သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေမြုပ်မိုင်း အန္တရာယ်ကင်းရှင်းဖို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အရေးပါ


အန္တရာယ်သတိပေး မြေမြုပ်မိုင်းနယ်မြေ။
အန္တရာယ်သတိပေး မြေမြုပ်မိုင်းနယ်မြေ။
ဒီကနေ့ဟာ မြေမြှုပ်မိုင်းနဲ့ ပတ်သက်တဲ့ နိုင်ငံတကာအသိမြှင့်တင်ရေးနေ့ ဖြစ်ပေ မဲ့လို့ မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေ မှာတော့ မြေမြှုပ်မိုင်းနဲ့ အန္တရာယ် နဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေ အားနည်းနေဆဲလို့ တိုင်းရင်းသား အဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းအန္တရာယ် ကင်းရှင်းဖို့ဆိုရင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲနိုင်ဖို့ အရေးကြီးသလို - အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ
အကြား တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲပြီးသည့်တိုင်အောင် - ဒီမြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဒုက္ခသည်တွေအနေနဲ့ အိမ်ပြန်နိုင်ဖို့ရာ အလှမ်းဝေးဆဲ ဆိုတဲ့ အခြေအနေကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

တိုင်းရင်းသားဒေသတခုဖြစ်တဲ့ ကရင်ပြည်နယ်မှာဆိုရင် ပြီးခဲ့တဲ့နှစ် ကစလို့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အရေအတွက် လျော့ကျ လာတယ် လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောဆိုပါတယ်။ ဒါပေမဲ့ လည်း ကရင်ပြည်နယ်အတွင်း မြန်မာအစိုးရစစ်တပ် အပါအဝင် ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေက ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေ နေရာ အနှံ့မှာရှိနေပြီး - ဒီမြေမြှုပ်မိုင်းတွေ ရှင်းလင်းရေးကိစ္စ အခုချိန်ထိ အကောင်အထည် မဖော်နိုင် သေးဘူးလို့ KHRG ရဲ့ ကွင်းဆင်း ညွှန်ကြားရေးမှူး စောအဲလ်ဘတ် က ပြောဆိုပါတယ်။

"ပြောရမယ်ဆိုလို့ ရှိရင် ၂၀၁၃ ဟာ မြေမြှုပ်မိုင်းကြောင့် ထိခိုက် ဒဏ်ရာရတဲ့ ပြည်သူလူထုက နဲနဲလျော့လာတယ်။ ၂၀၁၂ နဲ့ ၂၀၁၃ ယှဉ်လိုက်လို့ရှိရင်ပေါ့နော်။ ဒါပေမဲ့ အခုလောလောဆယ် ၂၀၁၄ ထဲမှာတော့ ကျနော်တို့က မြေမြှုပ်မိုင်းနဲ့ ပါတ်သက်ပြီးတော့ ထိခိုက် ဒဏ်ရာရတဲ့ ပြည်သူလူထုတွေ အချက်အလက် ရထားတာတော့ မရှိသေးဘူး။ အခုလက်ရှိ အထိပေါ့နော်။ အရင်တုန်းက အခြေအနေနဲ့ စာလို့ ရှိရင်တော့ မြေမြှုပ်မိုင်း နဲ့ ပါတ်သက်ပြီးတော့ ၂၀၁၃ နဲ့ ၂၀၁၄ ပေါ့နော် တော်တော်လေး ကောင်းလာတယ်လို့တော့ ထင်တာပဲ။ ဒါပေမဲ့ အန္တာရယ်ကတော့ ရှိနေတုန်းပဲပေါ့နော်။ ဘာဖြစ်လို့လည်းဆိုလို့ ရှိရင် အရင်ကမြှုပ် ထားတဲ့ မြေမြှုပ်မိုင်းတွေ ကို သေသေချာချာ ရှင်းလင်းဖို့လိုအပ်သေးတယ်။"

ဒီမြေမြှုပ်မိုင်းတွေ ရှင်းလင်းဖို့ဆိုရင် တဖွဲ့ချင်းစီ လုပ်ဆောင်လို့မရဘဲ - ကိုယ်ထောင်ခဲ့တဲ့ မိုင်းနေရာတွေကို ပြန်ရှာရှင်း လင်းဖို့အတွက်က အဖွဲ့အားလုံးရဲ့ ပူးပေါင်းလုပ်ဆောင်မှု လိုအပ်ပြီး၊ နိုင်ငံတကာရဲ့ ကျွမ်းကျင်မှု နည်းပညာ အကူအညီ တွေလည်း လိုအပ်တယ် လို့ စောအဲလ်ဘတ် က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းကတော့ ကရင်လက်နက်ကိုင် အဖွဲ့တွေ စုပေါင်းပြီး မိုင်းရှင်းလင်းရေးအစီအစဉ်တွေကို လုပ်ဆောင်ခဲ့ကြ ပါသေးတယ်။ ဒါပေမဲ့ မိုင်းရှင်းလင်းသူတွေ မြေမြှုပ်မိုင်း ပေါက် ကွဲပြီး ထိခိုက်သေဆုံးမှုတွေ ဖြစ်ခဲ့တဲ့အတွက် ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိကြဘူးလို့ ဆိုပါတယ်။

မြေမြှုပ်မိုင်းနဲ့ ပတ်သက်လို့ နိုင်ငံတကာက ထုတ်ပြန်တဲ့ အစီရင်ခံစာတွေ မှာတော့ မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းအသုံးပြုမှု မြင့်မားဆဲ နိုင်ငံအဖြစ် သတ်မှတ်ခံထားရတာပါ။ ဒီမြေမြှုပ်မိုင်းကို အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ချည်း အသုံးပြုနေတာမဟုတ်ဘဲ ဒေသခံလူထုကလည်း သူတို့ရပ်ရွာလုံခြုံရေးအတွက် အသုံးပြုနေကြတယ်လို့ KHRG က ပြောပါတယ်။

တကယ်တော့ ဒီကနေ့ဟာ မြေမြှုပ်မိုင်းနဲ့ပတ်သက်တဲ့ နိုင်ငံတကာ အသိမြှင့်တင်ရေးနေ့ပါ။ ဒါပေမဲ့လည်း တိုင်းရင်းသား ဒေသတွေ မှာတော့ မြေမြှုပ်မိုင်းနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေ အားနည်းနေဆဲပဲလို့ စောအဲလ်ဘတ် က ပြောဆိုပါတယ်။

ဒါ့အပြင် အခုလို မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းအန္တရာယ် ကင်းရှင်းဖို့ ဆိုရင်တော့ ပြည်တွင်းစစ်မီး ငြိမ်းဖို့က အရေးကြီးဆုံးပဲလို့ KHRG ရဲ့ ကွင်းဆင်းညွှန်ကြားရေးမှူး စောအဲလ်ဘတ် က အခုလို ပြောပါတယ်။

"အဓိကလိုအပ်ချက်က အခုလက်ရှိ အပစ်အခတ်ရပ်စဲရေး ပေါ့ တိုင်းရင်းသား လက်နက်ကိုင် နဲ့ နိုင်ငံတော်အစိုးရကြားမှာ လုံးဝအပစ်အခတ် ရပ်စဲသွားပြီဆိုရင်တော့ မြေမြှုပ်မိုင်း ရှင်းလင်းရေးကို စလို့ရပြီ။ စတဲ့အခါမှာလည်း Technical အပိုင်းနဲ့ ပါတ်သက်ပြီးတော့ပေါ့။ နည်းပညာ နဲ့ ယန္တယားတွေအားလုံး အဓိကလိုအပ်လာပြီပေါ့နော်။ ဒါပေမယ့် အခုလက်ရှိ အခြေအနေမှာကျတော့ မြေမြှုပ်မိုင်းစပြီးရှင်းမယ်ဆိုလို့ရှိရင် ကျနော်အသေအချာပြောနိုင်ပါတယ်။ သူများရှင်းပြီးရင် ထပ်ထောင်မယ့် လူတွေကလည်း ရှိနေမှာပဲဆိုတော့ သံသရာလည်နေမှာပေါ့။ အဲလိုမျိုးလေ"

ကချင်ပြည်နယ်မှာတော့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိနေဆဲဖြစ်ပြီး လူထုကိုလည်း မြေမြှုပ်မိုင်းနဲ့ ပတ်သက် တဲ့ သတိပေးမှုတွေကိုသာ လုပ်ဆောင်နိုင်သေး တယ်လို့ မြန်မာအစိုးရနဲ့ တိုက်ပွဲတွေဖြစ်နေဆဲ ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ရဲ့ လိုင်ဇာအခြေစိုက် ဒုက္ခသည်ရေးရာကော်မတီမှ ဦးဒွဲပီဆာ က ပြောပါတယ်။

ဒါ့အပြင် နှစ်ဘက် တိုက်ပွဲတွေ ကြောင့် ထွက်ပြေးကြရတဲ့ IDP ဒုက္ခသည်တွေ အနေနဲ့လည်း ပြည်တွင်းစစ် ချုပ်ငြိမ်းသည့် တိုင်အောင် မြေမြှုပ်မိုင်းကြောင့် အိမ်ပြန်ဖို့ရာ မလွယ်သေးဘူးလို့ ဦးဒွဲပီဆာ က အခုလို ပြောပါတယ်။

"ကျနော်တို့ IDP စစ်ပြေးဒုက္ခသည်တွေကို ကျနော် ပညာပေးထားတာတော့ အခု ကိုယ့်ဒေသ ကိုယ့်ရပ်ရွာမှာ စစ်ရေးအရ လုံခြုံ မှု ဖြေရှင်းလို့မရသေးတဲ့ အတွက်ကြောင့်မို့ လုံခြုံ ုမှုမရှိဘူး။ ဒါကြောင့်မို့ ကိုယ့်ဒေသကို ကိုယ့်သဘောဆန္ဒနဲ့ သွား လာ ထွက် စတာ မလုပ်ရဘူး။ ပြဿ နာ ဖြစ်နိုင်တယ်ဆိုပြီးမှ ကျနော်တို့က အဲ့ဒီလို အကြံပြုထားတယ်လေ။ အကယ်၍များ ဒီ လက်မှတ်ရေးထိုးပြီ ဆိုပေမယ့် ချက်ချင်း ကိုယ့်သဘော ကိုယ့်ဆန္ဒ နဲ့ ပြန်လို့တော့မရဘူး။ သူတို့ အကယ်၍များ သူတို့ သဘောတူညီချက် ရရှိပြီဆိုရင် မိုင်းရှင်းတာကို အရင်ပြီးမှ ပြည်သူလူထုက ခွင့်ပြုနိုင်မယ့် အခြေအနေဖြစ်တယ်။"

လောလောဆယ်မှာတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေး အတွက် စာချုပ်မူကြမ်း ကို ရေးဆွဲနေကြ တာပါ။ မနက်ဖြန် ဧပြီလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ နှစ်ဘက်ရေးဆွဲထားတဲ့ မူကြမ်းတွေကို မူကြမ်း တစ်ခုတည်း ဖြစ်ပေါ်လာရေး ဆက်လက်ဆွေးနွေး ကြဖို့အတွက် ရန်ကုန်မှာ တွေ့ဆုံကြဖို့ရှိပါတယ်။
XS
SM
MD
LG