သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် ပဋိပက္ခဖြစ်နေတဲ့နိုင်ငံတွေက စီးပွားရေးအလားအလာ IMF ဘုတ်အဖွဲ့ ဆွေးနွေး


ရန်ကုန်ကမ်းနားကုန်တင်စခန်း
ရန်ကုန်ကမ်းနားကုန်တင်စခန်း

မြန်မာနိုင်ငံအပါအဝင် အီရန်၊ ဆီးရီးယား၊ တူနီးရှားနဲ့ ယီမင်စတဲ့ ပဋိပက္ခနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတဲ့ နိုင်ငံတွေရဲ့ စီးပွားရေး ရှေ့အလားအလာနဲ့ ပတ်သက်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF Board အဖွဲ့က မနေ့က အလွတ်သဘော ဆွေးနွေးပွဲ ကျင်းပပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဆွေးနွေးပွဲနဲ့ပတ်သက်လို့ IMF ကအသေးစိတ်မပြောပေမဲ့ ဒီနိုင်ငံတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေ သုံးသပ်ဖို့ ၁၈ လကျော် နှောင့်နှေး ကြန့်ကြာနေတာကြောင့် အလွတ်သဘော ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ IMF အဖွဲ့ရဲ့ Article IV သတ်မှတ်ချက်အရ နိုင်ငံတနိုင်ငံချင်းစီရဲ့ စီးပွားရေးကြံ့ခိုင်မှု၊ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ အခြေအနေ၊ ရင်းနှီးမြုပ်နှံမှုနဲ့ သက်ဆိုင်ရာ အချက်အလက်တွေကို နှစ်စဉ်သုံးသပ်ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း အခြေအနေဟာ ဆီးရီးယားနိုင်ငံလို စီးပွားရေး ဆုတ်ယုတ်မှုနဲ့ နိုင်ငံရေး တည်ငြိမ်မှုကင်းမဲ့တဲ့ အနေအထားမှာ အခက်အခဲမျိုးစုံနဲ့ လုံးပန်းနေရပြီး ပြန်လည်အားကောင်းလာအောင်လုပ်ဖို့ အရေးတကြီးလို အပ်နေတာကို IMF အရာရှိတွေ စောင့်ကြည့် လေ့လာနေတဲ့အကြောင်း ဟောင်ကောင် အခြေစိုက် BNN အွန်လိုင်းသတင်းမှာ ဖေါ်ပြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၈ နှစ်တာအတွင်း အနိမ့်ဆုံးရောက်နေသလို စီးပွားရေး ဆုတ်ယုတ်မှုတွေ ကြုံရမယ်ဆိုတာကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၂၀၂၂ ခုနှစ်ကတည်းက ကြိုတင် သတိပေးထားတာပါ။

မြန်မာနိုင်ငံရဲ့ အခြေအနေ မရေမရာတဲ့ အတွက်လည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အချက်အလက် ရှာဖွေတာမျိုးကို အဆင့်နိမ့် လုပ်ငန်းတွေသာ လုပ်ကိုင်နေတဲ့ အကြောင်းလည်း IMF အရာရှိတွေ ပြောဆိုထားပါတယ်။ IMF အဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှု ‌လျှော့ချရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးရေးအတွက် ငွေကြေးထောက်ပံ့တဲ့ လုပ်ငန်းတွေမှာ အဓိက ပံ့ပိုး ဆောင်ရွက်နေပါတယ်။

ကမ္ဘာဘဏ်ကတော့ ၂၀၂၄ ခုနှစ် မတ်လအထိ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ စီးပွားရေး တိုးတက်မှုဟာ ၁% နှုန်းကျော်လောက်သာ ရှိမယ်လို့ သုံးသပ်ထားပြီး လက်နက်ကိုင် ပဋိပက္ခတွေအပြင် ကျပ်ငွေ မတည်မငြိမ်ဖြစ်နေတာ၊ ငွေကြေးဖောင်းပွတာတွေနဲ့ ကုန်စည်စီးဆင်းမှု အဟန့်အတားတွေ ရင်ဆိုင်နေရတာတွေကို ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG