သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AAPP-B အခက်အခဲတွေကြားက ၁၈ နှစ်ကြာ နိုင်ကျဉ်းတွေကို ကူညီခဲ့


AAPP-B ပြခန်း
AAPP-B ပြခန်း

မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကူညီ စောင့်ရှောက်ပေးနေတဲ့ AAPP-B နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ကို နိုင်ငံရေး အခက်အခဲတွေကြားက ထိုင်း-မြန်မာ နယ်စပ်မှာ စတင် တည်ထောင်ခဲ့တယ်လို့ အဖွဲ့စတင်တည်ထောင်ခြင်း ၁၈ နှစ်ပြည့် အခမ်းအနားမှာ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

ဒီကနေ့ မြောက်ဒဂုံမြို့နယ်မှာ ကျင်းပတဲ့ အခမ်းအနားကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေအပြင် မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးမှာ တဒေါင့် တနေရာက ပါဝင်ခဲ့ကြတဲ့ တက်ကြွ လှုပ်ရှားသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ဒီအကြောင်း အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ထက်က သတင်း ပေးပို့ထားပါတယ်။

AAPP-B နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) ဟာ တချိန်က တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားခဲ့ကြတဲ့ စစ်တပ်နဲ့ အစိုးရအဆက်ဆက်တို့က တိုင်းပြည်အတွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေ မရှိဘူးလို့ ငြင်းဆိုနေတာကို ဆန့်ကျင်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အမှန်တကယ် ရှိနေတယ်ဆိုတာကို နိုင်ငံတကာ အသိအမှတ်ပြု လက်ခံလာအောင် ဖော်ထုတ်တဲ့နေရာမှာ အဓိက အခန်းကနေ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအဖွဲ့ဟာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ စာရင်းကို နှစ်စဉ် ပြုစုပြီး အစီရင်ခံစာ ထုတ်ပြန်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

သူတို့အဖွဲ့ကို နိုင်ငံရေး အခက်အခဲတွေကြားကဘဲ လိုအပ်ချက်အရ ထိုင်း-မြန်မာ နယ်စပ်မှာ စတင် ဖွဲ့စည်းခဲ့တဲ့အကြောင်း အဖွဲ့ စတင် ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်လို့ တွဲဘက် အတွင်းရေးမှူးတာဝန် ယူထားသူ ကိုဘိုကြည်က ပြောပါတယ်။

"ကျွန်တော်တို့ စပြီးတော့ ထူထောင်တဲ့ အချိန်မှာ အဲဒီတုန်းကတော့ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောရရင် နောက်တစ်ကြိမ် အဖမ်းခံရမှာ စိုးလို့ ၁၉၉၉ မှာ နောက်တစ်ကြိမ် ထွက်ပြေးသွားတယ်။ ထွက်ပြေးသွားတော့ ဟိုကိုရောက်တဲ့အချိန် ကျွန်တော်တို့တွေ ကိုယ်ကျွမ်းကျင်မှုက ဘာလဲ၊ ဟိုဘက်အခြေအနေက ဘာလဲ၊ ဘာတွေလုပ်သင့်တယ် ဆိုတာကို ကျန်တဲ့နယ်စပ်မှာရှိတဲ့ ကိုသောင်းထွန်းတို့၊ အဲဒီအချိန်တုန်းက ကိုမိုးသီးတို့၊ နောက် ကေအန်ယူက ခေါင်းဆောင်ပိုင်းတွေရော အကုန်လုံး ဝိုင်းပြီးအကြံပေးကြပါတယ်။ မင်းဇင်တို့ရော။ ပေးကြပြီးတဲ့ အခါမှာ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးလိုအပ်ချက် အဲဒီအချိန်က အဲဒီနိုင်ငံရေးလိုအပ်ချက်က နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတယ် ဆိုတာကို နိုင်ငံတကာက တော်တော်များများက မသိကြဘူး။ မသိကြဘူး ဆိုတဲ့အခါကျတော့၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ကိုယ်တိုင်က ဒီလိုမျိုး ကိစ္စမျိုးကို ဦးဆောင်ပြီး လုပ်မယ်ဆိုလို့ရှိရင် နိုင်ငံတကာက ဒီကိစ္စကို ပိုပြီးစိတ်ဝင်စားနိုင်တယ်။ အဲဒီလို စိတ်ဝင်စားလာရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲအတွက် ဒီစစ်အစိုးရကို ဖိအားတွေ ပေးလာနိုင်တယ်။ ဒီနိုင်ငံရေး ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့က ဒီဟာကိုစပြီး ထူထောင်ခဲ့တာ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံအတွင်း ပြုပြင် ပြောင်းလဲရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေကို ဖော်ဆောင်တဲ့နေရာမှာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခန်းကဏ္ဍကိုလည်း ပစ်ပယ်ထားလို့ မရနိုင်တဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဦးကိုကိုကြီးက ပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားအကြောင်း ပြောပေမဲ့ ဒီထက်လေးနက်တဲ့ ခေါင်းစဉ်ကို ပြောပါဆိုရင်တော့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ကျွန်တော်တို့ပြောရမယ် Transitional Justice သူက ဒီဟာကို မဖြတ်သန်းဘဲနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာကို ပြည့်စုံတဲ့ ချဉ်းကပ်မှု မဖြစ်နိုင်ဘူး။ ဆိုတော့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလို့ ပြောရင် ဒီနိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ ဘဝပြန်လည်ထူထောင်ရေး ကိစ္စ အနိမ့်ဆုံးအဆင့် သူတို့ကို လူ့အဖွဲ့အစည်းက အသိအမှတ်ပြုဖို့၊ တန်ဖိုးထားဖို့၊ ဘာကြောင့်လဲဆိုတော့ သူတို့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားကြောင့် မဟုတ်ဘဲနဲ့ နိုင်ငံရဲ့ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်တွေ ပြောင်းလဲဖို့ အတွက် သူတို့ဘဝတွေကို ပေးဆပ်ခဲ့တယ်၊ စွန့်လွှတ်ခဲ့တယ်။ ဆိုတော့ အဲဒါကို ဒီလူ့အဖွဲ့အစည်းက မသိကျိုးကျွန်ပြုထားမယ် ဆိုရင် ဒါက Civilize ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းလို့ လို့ပြောရမှာတောင် ခက်တယ်။"

အသွင်ကူးပြောင်းရေးကာလမှာ ဒီကိစ္စဟာ မဖြစ်မနေ ဖြတ်သန်းရမှာ ဖြစ်ကြောင်းလည်း ဦးကိုကိုကြီးက ပြောပါတယ်။ ဒါ့အပြင် တိုင်းရင်းဒေသတွေမှာ ပြည်တွင်းစစ်ကြောင့် အတိဒုက္ခရောက်ခဲ့ကြတဲ့ တိုင်းရင်းသား ပြည်သူတွေကိုလည်း နိုင်ငံတော်က အသိအမှတ်ပြုသင့်တယ်လို့ သူက ပြောပါတယ်။

လက်ရှိအချိန်မှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း အများစုဟာ တကွဲ တပြားစီ ဖြစ်နေကြတာကြောင့် မပြီးပြတ်သေးတဲ့ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်တွေမှာ သူတို့တွေရဲ့ အားတွေကို စုစည်းပြီး အသုံးချသင့်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း နောက်တဦးဖြစ်သူ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောပါတယ်။

"ဒီ AAPP ရဲ့ အလုပ်တွေထဲမှာ ဘဝကိုပြန်လည်ထူထောင်တဲ့ အလုပ်လည်းပါသင့်သလို အဲလိုနာထူလာတာနဲ့အမျှ အဲဒီလူတွေရဲ့ တန်ဖိုးတွေ ဒီပြည်ထောင်စု ပြန်ပြီးတည်ဆောက်နေတဲ့ အချိန်မှာ အဲဒီလူတွေဟာ တန်ဖိုးရှိနေတုန်းပဲဆိုတာကို ကျွန်တော်တို့ပြနိုင်အောင်လို့ ကြိုးစားပေးစေချင်ပါတယ်။"

AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ဟာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အရင် စစ်အာဏာရှင် လက်ထက်ကတည်းက လျှို့ဝှက်စွာ ထောက်ပံ့ ကူညီပေးခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို တခြား နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီ ပေးနေတဲ့ အဖွဲ့အစည်းတွေနည်းတူ ဆက်လက်ပြီး အကူအညီတွေ ပေးနေပါတယ်။

ဒီကနေ့ ကျင်းပတဲ့ AAPP ရဲ့ ၁၈ နှစ်ပြည့် အခမ်းအနားကို နိုင်ငံရေးအသိုင်းဝိုင်းနဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အပါအဝင် နိုင်ငံရေးကို စိတ်ဝင်စားတဲ့ ဧည့်ပရိတ်သတ်တွေ တက်ရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG