက်ခင်ရန်း ကျေးရွာမှာ လက်နက်ကိုင် လူတစုက လူငယ် ၂ ဦးကို သစ်ပင်မှာတွဲလောင်းကြိုးတုပ်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုနဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေ မျှဝေပေးဖို့ IIMM က စစ်ကောင်စီထံမှာ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

အသတ်ခံလိုက်ရတဲ့ ဖိုးတေနဲ့ သားထောင် လို့ခေါ်တဲ့ ဒီ ဆယ်ကျော်သက်အရွယ် လူငယ် ၂ ဦးဟာ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့လည်း လူမှုကွန်ယက်တွေမှာ ဖော်ပြကြောင်း IIMM ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီ လူသတ်မှုကို ကျူးလွန်သူ၊ သူတို့နဲ့ ဆက်စပ်တဲ့အဖွဲ့အစည်းတွေအပါအဝင် ဒီ ဖြစ်ရပ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဘက်လိုက်မှုမရှိဘဲ IIMM က စိစစ်နေကြောင်း၊ ဒီ စုံစမ်း စိစစ်မှုရဲ့ အစိတ်အပိုင်းတခုအနေနဲ့ အဲဒီဒေသမှာရှိနေတဲ့ တပ်ဖွဲ့နဲ့ တပ်မှူးတွေနဲ့ဆိုင်တဲ့ အချက်အလက်တွေ၊ ဒီ လူငယ် ၂ ဦးကို ဖမ်းဆီးခဲ့ပုံနဲ့ ဗွီဒီယိုမှတ်တမ်းမှာပါတဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ သတ်ဖြတ်မှုကျူးလွန်သူတွေနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ မျှဝေပေးဖို့ မြန်မာ စစ်ကောင်စီထံ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်နှင့် သတင်းအချက်အလက်တွေ မျှဝေပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနဲ့ အထွေထွေညီလာခံတို့ရဲ့ ဆုံးဖြတ်ချက်များအတိုင်း IIMM နဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီကို တိုက်တွန်းကြောင်း၊ ရရှိတဲ့ အချက်အလက်တွေကို ဓမ္မဓိဋ္ဌာန်ကျကျ စုံစမ်းစစ်ဆေးပြီး အကြီးလေးဆုံး နိုင်ငံတကာရာဇ၀တ်မှုတွေကိုကျူးလွန်တဲ့ တာဝန်ရှိသူတွေအပေါ် အမှု တည်ဆောက်တဲ့နေရာမှာ အသုံးပြုသွားမယ်လို့ IIMM အကြီးအကဲ Nicholas Koumjian ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG