သုံးရလွယ်ကူစေသည့် Link များ

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ဦးနေဝင်းအစိုးရ ကြိုးပေးကွက်မျက်ခဲ့တာ ၄၄ နှစ်ပြည့်


(Zawgyi/Unicode)

အာဏာရှင် ဦးနေဝင်းလက်ထက်မှာ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ကြိုပေး ကွက်မျက်ခဲ့တာ (၄၄)နှစ် ကြာလာပြီဖြစ်ပေမယ့် သူ့ရဲ့နိုင်ငံရေးခံယူချက်နဲ့ စိတ်ဓါတ်ကတော့ ခုချိန်ထိ လေးစား အတုယူဖွယ် ကောင်းနေဆဲပဲလို့ သူနဲ့ဆုံခဲ့သူတေ ွ၊ ကျောင်းသားလှုပ်ရှားမှုနဲ့ တိုင်းရင်းသားအရေးဆောင်ရွက်နေသူတချို့က ပြောဆိုကြတဲ့အကြောင်းကို ပြောပြပါမယ်။ ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းရဲ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ၆၂ ဆဲဗင်းဂျူလိုင်၊ ၇၄ ဦးသန့်အရေးအခင်း၊ ၇၅ ဇွန် အရေးအခင်းနဲ့ ၇၆ မှိုင်းရာပြည့် အရေးခင်းတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီး ၇၆ မှိုင်းရာပြည့် အရေးအခင်း မဖြစ်ခင် တရက်အလိုမှာတော့ ရန်ကုန် ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ချင်းတိုင်းရင်းသား ဆလိုင်းတင်မောင်ဦးကို ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် ၁၉၇၆ ဇွန်လ(၂၆)ရက်နေ့မှာ ဆလိုင်းတင်မောင်ဦးကို အင်းစိန်ထောင်တွင်း ကြိုပေး ကွက်မျက်ခဲ့ပါတယ်။

ဆလိုင်းတင်မောင်ဦးရဲ့ ကျန်ရစ်သူ မိသားစု
ဆလိုင်းတင်မောင်ဦးရဲ့ ကျန်ရစ်သူ မိသားစု

ရန်ကုန်တက္ကသိုလ် ချင်းစာပေနဲ့ယဉ်ကျေးမှုအသင်း (ခ-စ-ယ)မှာ ဆလိုင်းတင်မောင်ဦး အတွင်းရေးမှူးအဖြစ် တာဝန်ယူထားချိန် တွဲဘက်အတွင်းရေးမှူးအဖြစ် လက်တွဲလုပ်ခဲ့ဖူးတဲ့ ပူးထန်နန်လျန်းထန်က ဆလိုင်းတင်မောင်ဦးရဲ့ နိုင်ငံရေးခံယူချက်နဲ့ စိတ်ဓါတ်ကို ပြောပြလာပါတယ်။

“ကျနော်က သူ့ကို ဘာပြောဖူးသလဲဆိုတော့ ဗမာတွေထဲမှာပေါ့နော် ဗမာတသောင်းသေရင်တောင်မှ ကျောင်းသားက တဦးမဟုတ် တဦးခေါင်းဆောင်ပြန်ပေါ်နိုင်တယ်။ ကိုတင်မောင်ဦးလို ပုဂ္ဂိုလ်မျိုးဆိုတာက ကျနော်တို့ ချင်းလောကမှာ ပေါ်ဖို့မလွယ်ဘူးလို့ ကျနော်သူ့ကိုပြောဖူးတယ်။ သူက ဘာပြောသလဲဆိုတော့ ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ် ကိုယ့်လူမျိုးတခုတည်းအတွက်ပဲမဟုတ်ပဲနဲ့ တနိုင်ငံလုံးအတွက် ပေးဆပ်တာကို သူဂုဏ်ယူတယ်လို့ သူ ကျနော့်ကို ပြောဖူးတယ်။ သူက ဗိုလ်နေဝင်းရဲ့ စစ်တပ်က အာဏာသိမ်းပြီးတော့ လွှမ်းမိုးထားတဲ့ စစ်အာဏာရှင်စနစ်ပျောက်မှ ဒီမိုကရေစီ စနစ်နဲ့ တိုင်းပြည်ကို တည်ဆောက်မှ ဖြစ်မယ်ဆိုတဲ့ အယူအဆရှိတယ်။ ဒါကြောင့် အကြောက်တရားကို အမှန်တရားနဲ့ တုံ့ပြန်ရဲတဲ့ သတ္တိ ပြည်သူလူထုအားလုံးမှာရှိရင် လူထုလှုပ်ရှားမှုအားဖြင့် လက်နက်ကိုင်အဖွဲ့အစည်းတွေတောင် နောက်ဆုံးတော့ အရှုံးပေးရတယ်ဆိုတဲ့ အယူအဆ သူ့မှာ အပြည့်ရှိတယ်။ သူ့လိုအယူအဆ တော်ရုံလူမှာမရှိခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းက အသက်အန္တရာယ်အတွက်ကြောက်ကြတာပေါ့။”

တနိုင်ငံလုံး ကြောက်စိတ်တွေလွှမ်းမိုးနေချိန်မှာ ဆလိုင်းတင်မောင်ဦးက ဦးနေဝင်း အာဏာရှင်စနစ်ကို ရဲဝံ့စွာ တွန်းလှန်ခဲ့တာအတွက် လေးစားဂုဏ်ယူမိတယ်လို့ အမေရိကန် ကာလီဖိုးနီးယားပြည်နယ်က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းဥက္ကဌ ဒေါက်တာစိုင်းထွေးမောင်က ပြောပါတယ်။

“ဆလိုင်းတင်မောင်ဦးက အဲဒီ အာဏာရှင်လက်ကောက်ကနေ လွတ်မြောက်ဖို့ ကြိုးစားခဲ့တဲ့ သတ္တိရှိရှိနဲ့ အာဏာရှင်ကို ဖြုတ်ချဖို့ ကြိုးစားလာတာ ကျနော်တို့အနေနဲ့ ဂုဏ်ယူတယ်။ ဦးနေဝင်းကတော့ ဆလိုင်းတင်မောင်ဦးကို ကြိုးစင်တင်ပြီး သတ်လိုက်တာကို ကျနော်တို့အနေနဲ့ အများကြီး ဝမ်းနည်းတယ် ဒါပေမယ့် သူ့ရဲ့ လုပ်ဆောင်ချက်က ကျနော်တို့ တိုင်းရင်းသားတွေအပြင် မြန်မာပြည်တပြည်လုံး လွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့ အာဏာရှင်လက်အောက်ကနေ လွှတ်ဖို့ သတ္တိ ရှိရှိနဲ့ သူလုပ်ဆောင်ခဲ့တာဖြစ်တယ်။ ကျနော်တို့အနေနဲ့လည်း ဂုဏ်ယူတယ်။”

ဆလိုင်းတင်မောင်ဦးဟာ နိုင်ငံရေးအရ စံထားသင့်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ ၈၈ မှာ ကျောင်းသားခေါင်းဆောင်အဖြစ် ထင်ရှားခဲ့သူ ဦးမောင်မောင်ကျော်ကလည်း သုံးသပ်ပါတယ်။

“ဆလိုင်းတင်မောင်ဦး ကွတ်မြတ်ခံရတဲ့အချိန်မှာ ကျနော်ကမူလတန်းကျောင်းသားပဲ ရှိတယ်။ ဒါပေမယ့် ကျနေ်ာ ကလေးဘဝမှာကတည်းက သူ့အကြောင်းကို လူကြီးတွေ ပြောတာ ခဏခဏ ကြားနေရတယ်။ ကိုတင်မောင်ဦး နဲ့ ပတ်သက်ပြီး သူက ခေတ်အဆက်ဆက် စံထားသင့်တဲ့ ပုဂ္ဂိုလ်တယောက်လို့ ကျနေ်ာမြင်ပါတယ်။ သူ့ကို ကျနော်အရမ်းသဘောကျတဲ့အချက်က သူက ရိုးရိုးရှင်းရှင်းပဲနေတယ် ကျနေ်ာလေ့လာကြည့်သလောက်ကပေါ့နော် သူ့မှာ အုပ်စု ၊ ဂိုဏ်းဂဏ နိုင်ငံရေးတွေ အဲဒီလို ဝန်တွေ ပိမနေပဲနဲ့ ပေါ့ပေါ့ပါးပါးနဲ့ သူ့ရဲ့ ဦးတည်ထားတဲ့ အာဏာရှင်ဆန့်ကျင်ရေးကို တစိုက်မတ်မတ်လုပ်သွားတယ်လို့ ကျနော်ယုံကြည်တယ်။ ဒါကြောင့်မို့ ကျနော်လည်း ငယ်ငယ်က သူ့လမ်းကြောင်းကို မလိုက်နိုင်ခဲ့လို့သာ ကျနော်တို့ အောင်ပွဲတွေနဲ့ ဝေးခဲ့တယ်လို့ ကျနော်အဲလိုပဲ ခံယူတယ်။ နောင်မျိုးဆက်သစ်တွေကိုလည်း စံထားရတဲ့ ကိုတင်မောင်ဦးနဲ့ ပတ်သက်ပြီးတော့ များများလေ့လာကြပါလို့ ကျနော်က တိုက်တွန်းချင်ပါတယ်။

ချင်းတိုင်းရင်းသား ဆလိုင်းတင်မောင်ဦး ကွယ်လွန်ခဲ့ရတာဟာ တမျိုးသားလုံးအတွက် ဆုံးရှုံးမှုတရပ် ဖြစ်တယ်လို့ လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ နေတဲ့ ပူးထန်နန်လျန်းထန်က မြင်ပါတယ်။

“သူ့ကို ကျနော်တို့ ဆုံးရှုံးလိုက်ရတာက ကျနော်တို့ ချင်းတမျိုးသားလုံးနဲ့ မြန်မာကျောင်းသားထု တရပ်လုံးအတွက် နှမျောစရာကောင်းတဲ့ ခေါင်းဆောင်ကောင်းတယောက်ကို ဆုံးရှုံးလိုက်ရတယ်လို့ ကျနော်တို့ အမြဲတမ်းခံယူပါတယ်။ သူက သတ္တိရှိရှိနဲ့ ရင်ဆိုင်ရဲတဲ့အတွက်ကြောင့်မို့ သူ့နောက်မှာ သူ့လုပ်ဖော်ကိုင်ဖက်တွေကနေ သတ္တိရှိရှိနဲ့ အလုပ်လုပ်သွားတယ်လို့ ကျနော်ပြောချင်တယ် ။ ဒီနေ့အထိ ကျနော်တို့မှာ ကျောင်းသားသမဂ္ဂအဆောက်အဦးတွေ ၊ ၈၈ လှုပ်ရှားမှုရဲ့ သမိုင်းမှတ်တမ်းတွေကိုတောင်မှ အပြည့်အ၀ မှတ်တမ်းမတင်နိုင်သေးတဲ့ကာလမှာ ဆလိုင်းတင်မောင်ဦး ကိုတော့ တချို့တဝက် မေ့နေကြပြီလို့တောင် ကျနော်စိတ်ထဲမှာ မကောင်းစွာနဲ့ ခံစားမိပါတယ်။”

ဦးနေဝင်းအစိုးရက ဆလိုင်းတင်မောင်ဦးကို သေဒဏ်ပေးခဲ့သလို၊ သူနဲ့အတူ အဖမ်းခံရတဲ့ ညီမဖြစ်သူ မိုင်ပိုပိုဒင်(ခေါ်) မလှမြိုင်ကိုထောင်ဒဏ်(၉)နှစ် ၊ ညီဖြစ်သူ ကိုလှရွှေကို ထောင်ဒဏ်(၇)နှစ်နဲ့ မိဘတွေကို အားပေးအားမြှောက်မှုနဲ့ ထောင်ဒဏ် (၅)နှစ်စီ အဲဒီအချိန်က အသီးသီးချမှတ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)












XS
SM
MD
LG