သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စုံစမ်းရေးကော်မရှင် အခြေအနေမှန် စုံစမ်းနိုင်ကိန်း ဘယ်လောက်ရှိ


လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ နဲ့အဖွဲ့ မောင်တောမြို့ခံတွေကို သွားရောက်တွေ့ဆုံ မေးမြန်းစဉ်။ (ဓာတ်ပုံ-MOI)
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ နဲ့အဖွဲ့ မောင်တောမြို့ခံတွေကို သွားရောက်တွေ့ဆုံ မေးမြန်းစဉ်။ (ဓာတ်ပုံ-MOI)

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့ ကို လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ နဲ့အဖွဲ့ သွားရောက်ပြီး အဲ့ဒီ့ဒေသထဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိ-မရှိ ဒေသခံတွေ ကို သီးသန့် မေးမြန်းစုံစမ်းခဲ့တယ်လို့ အတူလိုက်ပါသွားတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကပြောပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ်ရှိခဲ့တဲ့အတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာ ဥပဒေနဲ့ အညီ စုံစမ်းအရေးယူအပြစ်ပေးဖို့ နိုင်ငံတကာနဲ့ ကုလကနေ တိုက်တွန်းနေချိန်မှာပဲ အခုလိုအစိုးရကဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် ရခိုင်မောင်တောကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ကြတာပါ။ လုံခြုံရေးအတွက် စိုးရိမ်နေကြဆဲမို့လို့ ဒေသခံတွေက အဖြစ်မှန်တွေကို ရဲရဲတင်းတင်း မပြောရဲကြဘူးလို့ မောင်တောဒေသခံကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က အပြည့်အစုံ တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်တိုက်ခိုက်မှုအပြီး မြန်မာအစိုးရတပ်တွေနဲ့ လုံခြုံရေးတပ်တွေဘက်က နယ်မြေရှင်းလင်းရေး လုပ်ရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ်ရှိခဲ့တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာရဲ့ အစီရင်ခံစာတွေနဲ့ ဖိအားပေးပြောဆိုလာချိန်မှာပဲ ဒီ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ဆိုပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ရက်နေ့က ဖိလစ်ပိုင်နိုင်ငံက ဒု နိုင်ငံခြားရေး ဝန်ကြီးဟောင်း သံအမတ်ကြီး ရိုဆာရီယို မယ်နာလို ဦးဆောင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်တာဖြစ်ပါတယ်။ စုံစမ်းစစ်ေဆေးရေး ကော်မရှင်ဖွဲ့စည်းပြီး တလကြာမြင့်ချိန် မနေ့ သြဂုတ်လ ၃၁ရက်နေ့မှာ အဲ့ဒီ့ကော်မရှင်ရဲ့ ပထမဆုံးအကြိမ် ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင်ဦးဆောင်တဲ့အဖွဲ့ရဲ့ မောင်တောခရီးစဉ်မှာ မောင်တောဒေသခံပြည်သူတွေဖြစ်တဲ့ မူဆလင်၊ ရခိုင် ဟိန္ဒူဘာသာဝင်တွေနဲ့ ဌာနေတိုင်းရင်းသားတွေကို တွေ့ဆုံခဲ့တာပါ။ခရီးစဉ်မှာ အတူလိုက်ပါသွားခဲ့တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ဗွီအိုအေမြန်မာပိုင်းကို ဒီခရီးစဉ်အကြောင်း အခုလိုပြောပြပါတယ်။

“မနေ့ကတော့ ကျနော်တို့ ဒီကော်မရှင်အဖွဲ့နဲ့ စစ်တွေကနေပြီးတော့မှ ငါးခူရကိုသွားတယ်။ ငါးခူရ ပြန်လည် လက်ခံရေးစခန်းလေ ၊ပြန်လည်လက်ခံရေးကိစ္စတွေကို ဝန်ကြီးဌာန အသီးသီး ကနေပြီးတော့မှ ဆောင်ရွက်ထားတဲ့ အခြေအနေတွေကို ကျနော်တို့ကို ရှင်းပြတယ်။ လဝကရှိတယ်၊ ထွေအုပ်ရှိတယ်။နောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရှိတယ် စသည်ဖြင့်ပေါ့လေ၊ ရှင်းပြပြီးတာနဲ့ အဲဒီအဖွဲ့က ငါးခူရကျေးရွာမှာရှိတဲ့ အုပ်ချုပ်ရေးရုံးမှာ ငါးခူရကျေးရွာမှာ နေထိုင်နေတဲ့ ရခိုင်တိုင်းရင်းသားတွေရယ်၊ မွတ်ဆလင်ရယ်၊ ဟိန္ဒူရယ်- အသိုက်အဝန်း သုံးခုနဲ့ ကျနော်တို့ တွေ့ပါတယ်။ တွေ့ပြီးတော့မှ အတူ ပူးပေါင်း ယှဉ်တွဲနေထိုင်ရတဲ့ အနေအထားတွေရယ်၊ လက်ရှိ ဘယ်လို အနေအထားမျိုးရှိသလဲပေါ့။ လက်ရှိ နေရထိုင်ရတာ၊ လုပ်ရကိုင်ရတာ- ဒါတွေကို ကျနော်တို့ သူတို့ကို စုံစမ်းတယ်၊ မေးမြန်းတယ်။ နောက်တခုက မေးမြန်းတဲ့အခါမှာလည်း လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရမှု ရှိသလားပေါ့၊ အဲဒါနဲ့ပတ်သက်လို့လည်း ကျနော်တို့မေးပါတယ်။ စုံစမ်းပါတယ်။”

စုံစမ်းရေးကော်မရှင်အဖွဲ့ဟာ ငါးခူရပြန်လည်လက်ခံရေးစခန်း၊ ငါးခူရ ပြန်လည်လက်ခံရေးစခန်း ပြင်ဆင်ထားရှိတဲ့အခြေအနေ၊ နောက် ငါးခူရကျေးရွာ ဒေသခံ ရွာသူ၊ ရွာသားတွေနဲ့တွေ့ဆုံခဲ့သလို ကိုင်းကြီး(မြို) ကျေးရွာ၊ ရွှေဇားကျေးရွာ၊ ပန်းတောပြင်ကျေးရွာတွေကိုလည်း သွားရောက်ခဲ့ပြီး ဒေသခံပြည်သူတွေကို တွေ့ဆုံခဲ့ကြတာပါ။ ARSA ရဲ့ တိုက်ခိုက်မှုနောက်ပိုင်း နယ်မြေရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိ-မရှိ ဆိုတာကိုလည်း ကော်မရှင်က သီးသန့်တွေ့ဆုံမေးမြန်းခဲ့တယ်လို့ လူကယ်ပြန်ဒုဝန်ကြီး ဦးစိုးအောင်ကပြောပြပါတယ်။

“လွတ်လွတ်လပ်လပ် နဲ့ စုံစမ်းမေးမြန်းကြတယ်။ သူတို့ - ပါလာတဲ့ လေးယောက်စလုံးက လိုအပ်ချက်တွေမေးတယ်၊ ခံစားမှုတွေကို ပြောပြခိုင်းတယ်။ ဒီဒေသခံပြည်သူတွေက နေပြီးမှ အဲဒီမှာနေထိုင်တဲ့သူတွေက နေပြီးတော့မှ သူတို့ရဲ့ ရင်ထဲမှာဖြစ်ပေါ်နေတဲ့ အနေအထားတွေကို ရှင်းပြတယ်။ အဲဒီတော့ ဘာဖြစ်သလဲ ဆိုလို့ရှိရင် သူတို့အနေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ညှင်းပမ်းနှိပ်စက်မှုတွေ၊ ချိုး ဖောက်မှုတွေရှိသလားလို့ မေးတဲ့အခါမှာ သူတို့ဆီမှာတော့ မရှိဘူးလို့ ဖြေတယ်။ နောက် အဲ့ဒီ့ ဥက္ကဋ္ဌလုပ်တဲ့ ဖိလစ်ပိုင် သံအမတ်ကြီး ဟောင်းကလည်း ၊ အဲဒီအမျိုးသမီးကြီးကလည်း သူက အရင်က ဆီဒေါ မှာ လုပ်ခဲ့တာကိုးဗျ။ အဲဒီတော့ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ရှိရင်လည်း သူလည်း ဒါ သိတဲ့အခါကျတော့ အမျိုးသမီးတွေ အပေါ်မှာ Abuse လုပ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့လည်း မေးပါတယ်။ ကျနော်တို့ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လုပ်သလား၊ ဆိုတာမေးတယ်။ အသက်ဆုံးရှုံးသွားတဲ့ ကျန်ရစ်တဲ့မိသားစုဝင်တွေနဲ့လည်း ကျနော်တို့တွေ့ တယ်။ တွေ့တော့ အလုပ်ခံရတာတွေ သူတို့ ပြောပြတာပေါ့ဗျာ။ တနှစ်ပြည့်သွားတဲ့ အချိန်တုန်း ကလည်း၊ တနှစ်ပြည့်ခါနီးအချိန်တုန်းကလည်း- လာအုံးမယ်ဟ- အဲဒီအနေအထားလေးတွေ ကြားရတယ်၊ အဲလိုဆိုတဲ့အခါကျတော့ သူတို့မှာက စိုးရိမ်စိတ်ကတော့ ရှိနေတာကိုး။ ဘယ်နေရာ ကနေ ထွက်ပေါ်လာမလဲ ဆိုတာ မသိဘူးဖြစ်နေတာပေါ့။ ”

ဒီလိုစစ်တပ်နဲ့ ရဲလုံခြုံရေးတွေဘက်က နယ်မြေရှင်းလင်းမှုတွေမှာ မူဆလင် ကျေးရွာပေါင်းများစွာ မီးရှို့ဖျက်ဆီးခံခဲ့ရတာတွေ သတ်ဖြတ်ခံရတာတွေဒေသခံတွေ အသက်လု ထွက်ပြေးခဲ့ကြရ တာတွေကို ကိုယ်တိုင်မျက်မြင်ကြုံတွေခဲ့ရသူ သက်သေတွေ များစွာကျန်ရှိသေးပါတယ်လို့လည်း မောင်တောနေ မူဆလင်တွေကပြောပါတယ်။ ဒါပေမဲ့လို့ ဒီလိုစုံစမ်းရေးကော်မရှင်- ကော်မတီတွေ လာရောက်တွေ့ဆုံ မေးမြန်းချိန်မှာတော့ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာအခြေအနေမှာရှိလို့ အခြေအနေမှန်ကို အများစုက မပြောရဲကြဘူးလို့ မောင်တောမြို့က မြို့သူကြီး ကျေးရွာသား ဦးလှထွန်းကပြောပြပါတယ်။

“လာပြီးလို့ သူတို့ ပြန်သွားမှပဲ သိရတယ်။ ပြီးတော့သူတို့ သွားတဲ့နေရာတွေမှာလည်း ကျနော်တို့ လူတွေ သိပ်ရှိတာမဟုတ်ဘူး၊ ရှိတဲ့လူတွေကလည်း ရှေ့ထွက်ပြီးတော့ ဘယ်သူမှ မပြောရဲဘူး။ ဘာလို့လဲဆိုတော့ ဒီမှာက ကော်မရှင် တွေ့တိုင်း တွေ့တိုင်း အဲ့ဒီ့ကော်မရှင်နဲ့အတူ အစိုးရကလူတွေပါလာတယ်။ ဆိုတော့ ကျနော်တို့က အာဏာပိုင်တွေရဲ့အရှေ့မှာ ဘယ်သူမှ ကိုယ်ခံရတဲ့ဟာတွေကို ထုတ်မပြောရဲဘူး။ ဘာလို့လဲဆိုတော့ ကော်မရှင်က မေးပြီးတော့ ပြန်သွားမယ်၊ ဒီမှာ အမှန်တရားကို ထုတ်ဖော်ပြောတဲ့လူက နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ခံရနိုင်တယ်။ အရင်ကလည်း အဲလိုပြောလို့ ဒီနိုင်ငံထဲကနေ ထွက်ပြေးရတဲ့လူတွေ အများကြီးရှိတယ်၊ ကျနော်တို့မှာ။ ဆိုတော့ ဘယ်သူပဲလာလာ ကျနော်တို့က တွေ့ပြီးတော့ မပြောရဲဘူး။”

နိုင်ငံတကာနဲ့ ကုလသမဂ္ဂက ရိုဟင်ဂျာဒုက္ခသည်တွေလို့ခေါ်ဝေါ်ပြီး အစိုးရက မူဆလင် ဒုက္ခသည်တွေလို့ သုံးနှုန်းတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေး ရခိုင်မြောက်ပိုင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ဆိုပြီး ရခိုင်ပြည်နယ်တွင်း လွတ်လပ်တဲ့စုံစမ်းရေးအဖွဲ့တွေ ဝင်ရောက်ခွင့်ရဖို့ တောင်းဆိုနေကြပေမဲ့ အစိုးရကတော့ ငြင်းဆန်ထားတာဖြစ်ပါတယ်။ သွားရောက်ခွင့်ရတဲ့ အစိုးရကဖွဲ့ပေးထားတဲ့ ကော်မရှင်အဖွဲ့ဟာ ရခိုင်ခရီးစဉ် မစတင်ခင် ကြာသပတေးနေ့တုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံခဲ့သလို ဗုဒ္ဓဟူးနေ့ကတော့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ ဒုတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်းတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အစိုးရက ဖွဲ့စည်းပေးလိုက်တဲ့ လွတ်လပ်သောစုံစမ်းရေးကော်မရှင်အဖွဲ့မှာ ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီမား၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဌဟောင်း ဦးမြသိန်းနဲ့ ယူနီဆက်ဖ်နဲ့ ကုလသမဂ္ဂဝန်ထမ်း ကောလိပ် ကျောင်းအုပ်ကြီးဟောင်း ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်တို့နဲ့ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG