(Zawgyi/Unicode)
စနေနေ့ကလုပ်တဲ့ တိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Tsai Ing-wen ဟာ ထောက်ခံမဲအရေအတွက် ၅၇% ကျော် နဲ့ အပြတ်အသတ် အနိုင်ရသွားပါတယ်။
ရွေးကောက်ပွဲအနိုင်ရတယ်လို့ သိရပြီးတဲ့နောက် စနေနေ့က ထောက်ခံသူတွေကို မိန့်ခွန်းပြောတာမှာ သမ္မတ Tsai က တရုတ်နဲ့ တိုင်ဝမ်အကြား ငြိမ်းငြိမ်းချမ်းချမ်းရှိနေတဲ့ အနေအထားကို ဆက်ထိန်းသိမ်းဖို့ တရုတ်နိုင်ငံကို တိုက်တွန်းသွားပါတယ်။
ဒါ့အပြင် တိုင်ဝမ်ကို တန်းတူညီမျှ သတ်မှတ် ဆက်ဆံတာမျိုး တရုတ်က မလုပ်ဘူးဆိုရင် အမျက်ထွက်နေတဲ့ တရုတ်တာဝန်ရှိသူ တွေနဲ့ သူ့အစိုးရ ဆွေးနွေးပြောဆိုမယ်လို့လည်း ပြောပါတယ်။
“တရုတ်နဲ့ဆက်ဆံရေးကို လူအများစုထောက်ခံတဲ့ သဘောထားအရ သမ္မတအနေနဲ့ ကျမ ကိုင်တွယ်ရပါမယ်၊ မတင်မကျ အခြေ အနေကိုကျော်လွန်ပြီး ရေလက်ကြား ဟိုဘက်ဒီဘက်ဆက်ဆံရေး တိုးတက်စေဖို့ ကျမ အစွမ်းကုန် လုပ်ဆောင်သွားပါမယ်” လို့ တိုင်ပြေမို့တော်က သူ့ရဲ့မဲဆွယ်စည်းရုံးရေးဌာနချုပ် အပြင်ဘက်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ Tsai က ပြော ပါတယ်။
တရုတ်က တိုင်ဝမ်ကျွန်းကို သူပိုင်အဖြစ် သတ်မှတ်ထားပြီး လိုအပ်ရင် အင်အားသုံးပြီး ပြန်ရယူမယ်လို့ ခြိမ်းခြောက်ထားတာပါ။ တရုတ်သမ္မတ Xi Jingping ကိုယ်တိုင်က သူ့အနေနဲ့ ငြိမ်းချမ်းတဲ့အဖြေတခုကို ပိုလိုလားတယ်လို့ လွန်ခဲ့တဲ့တနှစ်မှာ ပြောခဲ့ချိန်နဲ့ တပြိုင်ထဲမှာပဲ လိုအပ်ရင် အင်အားသုံး ရယူမယ်ဆိုတာ ထပ်ပြီး ခြိမ်းခြောက်ပြောဆိုခဲ့ပါသေးတယ်။
Tsai Ing-wen ဟာ သူ့ရဲ့အဓိကပြိုင်ဘက်ဖြစ်သူ၊ တရုတ်နဲ့ အနီးကပ်ဆက်ဆံရေးလိုလားတဲ့ Koumintang (KMT) ပါတီက Han Kuo-yu ကို မဲအရေအတွက် ၂.၆ သန်းကျော်အသာ၊ စုစုပေါင်း ထောက်ခံမဲအရေအတွက် ၈ သန်းကျော်နဲ့ အနိုင်ရတာပါ။
ဒါဟာ တိုင်ဝမ်မှာ သမ္မတကို တိုက်ရိုက်ရွေးကောက်တင်မြှောက်တဲ့ ၁၉၉၆ ခုနှစ်ကတည်းကစလို့ ရွေးကောက်ပွဲ အနိုင်ရခဲ့ဖူးတဲ့ ဘယ်သမ္မတထက်မဆို ပိုများတဲ့ ထောက်ခံမဲအရေအတွက်ဖြစ်ပါတယ်။
--------------------------------
(Unicode)
တိုငျဝမျသမ်မတရှေးကောကျပှဲ လကျရှိသမ်မတ အနိုငျရ