သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IMF ကိုယ်စားလှယ်အဖွဲ့ မြန်မာ့စီးပွားရေးဆန်းစစ်မည်


မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေတွေကို နှစ်စဉ် ဆန်းစစ်လေ့လာတဲ့လုပ်ငန်းအဖြစ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိပါတယ်။

IMF အဖွဲ့ဝင် တနိုင်ငံချင်းစီရဲ့ စီးပွားရေးအခြေအနေကို Article 4 လို့ခေါ်တဲ့ နှစ်စဉ် ဆန်းစစ်လေ့လာတဲ့လုပ်ငန်းကို ဒီကနေ့ တနင်္လာနေ့မှာ စတင်မယ်လို့ IMF ပြောခွင့်ရအမျိုးသမီးတဦးက ပြောတာကို ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

IMF ရဲ့ အခုခရီးစဉ်ဟာ ရခိုင်ပြည်အကျပ်အတည်းဖြစ်ပြီးနောက်ပိုင်း ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။

IMF လုပ်ငန်းတွေမှာ နိုင်ငံရေးကို မကြည့်ပေမဲ့လဲ နိုင်ငံတခုရဲ့ စီးပွားရေးကိုဆန်းစစ်တာမှာ နိုင်ငံရေးဖြစ်ထွန်းမှုတွေရဲ့ သက်ရောက်မှုတွေကိုတော့ ထည့်သွင်းတွက်ချက်ပါတယ်။ အခုချိန်ထိတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်တာတွေက မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ် တိုက်ရိုက်သက်ရောက်တဲ့ အရိပ်လက္ခဏာမျိုးတွေ ရှိမထားပါဘူး။

ရိုဟင်ဂျာအရေး ဖြစ်ထားတာကြောင့် မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်ကပေးဖို့ရှိတဲ့ ရန်ပုံငွေ ဒေါ်လာ သန်း ၂၀၀ ကို တရုတ်နဲ့ ဂျပန်လို အဖွဲ့ဝင်နိုင်ငံတချို့က ကန့်ကွက်နေတဲ့ကြားမှာပဲ ကမ္ဘာ့ဘဏ်က မပေးတော့ဘဲ ဆိုင်းထားလိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို အမေရိကန်အစိုးရက ထောက်ခံခဲ့ပေမဲ့ မြန်မာနိုင်ငံနဲ့ လုံး၀ အဆက်ဖြတ်လိုက်တာမျိုး မလုပ်ဖို့တော့ တိုက်တွန်း ခဲ့တယ်လို့ ဒီကိစ္စဆွေးနွေးမှုတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။

မြန်မာ့စီးပွားရေး အစောပိုင်းမှာ တိုးတက်မှုရှိခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်က IMF ရဲ့ ဆန်းစစ် သုံးသပ်ချက်ထဲ စီးပွားရေးပြုပြင် ပြောင်းလဲမှုပိုင်းမှာ မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို ချီးကျူးထားပါတယ်။

အဲဒီအချိန်ကတော့ ၂၀၁၇ ခုနှစ်၊ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ၆.၅% ရှိမယ်လို့ IMF က ခန့်မှန်းခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က တော့ တိုးတက်မှုနှုန်း ၇.၃% ရှိခဲ့တာပါ။ အခုတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု မပြီးသေးတာ၊ ကုန်ထုတ်လုပ်မှု တစုံလုံး နှေးကွေး နေတာနဲ့ ဆောက်လုပ်ရေး ခွင့်ပြုချက်တွေချပေးဖို့ နှောင့်နှေးနေတာတွေကို ထောက်ပြပြီး ဒီနှစ်အတွက်တိုးတက်မှု ၆.၃% ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG