သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် ရောက်ရှိနေသူများကို Trump အစိုးရ ပိုမို ထိရောက်စွာ အရေးယူ


အမေရိကန်ပြည်ထောင်စု လုံခြုံရေးအတွက် နယ်စပ်လုံခြုံရေးနဲ့ ဗဟိုအစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကို ကြပ်ကြပ်မတ်မတ် ကိုင်တွယ်သွားမယ့် အစီအစဉ်တွေကို အမိမြေလုံခြုံရေးဌာနက အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံလုံခြုံရေးအတွက် ဇန်နဝါရီလ ၂၅ ရက်နေ့က သမ္မတထုတ်ပြန်ခဲ့တဲ့ အမိန့်အတိုင်း ပြည်တွင်းရေးဆိုင်ရာနဲ့ နယ်စပ်လုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ္စတွေအပေါ် ဗဟိုအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့် အသေးစိတ်ညွန်ကြားချက် ၂ ခုကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အမိမြေလုံခြုံရေးအတွက် ရည်ရွယ်တဲ့ ဆောင်ရွက်မှုလို့ အိမ်ဖြူတော်ပြောခွင့်ရသူက ပြောတဲ့အစီအစဉ်တွေနဲ့ ပတ်သက်လို့ မစုမြတ်မွန်က တင်ပြထားပါတယ်။

အမေရိကန်ထဲကို တရားမဝင် ဝင်ရောက်လာမယ့်သူတွေကို တားဆီးဖို့နဲ့ တရားမဝင် နေထိုင်နေသူတွေ၊ နိုင်ငံထဲမှာရှိမနေသင့်သူတွေကို ရှာဖွေ၊ ဖော်ထုတ်၊ ဖယ်ရှားမယ့် အစီအစဉ်တွေကို အမိမြေလုံခြုံရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်တောင်ပိုင်း နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာသူ အရေအတွက်များလာလွန်းတဲ့အတွက် ဗဟိုအစိုးရဌာနတွေနဲ့ အရင်းအမြစ်တွေမှာ ဝန်ပိနေပြီး အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို အကြီးအကျယ်ထိခိုက်နိုင်တယ်လို့ အမိမြေလုံခြုံရေးဝန်ကြီး John Kelly ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်တွင်းမှာ အရေးယူကိုင်တွယ်ဖို့နဲ့ နယ်စပ်လုံခြုံရေးတိုးမြှင့်ဖို့အတွက် သမ္မတ Donald Trump ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ သမ္မတအမိန့် ၂ ခုကို အကောင်အထည်မယ့် အသေးစိတ်လမ်းညွန်ချက် ၂ ခုကို ပြည်ထဲရေးဌာနတွင်းမှာ ထုတ်လိုက်တာဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Sean Spicer ကအင်္ဂါနေ့ သတင်းစာရှင်းပွဲမှာ ရှင်းလင်းခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေတွေအတိုင်း ပြည်ထဲရေးဌာနက ဆောင်ရွက်နိုင်ဖို့ သမ္မတက လုပ်ပိုင်ခွင့်အာဏာပေးလိုက်တာဖြစ်တယ်လို့ Mr. Spicer က ပြောခဲ့ပါတယ်။

“အမေရိကန်နိုင်ငံတွင်းမှာရှိကြတဲ့ ပြည်သူတွေ ပိုမိုလုံခြုံရေးအတွက် သမ္မတအမိန့်နဲ့ပတ်သက်တဲ့ ညွှန်ကြားစာထဲမှာ အမေရိကန်လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဥပဒေတွေကို ထိထိရောက်ရောက်၊ တိတိကျကျ ဆောင်ရွက်နိုင်ဖို့အတွက် လက်တေ့ွလုပ်သင့်တဲ့အချက်တွေနဲ့ မူဝါဒတွေကို ဖော်ပြထားပါတယ်။ အဲဒီထဲမှာ ICE လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်အရာရှိတွေကို ထပ်ခန့်ဖို့၊ သူတို့ရဲ့ဆောင်ရွက်ချက်တွေကို ပံ့ပိုးအထောက်အကူပြုမယ့် ဝန်ထမ်းတွေ၊ တရားရေးဝန်ထမ်းတွေကို လိုအပ်ရင် ထပ်ခန့်ဖို့ ပါဝင်ပါတယ်။ နိုင်ငံပြောင်းအခြေချသူတွေကျူးလွန်တဲ့ ပြစ်မှုတွေခံရသူတွေကို ကူညီမယ့်ဌာနတခုကိုလည်း ICE ဌာနရဲ့လက်အောက်မှာ ဖွဲ့စည်းဖို့ ညွှန်ကြားထားပါတယ်။ ဒါဟာ သမ္မတရဲ့ ရွေးကောက်ပွဲ အဓိကတိတခုကို လက်တွေ့ဆောင်ရွက်တာဖြစ်ပါတယ်။”

ခုလို ပြည်တွင်းလုံခြုံရေး ဆောင်ရွက်မယ့် ကိစ္စတွေအပြင် နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်လို့ အမိမြေလုံခြုံရေးဌာနက အင်္ဂါနေ့ကထုတ်ခဲ့တဲ့ နောက်ညွန်ကြားချက်တခုနဲ့ ပတ်သက်လို့လည်း အိမ်ဖြူတော်ပြောခွင့်ရသူ Sean Spicer က ခုလိုပြောပါတယ်။

“နယ်စပ်လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဆောင်ရွက်မှုတွေ တိုးမြှင့်ရေးပိုင်းဆိုင်ရာ သမ္မတရဲ့ အမိန့်နဲ့ပါတ်သက်လို့ထုတ်ခဲ့တဲ့ ညွန်ကြားချက်ကတော့ နိုင်ငံတောင်ပိုင်းနယ်စပ်လုံခြုံစေဖို့ ပြည်ထဲရေးဌာနက ဆောင်ရွက်သွားမယ့်ကိစ္စတွေဖြစ်ပါတယ်။ တရားမဝင်ခိုးဝင်လာသူတွေ နောက်ထပ်နိုင်ငံထဲမလာနိုင်အောင်နဲ့ တရားမဝင်နေထိုင်နေကြသူတွေကို အမြန်ဆုံး၊ မျှမျှတတနဲ့ လူသားဆန်စွာနေရပ်ပြန်ပို့ရေးတွေ ဆောင်ရွက်မယ့် အစီအစဉ်တွေဖြစ်ပါတယ်။”

နယ်စပ်လုံခြုံရေးတိုးမြှင့်ပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေတွေကို ကြပ်မတ်မယ့် အစီအစဉ်တွေအရ လူဝင်မှုကြီးကြပ်ရေးအရာရှိ ၁ သောင်းအထိနဲ့ နယ်စပ်ကင်းလှည့်မယ့် အရာရှိ ၅ ထောင်အထိကို ခန့်အပ်မယ့်လို့လည်း ညွှန်ကြားချက်တွေထဲမှာ ပါဝင်ပါတယ်။ အမေရိကန်လုံခြုံရေးအတွက် အမိမြေလုံခြုံရေးဌာနက ခုလို ကြပ်ကြပ်မတ်မတ်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ထုတ်ပြန်ခဲ့တဲ့ထဲမှာ ထူးခြားတာတခုကတော့ အမေရိကန်နိုင်ငံထဲကို တရားမဝင်မိဘတွေနဲ့အတူ ပါလာတဲ့ ကလေးငယ်တွေကို နိုင်ငံထဲကနေ နှင်ထုတ်ဖို့ အစီအစဉ်တွေ မပါဝင်တာပါ။

Dreamers လို့ခေါ်တဲ့ တရားမဝင်နိုင်ငံထဲမှာ နေထိုင်နေကြတဲ့ အသက်မပြည့်သေးသူ ၇ သိန်းခွဲကို အရင်သမ္မတ Barack Obama လက်ထက်က နိုင်ငံထဲမှာ ယာယီတရားဝင်နေထိုင်ခွင့်နဲ့ ပညာသင်ခွင့်ပေးထားခဲ့ပါတယ်။ သူတို့နဲ့ပါတ်သက်လို့ ညွန်ကြားဆောင်ရွက်မှုတွေ မပါဝင်ပေမဲ့ နိုင်ငံအတွက်အန္တရာယ်ရှိနိုင်တဲ့သူ ဘယ်သူကိုမဆို နိုင်ငံထဲကနေ ဖယ်ရှားတဲ့နေရာမှာ ဘယ်လို အမျိုးအစား အတန်းအစားကိုမှ ခြွင်းချက်ပေးမှာ မဟုတ်ဘူးလို့ အမိမြေလုံခြုံရေးဝန်ကြီး John Kelly က အင်္ဂါနေ့က ညွန်ကြားချက်တွေထဲမှာ ရေးသားထားပါတယ်။ နယ်စပ်လုံခြုံရေးကိစ္စအတွက် Mexico သမ္မတ Enrique Peña Nieto ဆွေးနွေးဖို့ ဝန်ကြီး Kelly နဲ့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson တို့ Mexico နိုင်ငံ Mexico City မြို့တော်ကို မသွားခင် တရက်တရက်အလို အင်္ဂါနေ့မှာ အခုလို ညွန်ကြားချက်တွေကို အမိမြေလုံခြုံရေးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG