သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ကိုယ်ရေးအချက်အလက် အိန္ဒိယအစိုးရ စကောက်


အိန္ဒိယနိုင်ငံအတွင်း ရောက်နေကြတဲ့ ရိုဟင်ဂျာတွေရဲ့ Biometric လက်ဗွေရာ အပါအဝင် ကိုယ်ရေးအချက်အလက်တွေကို ကောက်ယူပြီး ဗဟိုအစိုးရထံ တင်ပြကြဖို့ ပြည်နယ်အားလုံးကို ညွန်ကြားချက် ထုတ်ပြန်ထားကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး Rajnath Singh က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။ တင်ပြလာတဲ့ အချက်အလက်တွေကို စုဆောင်းပြီးတဲ့နောက်မှာ ဘယ်လို လုပ်ဆောင်သင့်တယ် ဆိုတာကို မြန်မာအစိုးရနဲ့ သံတမန်ရေး လမ်းကြောင်းကနေ ဆွေးနွေးသွားမယ်လို့ဆိုပါတယ်။

အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသကနေ Kerala ပြည်နယ်ထဲကို မီးရထားတဲ့ ရိုဟင်ဂျာတွေ သွားနေကြောင်း အိန္ဒိယ မီးရထား လုံခြုံရေးတပ်ဖွဲ့ RPF က ပြီးခဲ့တဲ့ သီပတ်အတွင်း သတိပေးချက် ထုတ်ပြန်ပြီးတဲ့နောက်မှာ အခုလို ကိုယ်ရေးအချက်အလက်တွေ စုဆောင်းဖို့ ညွန်ကြားချက် ထုတ်ပြန်လိုက်တာ ဖြစ်ကြောင်း အနောက်ဘင်္ဂလားပြည်နယ်၊ ကာလကတ္တားမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း ပြည်ထဲရေးဝန်ကြီးက အဲဒီလို ပြောကြားလိုက်တာပါ။ ရိုဟင်ဂျာတွေအရေးနဲ့ပတ်သက်လို့ စိုးရိမ်မှုရှိနေတဲ့ ပြည်နယ်တချို့က အဆင့်မြင့် အရာရှိကြီးတွေအပါအဝင် ဗဟိုအစိုးရ ပြည်ထဲရေးကြီးတို့ကို အနောက်ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ် Mamata Banerjee က ဦးဆောင်ပြီး ဆွေးနွေးပွဲ ကျင်းပခဲ့တာပါ။

ရိုဟင်ဂျာတွေနဲ့ဆိုင်တဲ့ လုံခြုံရေးအရ စိုးရိမ်မှု ထွက်ပေါ်နေတာကို သူ့အနေနဲ့ နားလည် သဘောပေါက်ကြောင်းလည်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် မိသားစုတွေဟာ အသုတ်လိုက် ရထားနဲ့ သူတို့ပြည်နယ်တွေဘက်ကို ဦးတည် သွားနေကြကြောင်း RPF အဖွဲ့က အိန္ဒိယနိုင်ငံတောင်ပိုင်း ပြည်နယ်ကို သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ရိုဟင်ဂျာတွေဟာ အရှေ့မြောက်ပြည်နယ်ဖြစ်တဲ့ အာသံနဲ့ အရှေ့ပိုင်း ပြည်နယ်ဖြစ်တဲ့ အနောက်ဘင်္ဂလားပြည်နယ်တို့ကနေ Kerala နဲ့ Tamil Nadu ပြည်နယ်တွေကို ဦးတည်သွားနေတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံအတွင်းက UNHCR ဒုက္ခသည်များဆိုင်ရာ ကုသလမဂ္ဂ မဟာမင်းကြီးရုံးမှာ မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၄,၀၀၀ လောက်ရှိနေတယ်လို့ ခန့်မှန်းထားကြပြီး တခြား ၄,၀၀၀ လောက်ဟာလည်း တရားမဝင် နေထိုင်နေကြတယ်လို့ ဆိုပါတယ်။ လက်ရှိ အာဏာရ BJP ပါတီဝင် ပြည်နယ်တချို့ရဲ့ ဝန်ကြီးချုပ်တွေနဲ့ တခြား ထိပ်တန်းအရာရှိတွေကလည်း ရိုဟင်ဂျာတွေ အိန္ဒိယနိုင်ငံအတွင်း ဝင်ရောက်လာနေတာကြောင့် လုံခြုံရေးအရ စိုးရိမ်မှုရှိကြောင်း ထုတ်ဖော် ပြောဆိုတာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG